မဟာထူးမြတ် ခွဲပေးထားတဲ့ တာဝန်အတိုင်း စိုးသိန်းက အင်ကြင်း အလုပ်လုပ်သည့် မှန်ဘီလူးစက်ရုံကို ရောက်လာသည်။ စက်ရုံတံခါးဝက လုံခြုံရေးအစောင့်တွေကိုလဲ မေးမြန်ဖို့ လိုအပ်သည်ထင်တာကြောင့် မေးမြန်းဖို့ ပြင်ရသည်။
"ကျွန်တော်က ခရိုင်ရဲစခန်းကပါဗျ ... အင်ကြင်းဆိုတဲ့ ကလေးမလေးကို သိလားဗျ ... ဒီစက်ရုံမှာအလုပ်လုပ်တယ် ... လွန်ခဲ့တဲ့ လေးရက်လောက်ကပျောက်သွားပြီး အခုတော့ ဆုံးပါးသွားတယ် ... အရေးကြီးအမှုဖြစ်တာမလို့ နည်းနည်းစစ်ချက်ယူချင်လို့ပါ"
"ဒီမှာဆိုရင်တော့ အလုပ်ဆင်းကြရင် အဆိုင်းသုံးဆိုင်းနဲ့ ခွဲဆင်းကြတယ် ဆရာသမားရဲ့ ... ထောင်ချီနေတဲ့ အလုပ်သမားတွေကြားထဲ ဒီကလေးမလေး တစ်ယောက်တော့ ကျွန်တော်တို့ သတိမထားမိတာ နားလည်ပေးစေချင်ပါတယ်"
"အဲ့တာဆို ဒီကတာဝန်ရှိသူနဲ့ ခဏတွေ့လို့ရမလား ... ဒီအမှုက အဓမ္မမှုဖြစ်တာကြောင့် သေချာမေးမြန်းဖို့လဲ လိုအပ်နေလို့ပါ"
"ဟုတ်ကဲ့ ဝင်သွားလိုက်ပါဗျာ ... ဒီချိန်ဆို တာဝန်ရှိသူတွေ အလုပ်သိပ်မများတဲ့အချိန်ပါ"
ဂိတ်မှာတာဝန်ကျနေသည့် လုံခြုံရေးဦးလေးကြီး ညွှန်ပြသည့်အတိုင်း စိုးသိန်းက စက်ရုံဝင်ခဲ့တော့ သေသေသပ်သပ်အခန်းဖွဲ့ထားတာမျိုးမဟုတ်ပဲ သုံးထပ်သားပြားတွေနဲ့ အဖြစ်သဘောမျိုးသာ လုပ်ထားတဲ့ အခန်းငယ်လေးကို တွေ့သည်။ တံခါးကပိတ်ထားတာကြောင့် စိုးသိန်းတံခါးခေါက်လိုက်တော့ အခန်းထဲက ဝင်ခဲ့ပါဆိုတဲ့အသံကြားရသည်။ စိုးသိန်းလဲ တံခါးကို အသာတွန်းဖွင့်ရင်းဝင်လိုက်တော့ အလုပ်စားပွဲမှာထိုင်နေသည့် အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။
"ကျွန်တော်က ခရိုင်ရဲစခန်းက ဒုရဲအုပ်စိုးသိန်းပါ ... အခုကျွန်တော်တို့ စခန်းကို တိုင်ကြားထားတဲ့အမှုရယ် နစ်နာသူမိန်းကလေးကပါ သေဆုံးသွားတာကြောင့် အလုပ်က တာဝန်ရှိသူကို နည်းနည်းမေးမြန်းချင်လို့ပါ"
"ဟုတ်ကဲ့ ကောင်းပါပြီ"
"အင်ကြင်းရဲ့ အမှုကို ကျွန်တော်တို့ဆီ တိုင်ချက်ဖွင့်ထားတာက လေးရက်နီးပါးလောက်ရှိနေပါပြီ ... အလုပ်မှာ ဝန်ထမ်းတစ်ယောက်က ခွင့်မတိုင်ပဲ ပျက်ကွက်တာကို ဒီက တာဝန်ရှိသူအနေနဲ့ သတိမထားမိဘူးလားဗျ"