[Zawgyi]
"ကလေးက မင်းကို ဆိုးလို့ရလို့ ဆိုးနေတာလေ ... အဲ့တာကို မင်းက ဘာကိစ္စက ကလေးနဲ့အပြိုင်ကောက်နေရတာတုန်း ... သေချာချော့လေ စိတ်ဆိုးပြေအောင်"
"ငါချော့တာပဲကွာ ... ဘာကိစ္စကြောင့်မှ စိတ်မဆိုးဘူးတဲ့ ... စိတ်ရှုပ်တယ်ဆိုပြီး တစ်ခါမှ မပြောဖူးတဲ့ အသံနဲ့တောင် ... ကျစ် !"
မဟာက စိုးသိန်းကို ပြောပြနေလက်စ စကားကို ဆက်မပြောနိုင်တော့ပဲ စိတ်ပျက်လက်ပျက် လက်ဖဝါးနှစ်ဖက်ပေါ် မျက်နှာအပ်ချလိုက်သည်။ ဘာပြဿနာကြောင့် ဘာတွေဖြစ်နေမှန်းမသိတဲ့ လင်းသွေးငယ်ကို ဘယ်လိုချော့ မလဲ မဟာ မသိတော့။ ဘေးက စိုးသိန်းရဲ့ စိတ်ပျက်လက်ပျက် သက်ပြင်းချသံကို ကြပြန်တော့လဲ ကိုယ့်အပူကို စိုးသိန်းအပူဖြစ်အောင် လုပ်နေမိသေးတာလို့ တွေးမိသေးသည်။
"မင်းလဲ လုပ်စရာရှိတာ သွားလုပ်လေ စိုးသိန်း ... ငါလဲ ငယ်လေးနဲ့အဆင်မပြေဖြစ်တော့ မင်းကို အပူပေးမိပြန်ပြီ"
"သောက်ပေါက်ကရတွေပြောပြီး နားရင်းအုပ်ချင်လာအောင် မပြောစမ်းနဲ့ ... မင်းက မင်းအပူတွေကို ငါနဲ့မှ မခွဲရင် ဘယ်သူနဲ့ ခွဲချင်သေးလို့လဲ"
"အေးပါကွာ ... ဒီတိုင်း အရင်လဲ အငယ်လေးနဲ့ ရန်ဖြစ်နေကျပဲလေ ... အလုပ်များနေတော့ စိတ်ရှုပ်နေတာနေမှာပါ ... နောက်မှအေးဆေးစကားပြောတော့မယ်"
"ပြီးတာပဲ အဲ့တာဆို ... ကလေးကို သေချာပြော ... လေသံမာမနေနဲ့"
စိုးသိန်းက ထိုင်ရာကနေ ထရင်းပြောတော့ မဟာကလဲ ဘာမှဆက်မပြောတော့ပဲ တံခါးဘက်ကို လက်ခါပြကာ သွားတော့ဆိုတဲ့ အမူအယာသာ လုပ်ပြလိုက်သည်။ စိုးသိန်းက အခန်းထဲကထွက်သွားတော့ မဟာထိုင်နေတဲ့ ဆိုဖာကနေ ထလိုက်ပြီး အလုပ်စားပွဲမှာ ဝင်ထိုင်လိုက်သည်။ အလုပ်လုပ်ဖို့တောင် စိတ်နဲ့လူနဲ့မကပ်ပေမယ့် မလုပ်လို့က မရ။ တာဝန်ကရှိနေသေးသည်။
"ကြံကြံဖန်ဖန် ရှာကြံကောက်နေလို့ကတော့ ဖိနမ်းပစ်ဦးမှာ ... နေပါလေ့စေဦး ... ဟဟ ~"
ကိုယ့်ဘာသာ တစ်ယောက်တည်းပြောရင်း မဟာက သဘောတကျနဲ့ ရယ်ကာ ခေါင်းရမ်းမိသည်။ လင်းသွေးငယ်နဲ့မှ မဟာလဲ ကလေးဆန်ဆန်တွေ လုပ်တတ်နေပြန်ပါပြီ။