Chapter ( 10 )

1.7K 142 1
                                    

နွမ်းပါးသော သုတ၏ အခြေအနေကိုရိပ်မိကြသော
ကျန်သူငယ်ချင်းနှစ်ယောက်သည် ငွေကုန်ကြေးကျရမည့် အဖြစ်များတွင် အလိုက်သိစွာ ညှာတာရ၏။

ဒုတိယနှစ် Second Semister စာမေးပွဲအပြီး၌ သူငယ်ချင်းသုံးယောက် ကလောသို့ခရီးအတူ ထွက်ဖို့ တိုင်ပင်ကြလေသည်။

“ တော်ပါပြီ။ ငါတော့ ပြင်ဦးလွင်ပဲသွားမယ်။ ကလောက အဝေးကြီးပဲ။ အန္တရာယ်များတယ် ”

သုတက အန္တရာယ်များလွန်းသည်ဆိုသည့်
အကြောင်းပြချက်ဖြင့် နီးနီးနားနား ပြင်ဦးလွင်လောက်သာ သွားရန်  အဆိုပြုသည်။ တကယ်တော့ အန္တရာယ်ဆိုတာထက် ငွေကုန်ကြေးကျ များမည့်အကြောင်းကသာ အဓိကဖြစ်သည်ကို ကျန်သူငယ်ချင်းနှစ်ယောက်လုံး ရိပ်မိကြပါသည်။

“ ဟင် ... ပြင်ဦးလွင် သွားပြီးကြပြီ‌လေ ။ နှစ်ခေါက်တောင်။ မင်း မရိုးသေးဘူးလား ”

စည်သူက ညည်းညူလေသည်။
First Year အပြီး ပထမနှစ်ဝက် စာမေးပွဲအပြီး နှင့် ဒုတိယနှစ်ဝက်စာမေးပွဲ အပြီး သူတို့ နှစ်ခေါက်စလုံး
သွားလည်ခဲ့ကြသော နေရာမှာ ပြင်ဦးလွင် မြို့ဖြစ်၏။

သာယာအေးချမ်းလှသည်မှန်သော်လည်း တတိယအကြိမ် ထပ်မသွားချင်လောက်အောင် ရိုးနေပြီ။ နောက်ပြီး ကလောမြို့သည် ပြင်ဦးလွင်ထက်ပိုပြီး
ရာသီဥတုမှာရော၊ ရှုခင်းပသာဒမှာပါ
အေးချမ်းသာယာရှိသည်ဟု နာမည်ကြီး၏။
သူတို့ ကလောကိုပဲ သွားချင်သည်။

ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်သည်  သုတ
မသိအောင် တိုးတိုးကျိတ်ကျိတ် တိုင်ပင်ရလေသည်။
ခရီးစရိတ်ကလွဲ ဟိုမှာနေတာ ထိုင်တာ၊  စားတာသောက်တာ  ဒကာခံမည်ဟုပြောပြီး ခေါ်လျှင်လည်း သူတို့ကို
အားနာစိတ်ဖြင့် သုတ စိတ်ကောင်းမည်မဟုတ်။

သည်တော့ အကြံဉာဏ်ထုတ် ဇာတ်လမ်းရိုက်ဖို့ စဉ်းစားရတော့သည်။ ထိုအကြံဉာဏ်သည် ထုံးစံအတိုင်း ရောင်ဝါ့ဆီကပဲ ထွက်လာ၏။

နောက်ဆုံးဘာသာဖြေကြရမည့် စာမေးပွဲ ညမှာ
ဇာတ်လမ်း စ,ရိုက်ကြလေသည်။

“ ရောင်ဝါရေ ငါတို့တော့ ထီပေါက်တာပဲကွ သိလား ”

“ ဟေ ဟုတ်လား။ ဘာဖြစ်လို့လဲ ”

‌တဖက်ကုတင်မှာ ပက်လက်လှန်ပြီး စာကျက်နေသည့်
သုတ စိတ်ဝင်စားအောင် တမင်အသံမြှင့်ပြောကြသည်။

“ ဟိုတစ်လောက ငါရှယ်ထားတဲ့ ခရီးစဉ်လေ။ အဲတာ
မဲပေါက်လို့ ”

“ ဟေ ...ဟုတ်လား။ မိုက်တယ် မိုက်တယ်။ ဘယ်ခရီးစဉ်လဲ။ ဘယ်လိုမဲပေါက်တာလဲ ရှင်းပြပါဦး ”

သူတို့ အမူအယာများသည် ဘေးလူကြည့်လျှင်
တမင်သရုပ်ဆောင်နေကြသည်ဟု တခါတည်းပေါ်သွားဖို့ရှိသော်လည်း ခပ်ရိုးရိုးဖြစ်သည့် မုံရွာသားလေး သုတကတော့ အဟုတ်ထင်ကာ စာအုပ်ကို ဘေးချလျက်  မျက်လုံးအဝိုင်းသား ကြည့်နေလေသည်။

“ သူငယ်ချင်းများနဲ့ ကလော ဆိုတဲ့ခရီးစဉ် မဲပေါက်တာ ”

“ ဟေ။ တကယ်လား။ အဲတာဆို ငါတို့သွားချင်နေတာနဲ့
အတော်ပဲပေါ့ ဝမ်းသာစရာကြီး အဟင်းဟင်း ”

“ မင်း Give away ရှယ်ထားတာလဲ ငါမတွေ့ပါလား ”

စာမေးပွဲကြောင့်  Facebook မသုံးတာ
တစ်ပတ်ကျော်ကြာပြီဖြစ်သော သုတသည် စိတ်ဝင်စားလျက် အခုမှစည်သူ့ Profile ထဲသို့ ဝင်ကြည့်ရင်း မေးလေသည်။

" ဘယ်တွေ့မှာလဲ။ မဲပေါက်သွားပြီဆိုတော့ ရှယ်ထားတာ ဖျက်ပစ်လိုက်တာပေါ့ ”

စည်သူက ရုပ်တည်တည်နဲ့ ဖိန့်တဲ့အခါ သုတ မျက်နှာမှာ သံသယ အရိပ်အယောင်လေး မဆိုသလောက် ပေါ်လာ၏။ စီစဉ်ထားတဲ့ ဒုတိယအကွက်ကို ထုတ်သုံးရလေသည်။

“ ဒီမှာလေ သူတို့ဘက်က အကြောင်းပြန်တာ။ ငါ SS ရိုက်ထားတယ်ပြမယ် ”

သုတသည် သူတို့ ကုတင်ဘက်သို့ ခုန်ကူးပြီး
လာကြည့်သည်။ message များမှာ စည်သူနဲ့ သူငယ်ချင်းဖြစ်သည့် ခရီးသွားကားဂိတ်ပိုင်ရှင်၏ သားဆီသို့ အကူအညီတောင်းပြီး လန်ကြုတ်၍ ပို့ခိုင်းထားသည့် မဲပေါက်ကြောင်း အကြောင်းကြားစာဖြစ်၏။

သည်တော့မှ သုတသည် ယုံကြည်သွားပြီး စာမေးပွဲအပြီး
စက်တင်ဘာလဆန်းပိုင်း၌ သူငယ်ချင်းသုံးယောက် ကလောမြို့သို့ ပျော်ရွှင်တက်ကြွစွာ ခရီးထွက်ခဲ့ကြပါတော့သည်။


သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now