[Zawgyi]
ဆေးရုံရဲ့ လျှောက်လမ်းတစ်လျှောက်ကနေ မဟာထူးမြတ်နဲ့ လင်းသွေးတို့ အရေးတကြီးပြေးလာနေသည်။ အရေးပေါ် သီးသန့်ခန်းရှေ့ကို ရောက်တဲ့အချိန်မှာ ရဲတပ်သားတစ်ချို့နဲ့ ဆရာဝန်တစ်စုကို တွေ့လိုက်ရပြီး ကိုယ်ရှိန်သတ်လိုက်ကြသည်။ မဟာတို့ကို တွေ့တော့ အမြဲလိုလို မျက်မှန်းတန်းမိနေတဲ့ ဆရာဝန်က ပြေးလာပြီး မဟာ့ရှေ့ရောက်လာသည်။
"နစ်နာသူဆီကနေ သေခါနီးဖြောင့်ချက်ကို ချက်ချင်းယူဖို့လိုတယ်"
"သေခါနီးဖြောင့်ချက်"
"အင်း"
"ဘာကိုဆိုလိုတာလဲ ဒေါက်တာ"
"အခြေအနေမကောင်းဘူး"
မဟာတို့ သတင်းရထားတဲ့အမှုက လူ့အသိုင်းအဝိုင်းမှာ စက်ဆုပ်ဖွယ်အကောင်းဆုံးလို့ ပြောလို့ရတဲ့ မုဒိမ်းမှုဖြစ်သည်။ အလုပ်ကနေ နေအိမ်ကိုအပြန် သတင်းမရပဲ ပျောက်ဆုံးသွားတဲ့ ၂၂ နှစ်အရွယ် အမျိုးသမီးငယ်လေးကို လေးရက်အကြာမှာ မြို့ရှောင်လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ တွေ့လာပြီး ဆေးရုံကို ရောက်လာခြင်းဖြစ်သည်။ မဟာတို့လဲ သတင်းရရချင်း ဆေးရုံကို ပြေးခဲ့ပေမယ့် ဆရာဝန်ပြောပုံအရ အခြေအနေတွေက တော်တော်ဆိုးနေသည့်ပုံ။
"ရဲအုပ်တို့ပဲ ဝင်ကြည့်လိုက်ပါ ... အခန်းထဲရောက်ရင် လက်ရှိအခြေအနေတွေကို ရှင်းပြပါ့မယ်"
"ကောင်းပါပြီ"
လုံခြုံရေးအထပ်ထပ်ချထားတဲ့ အခန်းထဲကို ဝင်သွားတဲ့ ဒေါက်တာနောက်ကို မဟာနဲ့ လင်းသွေးလိုက်သွားလိုက်သည်။ ဆေးရုံခန်းထဲကို လူနာကုတင်ပေါ်မှာ အသက်ရှူပိုက်တွေ စက်ကိရိယာအကူအညီတွေနဲ့ အသက်ရှူနေရတဲ့ မိန်းမငယ်လေးက အပေါ်ယံ ဒဏ်ရာဒဏ်ချက်တွေနဲ့ကို ကြည့်ရက်စရာမရှိ။
"အရေးတကြီး သေခါနီးဖြောင့်ချက်ယူရမယ်ဆိုတာ ဒါကြောင့်ပဲ မဟာ ... နာမည်က အင်ကြင်းတဲ့ ... ကလေးမလေးက အလိုမတူပဲ rape ခံထားရတယ် ... စစ်ဆေးချက်အရ သုံးရက်နီးပါး လူမဆန်ပဲ ရက်ရက်စက်စက်ကို လုပ်ထားကြတာ ... နှိပ်စက်ထားတဲ့ ဒဏ်ရာတွေအရ ကျူးလွန်သူတွေက အရက်မူးနေတယ်လို့ ယူဆရတယ် ... သုတ်ရည်ကနေ ခြေရာခံလို့မရအောင် သံချေးတက်နေတဲ့ သံချောင်းကို မိန်းမကိုယ်ထဲကို ထည့်သွားတယ် မဟာ"