[Zawgyi]
Warning 🔞 ...
လူမစည်ကားအပ်တဲ့ နေရာတွေမှာ ရဲစခန်းလို အစိုးရဌာနမျိုးကလဲ အပါအဝင်ဖြစ်သည်။ နှစ်ဆယ့်လေးနာရီ အချိန်ပြည့်တာဝန်ထမ်းဆောင်ရတဲ့ ဌာနကဖြစ်တာကြောင့် တစ်ခုမဟုတ်တစ်ခု အလုပ်ရှုပ်နေကြသည်ကများသည်။ အခုလဲ မဟာထူးမြတ်တို့ ရုံးဆင်းချိန်ရောက်ကာမှ ရန်ဖြစ်ကြလို့ ရဲစခန်းကို ရောက်လာတဲ့ ငပွတစ်သိုက်နဲ့တင် အိမ်မပြန်ရသေး။
"ပြောကြပါဦး ဒါက ဘယ်လိုဖြစ်ကြတာ"
ပုံမှန်စစ်မေးနေကျ အရာရှိက ဒီနေ့ကျမှ ရုံးစောစောဆင်းသွားတာကြောင့် မဟာတို့လဲ အလုပ်မဆင်းရသေးမယ့် အတူတူ စစ်မေးသည်။ ရန်ဖြစ်သည့် နှစ်ဖွဲ့က စားပွဲခုံရဲ့ ဘယ်ညာမှာ တစ်ဖက်စီထိုင်နေရင်း အချင်းချင်းရန်စောင်နေကြတုန်း မဟာ့စကားသံကြားမှ လှည့်ကြည့်လာသည်။
"အရက်ဆိုင်မှာ ကွမ်းသွေးထွေးတာ ကျုပ်ခြေထောက်ပေါ်ထွေးချလို့"
"ဟေ့ကောင် ငါမမြင်လို့လို့ပြောတယ်လေ"
"မတော်တဆဖြစ်လဲ တောင်းပန်လေ"
"မူးနေရင် အေးဆေးနေလေ မင်းတို့ဘက်က စဖောင်းတာလေ"
"မင်းတို့က အုပ်စုများတယ်လေ !!!"
"တော်ကြတော့ တော်ကြတော့"
တစ်ဖက်မှာ လေးယောက်လောက်စီရှိနေတဲ့ အဖွဲ့က မဟာ ဘာဖြစ်ကြသလဲ မေးကာမှ ဆူညံပြီး ရန်ထောင်စကားများနေပြန်သေးသည်။ နားပူလာပြီး လေသံမာမာနဲ့ မဟာက ဝင်ဟန့်ကာမှ မဟာ့ပုံစံကို ကြည်ပြီး ရှိန်သွားသည့်ပုံစံနှင့် ငြိမ်ကုတ်သွားကြသည်။
"စင်ပေါ်က လက်မှတ်ထိုးစာအုပ် တစ်ချက်ယူခဲ့ပေးပါဦး လင်းသွေး"
"ဟုတ်"
ရုံးဆင်းတာနဲ့ အလုပ်စားပွဲကို သေချာရှင်းလင်းသွားတတ်တဲ့ အရာရှိငယ်ကြောင့် မဟာက တစ်ဖက်စင်ပေါ်ကနေ လက်မှတ်ထိုးဖို့ စာအုပ်ယူခဲ့ခိုင်းလိုက်သည်။ လင်းသွေးက ယူလာပြီး စာအုပ်လက်ထဲထည့်ပေးတာနဲ့ နာမည်မေးပြီး လက်မှတ်ထိုးခိုင်းဖို့ ပြင်ရသည်။ ပုံမှန်အရက်သမား လူငယ်တစ်စုရဲ့ ရန်ပွဲသာဖြစ်တာကြောင့် ခံဝန်ကတိထိုးခိုင်းဖို့သာ ပြင်ရသည်။