Part 10

7.3K 813 22
                                        

[Zawgyi]

ချစ်ပစ်လိုက်ဖို့ အတွက်ကို ရှောင်ပြေးပြီး တစ်ကိုယ်ကောင်းဆန်ပါတယ်တဲ့လား။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်ဆိုခိုင်းတဲ့အခါမှာ မဟာထူးမြတ်အတွက်ကတော့ အဆုံးမဲ့နာကျင်ခြင်းတွေ။

မဟာထူးမြတ် အသက် ၄ နှစ်အရွယ် ...

မိဘနှစ်ပါးက အမြဲရန်ဖြစ်တယ်။ ဘာမှန်းမသိတဲ့ အကြောင်းအရာတွေ။ ခေါင်းစဉ်တစ်ခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရန်ဖြစ်ရခြင်းရဲ့ အကြောင်းတရား အရင်းခံတွေကို အသက် ၄ နှစ်သာ ရှိသေးတဲ့ ကလေးငယ်လေး မဟာထူးမြတ်ကတော့ ဉာဏ်မမှီခဲ့သေး။ ဆူညံသံတွေနဲ့ တစ်ယောက်တစ်ခွန်း ရန်ဖြစ်တာပဲ နားလည်တတ်သေးတဲ့ အရွယ် မဟာထူးမြတ်က အခန်းထဲက ချောင်လေးထဲမှာ ကြိတ်ငိုဖို့ပဲ တတ်နိုင်ခဲ့တယ်။ တစ်ခါတစ်ရံတော့ ကုတင်ပေါ်မှာ စောင်ကို ခေါင်းမြီးခြုံရင်း ကြိတ်ငိုရတာလဲ ရှိခဲ့တယ်။ ကလေးပီပီ ငိုတာများလို့ မောသွားရင်တော့ မျက်ရည်တွေ နှပ်တွေ ပေတလူးနဲ့ အိပ်ယာပေါ်မှာ ခပ်ကွေးကွေးလေး အိပ်ပျော်သွားရတဲ့ ညတွေက ကလေးငယ် မဟာထူးမြတ်အတွက် မရေမတွက်နိုင်ခဲ့။ တစ်ခါတစ်ရံ အိပ်မပျော်သေးတဲ့အခါ ညအိပ်ရာဝင်တိုင်း ကလေးငယ်လေး မဟာထူးမြတ်ကို မိခင်ဖြစ်သူက ထွေးဖက်ထားရင်း တတွတ်တွတ်ပြောကာ ချောသိပ်တဲ့ စကားတွေက အိပ်ရာဝင်သားချော့တေးတွေအစား သားဖေဖေက မေမေ့ကို ချစ်ပါတယ်ဆိုတဲ့ စကားတွေ။

ကလေးငယ်လေးရဲ့ မှတ်ဉာဏ်နဲ့ အတွေးမှာလဲ ဖေဖေနဲ့ မေမေကို မဟာထူးမြတ်လေးကလဲ ချစ်ပါသည်ပေါ့။ အရွယ်နဲ့ လိုက်ဖက်တဲ့ အတွေးခံစားချက်ငယ်လေးတွေ။ တကယ်လဲ ကလေးငယ်လေး မဟာထူးမြတ်ရဲ့ မိခင်ဖြစ်သူကတော့ မလိမ်ခဲ့ဘူး။ အမှန်တကယ် ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ချစ်ခဲ့သည်။ ချစ်ခဲ့တယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ အိမ်ပြန်ချိန်တိုင်းပါလာတတ်တဲ့ စူးရှရှအမွှေးရနံ့ကို မိခင်ဖြစ်သူက မနှစ်မြို့ဘူး။ အချစ်ဆိုတာမျိုးတွေမှာ expire date ရှိတတ်သည်လား။ နုနုငယ်ငယ် ကလေးငယ်လေး မဟာထူးမြတ်အဖို့ နောက်ဆုံးမှသိလိုက်ရတဲ့ အမှန်တရားက ဖေဖေက မေမေ့ကို မချစ်တော့ပါဘူးတဲ့။ ချစ်ခြင်းတွေက အဲ့လိုပဲပြောင်းလဲတတ်သည်လား။ မိခင်ဖြစ်သူကို မချစ်တော့ဘူးဆိုပြီး ဖခင်ဖြစ်သူရဲ့ ချစ်ခင်မှု ဂရုစိုက်မှု ဥဿုံကို ပြောင်းလဲလက်ခံရရှိနေတာက တစ်ခါတစ်ရံ အိမ်ကိုပါလာတတ်တဲ့ ခပ်ငယ်ငယ်အမျိုးသမီးတစ်ယောက်။ လူတွေက သူတို့အပြစ်မှန်သမျှကို အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ဆွဲသွင်းကြတယ်။ ဖောက်လွှဲဖောက်ပြန်ပြုမှုတွေက မချစ်တော့လို့ဆိုတဲ့ ခေါင်းစဉ်အောက်။

Unconditionally [Completed]Where stories live. Discover now