[Zawgyi]
'ညာဘက်က အခန်းမှာ မင်းနေလို့ရတယ် . အဲ့တာက ငါ့အခန်းပဲ . လိုတာရှိရင် ငါ့ကိုပြောပေါ့'
'.....'
အရင်ကလို တက်တက်ကြွကြွရှိမနေပဲ အသက်မပါတဲ့ မျက်လုံးတွေနဲ့ လင်းသွေးက မဟာ့ကို ကြည့်ပြီး ခေါင်းသာညိမ့်ပြလာသည်။ ဒီလိုတိတ်ဆိတ်သွားတာ ဦးမြတ်ကျော်ခေါင်ရဲ့ အလောင်းကို တူးဖော်ပြီး မေ့လဲသွားကာ ဆေးရုံမှာ ပြန်သတိရလာကတည်းက။ သော်ကမြိုင်ကလဲ စစ်ဆေးရေးတွေရှိနေတာကြောင့် ချိတ်ပိတ်ထားတာမလို့ မဟာနဲ့ စိုးသိန်းကပဲ သူတို့အိမ်ဆီ လင်းသွေးကို ခေါ်လာတာဖြစ်သည်။ စကားပြောရင် ခေါင်းညိမ့်ခေါင်းခါလောက်သာ ပြန်ဖြေတဲ့ လင်းသွေးက မြင်လိုက်ရတဲ့အဖြစ်အပျက်တွေ ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေကြောင့် သွေးလန့်သွားပုံပင်။ ဆေးရုံမှာတစ်ရက်နေပြီး မဟာတို့အိမ်ကို လိုက်လာတော့ လင်းသွေးရဲ့ အဝတ်အစားတွေတောင် မယူခဲ့ရ။ သော်ကမြိုင်ကို ခဏပြန်ခေါ်သွားပြီး အင်္ကျီအဝတ်အစားတွေ ယူခိုင်းပြန်ရင်လဲ အိမ်ကိုမြင်ရင် စိတ်ဒဏ်ရာကို ပြန်ဆွပေးသလိုဖြစ်မှာစိုးတာကြောင့် မဟာပြန်မခေါ်သွားရဲ။
'သွားသွား အခန်းထဲ သွားနားနေတော့ . နားနားနေနေလေနေ . စိတ်ကို တင်းမထားနဲ့ . စိတ်လျော့စရာရှိတာတွေ လျော့ထား . ခုက မပြီးသေးဘူး . ရင်ဆိုင်ရမှာတွေ ရှိသေးတယ် လင်းသွေးမြတ် . ရုံးချိန်းတွေ တက်ရဦးမယ် . မင်းတောင့်ခံထားရဦးမယ် . ခုကြုံနေရတဲ့ ဒုက္ခဆိုတာက ဘာမှမဟုတ်သေးဘူး'
'.....'
'မဟာပြောတာ မှန်တယ် လင်းသွေးရဲ့ . ခုချိန်မှာ မင်းက တစ်ယောက်ထဲ ဖြစ်သွားပြီ . ငါ ဒီစကားပြောတာ ရေနစ်နေတဲ့သူကို ဝါးကူထိုးတာမဟုတ်ဘူး . ခုကြုံနေရတာတွေကို အဆိုးရွားဆုံးလို့ မသတ်မှတ်ထားနဲ့ . နောက်လာမယ့် အနာဂတ်မှာကြုံရမယ့် အဆင်မပြေတာတွေအတွက် အစလို့သတ်မှတ်ထား . ငါတို့လဲ တစ်ကောင်ကြွက်တွေ လင်းသွေးမြတ်ရ . ဒီလိုပဲ လောကကြီးကို အရွဲ့တိုက်ပြီး ခြေကန်ကြိုးစားရမှာ . ငါတို့ဆို ဒီလိုနေရာရောက်ဖို့ကို ဘာမှမရှိတဲ့ဘဝကနေ စလာရတာ . သုညကနေစတဲ့ ဘဝတွေထက် ငါတို့ဘဝက အနုတ်ကနေ စခဲ့ရတာ . မင်းကို ငါ့ညီငယ်လေးလို သံယောဇဉ်ရှိလို့ ပြောတာကွာ . မင်းသာ ကောင်းကောင်းနေ . မင်းလိုကလေးတစ်ယောက်ကို ငါတို့ ကောင်းကောင်းစောင့်ရှောက်ထားနိုင်တယ်'