[Zawgyi]
ဒေါက် ! ဒေါက် ! ဒေါက် ! ...
'ဝင်ခဲ့လေ သားငယ်'
တိတ်ဆိတ်နေတဲ့ အိမ်ကျယ်ကြီးထဲမှာ တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာပြီးနောက် အခန်းထဲကနေ ဝင်လာခဲ့ဖို့ အသံပြုလာတဲ့ ဒေါ်ရည်မွန်ရဲ့အသံ။ အချိန်အားဖြင့် ညကိုးနာရီကျော်နေပြီ ဖြစ်တာကြောင့် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်နဲ့အတူ ဒေါ်ရည်မွန်ရဲ့ အသံကလဲ ရှင်းရှင်းလင်းလင်း ကြားရသည်။ လင်းသွေးလဲ အငွေ့တွေ တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကို လက်တစ်ဖက်နဲ့ ကိုင်လိုက်ပြီး ဒေါ်ရည်မွန်ရဲ့ အခန်းတံခါးကို ဖြေးဖြေးချင်း တွန်းဖွင့်လိုက်သည်။
'တော်သေးတာပေါ့ မေမေ မအိပ်သေးလို့ . သားက အိပ်နေပြီထင်တာ'
'မအိပ်သေးပါဘူး သားငယ်လေးရဲ့ . ပြော ဘာဖြစ်လို့လဲ'
'ဘာမှမဟုတ်ပါဘူး မေမေရဲ့ . အိပ်မပျော်တာနဲ့ အောက်ထပ်မှာ ကော်ဖီဆင်းသောက်နေတာ . မိုးအေးနေတာနဲ့ မေမေလဲ မအိပ်သေးဘူးဆိုရင် သောက်ဖို့အတွက် ဖျော်လာခဲ့လိုက်တာ'
'ကောင်းတာပေါ့ သားငယ်ရ . မေမေလဲ စာအုပ်ခဏဖတ်နေတာ . အင်းးး မိုးအေးအေးလေးနဲ့ စာအုပ်လေးဖတ်ရင်း ကော်ဖီလေး သောက်ရသေးတာပေါ့'
ကုတင်ခေါင်းရင်းကို ကျောမှီထိုင်နေရင်း စာအုပ်တစ်အုပ်ကို အေးအေးလူလူထိုင်ဖတ်နေတဲ့ ဒေါ်ရည်မွန်က ဖတ်လက်စ စာအုပ်ကို ဘေးချရင်း ခပ်ပြုံးပြုံးပြောလာသည်။ လင်းသွေးလဲ တံခါးကို အသာပြန်ပိတ်ရင်း ကော်ဖီခွက်ကိုင်ကာ ဒေါ်ရည်မွန်နားကို သွားလိုက်သည်။ ပြီးတာနဲ့ ဒေါ်ရည်မွန် ထိုင်နေတဲ့ ကုတင်ပေါ်ကို တင်ပါးလွဲဝင်ထိုင်လိုက်ရင်း ကော်ဖီခွက်ကို လှမ်းပေးသည်။
'သောက်လိုက်ဦး မေမေ . ပြီးရင် ခွက်ကို တစ်ခါတည်း အောက်သွားထားမလို့'
'စာဖတ်ရင်း အေးဆေးသောက်မယ်လေ သားငယ်ရ . မနက်မှ မေမေ ဆေးလိုက်မယ်လေ'
'အောက်ထပ်မှာ သားသောက်ထားတဲ့ ခွက်လဲ စားပွဲပေါ် ဒီတိုင်းထားခဲ့တာ မေမေရ . တစ်လက်စတည်း သားဆေးခဲ့မလို့ပါ'
'အမလေးရှင် . ဟုတ်ပါပြီ ဟုတ်ပါပြီ'
လင်းသွေးကမ်းပေးလာတဲ့ ကော်ဖီခွက်ကို ဒေါ်ရည်မွန်က ရယ်သံစွက်ကာ ပြန်ဖြေရင်း လှမ်းယူသည်။ ကော်ဖီပူပူက အငွေ့တထောင်းထောင်းထွက်နေသည့်တိုင်အောင် ဒေါ်ရည်မွန်က တဖြည်းဖြည်းမသောက်ပဲ တစ်ခါတည်း ကုန်အောင် မော့သောက်လိုက်သည်။ ဒေါ်ရည်မွန်ကို ကြည့်နေတဲ့ လင်းသွေးကတော့ မသိမသာနဲ့ နှုတ်ခမ်းထောင့်လေးက ကော့နေအောင်ပြုံးလိုက်သည်။
