[Zawgyi]
သန်းခေါင်ကျော်မှ သည်းကြီးမဲကြီး ရွာချတဲ့မိုးရေတွေကြား သော်ကမြိုင်အိမ်ရဲ့ ခြံဝင်းထဲမှာ ရဲကားတွေရဲ့အချက်ပေးသံတွေ အရေးပေါ်ကားရဲ့ အချက်ပေးသံတွေနဲ့ ဆူညံနေသည်။ သော်ကမြိုင်အိမ်ထဲကနေ ပထမဦးဆုံး စိုးသိန်းဆွဲခေါ်လာတဲ့ ဒေါ်ရည်မွန်ကတော့ လက်ထိပ်တန်းလန်းနဲ့ ရုန်းရင်းကန်ရင်းနဲ့ အရူးတစ်ယောက်လို အော်ဟစ်လိုက်ပါလာသည်။ နောက်မှာတော့ ရဲသားနှစ်ယောက်ရဲ့ အလယ်မှာ လက်ထိပ်ခတ်ခံထားရတဲ့ ရဲသူက အသက်မပါသလို ငြိမ်ပြီး ခေါင်းငုံ့ကာလိုက်လာသည်။
'ဦးမဟာ ခင်ဗျားဘာမှဖြစ်လို့မရဘူးနော် . ကျွန်တော်ပြောနေတယ် . သတိထားဦး . ဦးမဟာလို့ !'
အိမ်ထဲကနေ ထပ်မံသယ်ထုတ်လာပြီး လူနာတင်ထားတဲ့ ထမ်းစင်ပေါ်က မဟာထူးမြတ်ရဲ့ ဘေးကနေ လင်းသွေးက လိုက်လာသည်။ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ မဟာကို လင်းသွေးက ဘေးကနေ သတိမလွတ်သွားအောင် အော်ဟစ်နေရင်း ထပ်ချပ်မကွာလိုက်လာသည်။ ဓားနဲ့ ဗိုက်ကို အထိုးခံထားရတဲ့ ကူဘိုလေးကလဲ ထမ်းစင်နဲ့ နောက်ကနေ ပါလာသည်။ မျက်စိရှေ့တင် သွေးသံရဲရဲဖြစ်သွားတာကြောင့် လင်းသွေးသိပ်ကို တုန်လှုပ်နေရတာ ဝန်ခံသည်။ လင်းသွေးချစ်ရတဲ့ မဟာက လင်းသွေးကြောင့် တစ်ခုခုဖြစ်သွားမှာရယ် ဒီနေ့မှ သံယောဇဉ်စတွယ်မိတဲ့ ကူဘိုလေးက လင်းသွေးကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားကြောင်း ပြန်ပြန်တွေးမိရင်း လင်းသွေးပျာယာခပ်နေရသည်။
'လွှတ် ! ငါ့ကို လွှတ်စမ်း ... အားးး နင်တို့ နောင်တရမယ်နော် . ဟားဟား . ငါကလေ အကုန်လုံးကို သတ်မှာ'
အဖမ်းခံရပြီဖြစ်နေတာတောင် ရုန်းကန်နေတဲ့ ဒေါ်ရည်မွန်က လေသံလုံးဝမလျော့ပဲ သည်းခြေပျက်နေတဲ့ အရူးမတစ်ယောက်လို အော်ဟစ်နေသည်။ လင်းသွေးမှာ မဟာ့လက်ကို ဆုပ်ကိုင်ထားရင်း ဒေါ်ရည်မွန်ကို စိတ်ပျက်သလို ကြည့်လိုက်မိသည်။ မျက်ခမ်းစပ်တွေ ရဲစွေးပြီး မျက်လုံးထဲက သွေးကြောနီရဲရဲတွေပါ ထနေတဲ့ ဒေါ်ရည်မွန်ရဲ့ ဆေးကြောင်နေသလို အကြည့်ရဲရဲတွေက ညသန်းခေါင်ယံအချိန် ဘေးမှာ လူတွေရှိနေတာတောင် ကြက်သီးထစရာကောင်းနေသည်။ ကိုစိုးသိန်းက ရုန်းကန်ပြီး အော်ဟစ်နေတဲ့ ဒေါ်ရည်မွန်ကို ရဲကားရဲ့ အနောက်ခန်းထဲကို တွန်းထည့်လိုက်ရင်း ကားတံခါးကို ခပ်ကြမ်းကြမ်း ဆောင့်ပိတ်လိုက်သည်။ ရဲသူကိုလည်း ရဲသားနှစ်ယောက်က ဒေါ်ရည်မွန်ကို ဖမ်းထည့်လိုက်တဲ့ ကားရဲ့နောက်က ကားထဲမှာ ထည့်လိုက်သည်။