[Zawgyi]
မထူးခြားတဲ့ ရုံးဖွင့်ရက်တွေထဲက တစ်ရက်ပါပဲ။ နေ့လည်စာစားချိန်ရောက်နေပေမယ့် အလုပ်များနေတဲ့ မဟာထူးမြတ်က အလုပ်စားပွဲကနေ မထနိုင်သေး။ အရင်ဆို မဟာ့အခန်းထဲမှာ အလုပ်မရှိရင် လပ်ယားလပ်ယား လုပ်နေတတ်တဲ့ လင်းသွေးကလဲ ပျင်းသည်ဆိုကာ ခွေးလှောင်အိမ်ဘက်သွားမည် ပြောသွားသေးသည်။ သေချာတယ် . မဟာထူးမြတ်ရဲ့ လင်းသွေးငယ်လေးက ကူဘိုလေးကို ကလိနေတော့မယ်ဆိုတာ။ အထူးသဖြင့် မကြာသေးခင်ကမှ ကူဘိုနဲ့နည်းတူ စခန်းက အယ်လ်ဇေးရှင်းခွေးမလေးတစ်ကောင် သားစပ်ပြီးပေါက်လာတဲ့ ခွေးပေါက်လေးတွေ။ သားပေါက်လေးတွေ ပေါက်ပါပြီဆိုကတည်းက အမောင်လင်းသွေးမြတ်တို့ မဟာနားမနေပဲ နေ့ရှိသရွေ့ အားနေသရွေ့ ခွေးပေါက်တစ်သိုက်နဲ့ ပျော်မွေ့နေတော့သည်။
"ထမင်းစားရအောင်လေ မဟာ"
"အော် . အင်း စိုးသိန်း ... စားမယ်လေ ... လင်းသွေးရော"
"ခေါ်ခဲ့ပြီ ... ခွေးတွေကိုင်ထားလို့ လက်သွားဆေးခိုင်းထားတယ်"
"အေးပါ အေးပါ"
ငါးဆင့်ချိုင့်ကြီးကို လက်တစ်ဖက်ကဆွဲလို့ ရုံးခန်းထဲ ဝင်လာတဲ့စိုးသိန်းက မဟာ့အလုပ်စားပွဲရှေ့က စားပွဲပေါ်မှာ ချိုင့်ကြီးကို တင်လိုက်သည်။ အပြင်စာတွေ မစားစေချင်တဲ့ စိုးသိန်းက အချိန်ရရင်ရသလို ရုံးသွားခါနီး စောစောထကာ ထမင်းအိုးတည်ပြီး ချက်ပြုတ်သည်။ မဟာနဲ့ လင်းသွေးတို့ကသာ ကလူလိုက် ကျီစယ်လိုက်နှင့် စိုးသိန်းကတော့ တစ်ယောက်ထဲ စိတ်ရှိသလို ချက်ပြုတ်သည်။ ဒီနေ့လဲ ဘာတွေ ချက်လာလဲမသိ။
"မနက်က ဘာချက်ခဲ့တာလဲ စိုးသိန်း"
"မနက်က အိမ်ရှေ့က ဟင်းရွက်သည်ဖြတ်သွားလို့ ကိုက်လန် ဝယ်ကြော်ထားတယ် ... အသားဟင်းက ရေခဲသေတ္တာထဲကကျန်နေတဲ့ ကြက်သားကို ပြုတ်ကြော်လုပ်ခဲ့တယ် ... ငရုတ်သီးအပွခြောက်ကိုလှော်ပြီး ငံပြာရည်ထည့်ထောင်းခဲ့တယ်"
"အင်း ထမင်းတော့ မြိန်တော့မှာပဲ"
"အေးပါ ... ငါလဲ စားကောင်းအောင် ချက်လာတာပဲ"
ငါးဆင့်ချိုင့်က ချိတ်ကိုဖြုတ်ကာ ဆင့်ထားတဲ့ချိုင့်တွေကို တစ်ဆင့်ချင်းယူကာ စိုးသိန်းက စားပွဲပေါ်ချသည်။ ထမင်းထည့်ထားတဲ့ချိုင့်က သုံးဆင့်နဲ့ ကြက်သားကြော်ကို တစ်ချိုင့်သတ်သတ်ထည့်ထားကာ ငရုတ်သီးငံပြာရည်ကိုတော့ ဘူးအသေးလေးထဲထည့်ပြီး ကြက်သားကြော်ဘေးမှာ ထည့်ထားသည်။ ကိုက်လန်ကြော်ကတော့ တစ်ချိုင့်သတ်သတ်။ မဟာက ကြက်သွန်ဖြူနှင့်ဆီသတ်ထားကာ အရည်ရွှဲရွှဲနှင့် ကြော်ထားသည့် ကိုက်လန်ကို အသင့်ထည့်ထားတဲ့ ဇွန်းနဲ့ခပ်စားလိုက်သည်။