Chapter ( 12 )

1.6K 136 1
                                    

“ ဟူး မနက်ဖြန် မနက်ပြန်ရတော့မှာပဲ။
ပြန်တောင် မပြန်ချင်တော့ဘူး ”.

ရောင်ဝါက သက်ပျင်းချလျက် အရင်ဆုံး
အစဖော် ညည်းညူလိုက်သည်။
အခု သူတို့ရောက်နေတာက ကလောမြို့၏ View Point ဖြစ်၏။ မျက်နှာမူထားရာအရပ်၌ စိမ်းမှောင်သော တောင်တန်းများ၊ ယာခင်းများဖြင့် သာယာလိုက်သည်မှာ
ပန်းချီကားတစ်ချပ်ကြည့်နေရသလိုပင်။

“ ဟုတ်တယ်နော်။ ဒီလောက်သာယာတဲ့မြို့လေးမှာ
အိမ်နဲ့ ခြံနဲ့ ဝယ်ထားပြီး အားတိုင်း
လာလာနေချင်တာ။ နောက်နှစ်လည်း
နောက်တစ်ခေါက်ထပ်လာကြတာပေါ့။ သုံးရက်တည်းနေရတာ မလုံလောက်သလိုပဲ ငါ့စိတ်ထဲ ”

“ အေးကွ ငါလည်း ဒီမြို့လေးတော့ သဘောကျတယ်။
ထင်းရှူးပင်တွေနဲ့ အုံ့ဆိုင်းနေပြီး ကိုလိုနီ အငွေ့အသက်လေးတွေ ရနေတဲ့ မြို့လေး။ မင်းတို့လိုပဲ နောက်တစ်ခါ လာချင်စိတ်ဖြစ်မိတယ် ”

သည်တစ်ခါတော့ မြို့တစ်မြို့၏ ဆိတ်ငြိမ်သာယာမှုကို
ခံစားမိသွားသော သုတသည် သူတို့နှစ်ယောက်၏
ဆန္ဒကို ချက်ချင်း ထောက်ခံလိုက်လျော၏။

ဤနေရာမှ မခွာရသေးဘဲ နောက်တစ်ကြိမ်ထပ်လာဖို့ စိတ်အားထက်သန်နေလျက်ရှိကြသည်မှာ ဘေးလူကြည့်လျှင် ရယ်စရာများကောင်းနေမလား မသိ။

“ ဒါဆို ကတိပြုကြမယ်။ နောက်တစ်ခါလာဖို့ ”

စည်သူက လက်သန်းထောင်ပြသောအခါ
သုတသည် ဘေးဘီကို အကဲခတ်သလို
ဝေ့ကြည့်သည်။

“ ကလေးကလားနဲ့ကွာ ဘာလဲ ”

သုတသည် သူတို့အုပ်စုထဲမှာ အရင့်ကျက်ဆုံးဖြစ်၏။ အပြုအမူ၊ အနေအထိုင်သည် ရှိရင်းစွဲအသက်ထက် ငါးနှစ်လောက် ပိုကြီးနေသလိုပဲဟု ကျန်နှစ်ယောက်ခံစားရလေသည်။

“ ဘာဖြစ်လဲ။ လုပ်ကြတာပေါ့ ”

ရောင်ဝါက သူတို့အနားသို့ တိုးကပ်လာပြီး စည်သူနဲ့
လက်သန်းချင်း အရင်ချိတ်ပြသည့်အခါ
သုတလည်း လိုက်လုပ်ရတော့သည်။

“ ကဲ ချိတ်မယ်ကွာ ”

ဤသို့ဖြင့် တစ်ယောက်တစ်လှည့် လက်သန်းချင်းချိတ်လျက် နောက်တစ်ကြိမ်ပြန်လာကြမည်ဟု
ကတိပြုကြသည်။ ချိတ်နေစဉ်အတွင်း
စည်သူက မင်းမှာကတိ လူမှာသစ္စာဟု ရွတ်နေသေး၏။ တကယ့် အလယ်တန်းကျောင်းသားလေးတွေလိုပါပဲ။

“ ကဲကဲ ငါတို့ ဓာတ်ပုံရိုက်ကြရအောင် ”

တစ်နေကုန် ဟိုရိုက်၊ သည်ရိုက် ရိုက်နေသော စည်သူသည် အခုထိ ဓာတ်ပုံရိုက်ဖို့ အားမလျော့ချင်သေးပေ။

“ ဟေ ဒီလောက် Group Selfie တွေပုံ 200 ကျော်လောက်ရိုက်ထားတာ မမောသေးဘူးလား ”

“ Selfie တွေပဲရှိသေးတာလေ။ Back Camera နဲ့ရိုက်ထားတာ တစ်ပုံမှ မရှိသေးဘူး။ ဒီတောင်တန်းတွေ ရှူခင်းတွေကို နောက်ခံထားပြီး အမှတ်တရ ရိုက်ကြတာပေါ့။
တော်တော်လှမှာ ”

ဒါလည်းဟုတ်သည်။ ကလောဟု သိသာစေနိုင်သော
နောက်ခံ Background နဲ့အမှတ်တရပုံကို
သုံးယောက်လုံး ရိုက်ချင်သွား၏။

ဤသို့ဖြင့် သူတို့နဲ့ မလှမ်းမကမ်းမှာ မတ်တပ်ရပ်နေသည့် သဘောကောင်းပုံရသော လူငယ်တစ်ယောက်ကို အကူအညီတောင်းလျက် ရှုခင်းကို နောက်ခံထားကာ ဓာတ်ပုံအရိုက်ခံကြလေသည်။

“ One ”

“ Two ”

“ Three ”

ရိုက်ပြီးသွားသောအခါ ဓာတ်ပုံကို အဆင်ပြေမပြေ
ကြည့်ကြည့်သည်။ သဘောကောင်းသော လူငယ်ကတစ်ခုခု အဆင်မပြေလျှင် ပြန်ရိုက်ပေးမည်ဟု
ဆိုပါသည်။
သို့သော် ဒုတိယအကြိမ် ပြန်ရိုက်ဖို့မလိုတော့လောက်အောင် အဆင်ပြေသည်ထက် ပိုလွန်းလှပါသည်။

အရပ်နိမ့်သော သုတကို အလယ်မှာထား၊
စည်သူနဲ့ ရောင်ဝါက ဘေးတဖက်စီနေကာ
တစ်ယောက်ပခုံးတစ်ယောက်ဖက်လျက် သဘာဝကျစွာ ပြုံးရယ်နေသော သူငယ်ချင်းသုံးယောက်၏ ဓာတ်ပုံ၌ ဖြူစင်သည့် ချစ်ခြင်းမေတ္တာကို တွေ့ရလေသည်။

နောက်တစ်ကြိမ်ပြန်ရိုက်လျှင်တောင် ယခုလို အသက်ဝင်သည့်ပုံမျိုး ရချင်မှ ရနိုင်ပါလိမ့်မည်။

ဓာတ်ပုံရိုက်သူအား သူတို့သုံးယောက် အနူးအညွတ် ကျေးဇူးတင်မိကြသည်။

မန္တလေးပြန်ရောက်သည့်အခါ
ထိုဓာတ်ပုံကို size အသေးသုံးပုံထုတ်၊
တစ်ယောက်တစ်ပုံစီယူပြီး ပိုက်ဆံအိတ်ထဲ ကိုယ်စီထည့်ထားကြသည်။

တစ်ပုံကိုတော့ ပုံမှန်ထက် အနည်းငယ်ကြီးသော
Size မျိုးထုတ်လျက် သူတို့အခန်းထဲက စာကြည့်စားပွဲပေါ်၌ ဘောင်သွင်းကာ Photostand ဖြင့်ထောင်ထားလိုက်လေသည်။

သူငယ်ချင်းသုံးယောက်၏ ကလောခရီးစဉ်သည်
သူတို့ဘဝ၌ ဘယ်တော့မှ မမေ့နိုင်တော့မည့် ခရီးတစ်ခုဖြစ်ခဲ့ပါတော့သည်။          

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora