[Zawgyi]
တစ်ဖန်ပြန်ရောက်လာတဲ့ ရက်သတ္တပတ်တွေရဲ့ ပထမဆုံး တနင်္လာနေ့ရဲ့ မနက်ခင်းလေးတစ်ခု။ လင်းသွေးရဲ့ ပထမဆုံး ရုံးတက်ရမယ့်ရက်မလို့ နာရီနှိုးစက်ကနေ အသံမြည်တာနဲ့တစ်ပြိုင်နက်တည်း အိပ်ယာထကာ ရေမိုးချိုးပြီးလို့ ယူနီဖောင်းပင် သပ်သပ်ရပ်ရပ်ဝတ်ပြီးနေပြီဖြစ်သည်။ ရုံးတက်ရမယ့် ပထမဆုံးရက်မလို့ လင်းသွေးစိတ်လှုပ်ရှားပြီး တက်ကြွနေတာကတော့အမှန်။ အခန်းထဲကနေ ယူနီဖောင်းအပြည့်အစုံနဲ့ berry cap လေးကိုင်ရင်း ထွက်လာတဲ့ လင်းသွေးက အပြင်ကိုရောက်တော့ ယူနီဖောင်းကိုယ်စီဝတ်ပြီးကြပြီး အိမ်ရဲ့နံရံကို ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်ခုခုလုပ်နေကြသည့် မဟာထူးမြတ်နှင့် ကိုစိုးသိန်းကို တွေ့သည်။
"ဘာတွေလုပ်နေကြတာလဲ ဦးမဟာ"
"ဒီမှာလေ စိုးသိန်း ... ရုံးဆင်းရင်ဖြစ်ဖြစ် ရုံးမတက်ရတဲ့နေ့ဖြစ်ဖြစ် berry cap တွေ စီပြီးချိတ်ထားချင်လို့တဲ့ ... အဲ့တာ နံရံမှာသံရိုက်နေတာ"
"အံမယ် . အဲ့လိုလေးလဲ ကောင်းတာပေါ့ ... Berry cap လေး သုံးလုံးစီပြီးချိတ်ထားတာ ချစ်စရာကောင်းနေမှာ"
"အေးပါကွာ ... မင်းတို့ပဲကြိုက်သလိုလုပ်ကြ ... မပြောတော့ပါဘူး"
မဟာက စသလိုနောက်သလိုနဲ့ လက်လျော့လိုက်တဲ့အသံနဲ့ပြောတော့ စိုးသိန်းက ဖြစ်ရတယ်ဆိုတဲ့ပုံစံနဲ့ မျက်ဆံကို တစ်ပတ်လှည့်ပြီး နံရံဘက်ကိုပြန်လှည့်သွားကာ တူကြီးကိုင်ပြီး နံရံကိုသံနဲ့ပြန်ရိုက်နေသည်။ မဟာက လင်းသွေးဘက်ကိုလှည့်ပြီး ကြည်ကြည်စင်စင်ပြုံးပြတော့ လင်းသွေးကလဲ ပြန်ပြုံးလာပြီး ပြုံးစိစိနဲ့ မဟာ့နားကိုလျှောက်လာသည်။ ယူနီဖောင်းအပြည့်အစုံနဲ့ လင်းသွေးက တောင့်တောင့်ဖြောင့်ဖြောင့်အရပ်အမောင်းနဲ့ လိုက်ဖက်အောင်ပင် မဟာ့မျက်လုံးထဲ ချောမောနေသည်။
"အပင်ပန်းခံပြီး တူနဲ့ရိုက်နေကြသေးတယ် ... နံရံမှာကပ်တဲ့ကပ်ခွာချိတ်လေးတွေ ဝယ်လိုက်တာမဟုတ်ဘူး"
"ဘာလုပ်မှာတုန်း ... ကိုယ့်ဘာသာ တူနဲ့ရိုက်လဲ ချိတ်လို့ရရင်ပြီးရောမလား ... အလကားပိုက်ဆံကို ဖြုန်းကြဦးမယ်"
