Chapter ( 35 )

1.1K 101 0
                                    

ပဉ္စမနှစ် ဗိသုကာတန်းကို တက်ရောက်ပြီး
နှစ်ပတ်အကြာ၌ နေခြည်မိုးနဲ့ သုတတို့အကြားမှာ
အထင်လွဲစရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့၏။

အဲသည်နေ့က  ကျောင်းမဂ္ဂဇင်းအတွက် ကဗျာစာမူပို့ပြီးအပြန် အဓိပတ္တိလမ်းပေါ်မှာ တစ်ချိန်က လူပုံအလယ်၌ မိမိပါးကို ရိုက်ခဲ့သော စုလှိုင်ဝင်းရှိန်နဲ့ မျက်နှာချင်းဆိုင်
တွေ့မိကြသည်။ နှစ်ယောက်သား ခြေလှမ်းတွေ
တုန့်ခနဲ ဖြစ်သွားပြီး အိုးတိုးအမ်းတမ်း
ဖြစ်သွား၏။

ပြုံးပြလိုက်ရမလား။ ခပ်တည်တည်နဲ့ပဲ မမြင်ချင်ယောင်ဆောင်လိုက်ရမလား။ အာ ဘာပဲဖြစ်ဖြစ် မိမိက
ယောက်ျားလေးပဲ။ မိန်းကလေးတစ်ယောက်၏ စိတ်ကို
နားလည်ပေးရမှာပေါ့။

ထိုစိတ်ဖြင့် မိမိ ဘက်မှစ၍ ပြုံးပြလိုက်သောအခါ
မမျှော်လင့်ဘဲ စုလှိုင်ဝင်းရှိန်ကလည်း ပြန်ပြုံးပြသဖြင့်
ထိုခဏအတွင်း၌ နှစ်ယောက်ကြားမှာ တချိန်က ဘာပြဿနာမှ မရှိခဲ့သလိုပင် ခံစားရသည်။

ထို့နောက် သူကလည်း လျှောက်အလာ၊ မိန်းကလေးကလည်းလျှောက်အလာ။ အနားရောက်တော့ ဒေါက်ဖိနပ်စီးထားသော စုလှိုင်သည် ကျောက်ခဲတစ်လုံးကို နင်းမိပြီး
ရှေ့သို့ အရှိန်ဖြင့် လဲကျလာလေရာ သူ အချိန်မီ
ဖမ်းထိန်းလိုက်ရလေသည်။

“ ရရဲ့လား ... ရရဲ့လားဗျ ”

“ ရတယ် ... ရတယ် ကျေးဇူးပဲ ”

သူမ ကိုယ့်ကိုကိုယ် တည့်မတ်စွာ ပြန်ထိန်းနိုင်သွားသောအခါ လက်မောင်းတွေကို ဆုပ်ကိုင်ထားမိရာမှ အသာ လွှတ်ပေးမိသည်။

“ ဟို ကျတော်.. အဲ ... ငါ မင်းလဲလာလို့ ထိန်းပေးလိုက်ရတာနော်”

“ ဟုတ်ပါတယ်။ ဘယ်သူက ဘာပြောနေလို့လဲ။ တကယ်တမ်း ကျွန်မ အရင်တစ်ခါလို ရှင့်ကို
ပါးမရိုက်ပါဘူး စိတ်ချပါ ”

သူမ က ပွင့်ပွင့်လင်းလင်း တည့်တိုးပြောချလိုက်သောကြောင့် သူ အမှန်တကယ်ပင် စိတ်ပေါ့သွားရပါသည်။

“ အ ... ။ကျွန်မ ခြေထောက် ထောက်မရတော့ဘူး အားလားလား နာလိုက်တာ ”

ငုံ့ကြည့်လိုက်တော့ ဖြူစင်ချောမွေ့နေသည့် ခြေဖဝါးလေးမှာ အကြောထိသွားသဖြင့် ယောင်နေသည်ကို  တွေ့ရလေသည်။

“ အစစ်လွဲသွားတာထင်တယ်။ တကယ်လို့ ခင်ဗျား ခွင့်ပြုမယ်ဆိုရင် ကျတော် ဟိုခုံပေါ် တွဲခေါ်ပေးရမလား ”

“ အင်း တွဲပေးပါ ”

ပြောပြောဆိုဆိုနဲ့ သူမသည် ယောက်ျားလေးတစ်ယောက်လို သူ့ပခုံးကို ဖက်လျက် ခုံတန်းရှည်သို့ ထော့နဲ့ထော့နဲ့ဖြင့် ရောက်အောင် လျှောက်၏။
ခုံပေါ်မှာ နှစ်ယောက်အတူ ထိုင်မိကြသောအခါ
သူမဘက်က စကားစပြောလာ၏။

“ ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်။ အခု ကျွန်မကို
ကူညီပေးတဲ့အတွက် ”

“ ရပါတယ်ဗျာ ”

သူ ပြုံးမိသည်။ ထို့နောက် စုလှိုင်ဝင်းရှိန်က
နူးညံ့သိမ်မွေ့သော  လေသံအေးအေးဖြင့် ဆက်ပြောလေသည်။

“  အရင်တစ်ခါက ရှင့်ကို ရိုက်လိုက်မိတဲ့အတွက်
ကျွန်မ တောင်းပန်ပါတယ်။ အဲတုန်းကလေ
ကျွန်မ မရင့်ကျက်သေးတာကြောင့်
ရှင့်ကို စကားလုံးတွေနဲ့ ထိုးနှက်မိတာ ပြန်တွေးကြည့်တော့ ကျွန်မ တော်တော် လွန်ခဲ့တယ် ”

" ကျတော့်ဘက်က နမော်နမဲ့နိုင်မှုအတွက်လည်း
ပြန်တောင်းပန်ပါတယ်ဗျာ။ မင်းလည်း အဲတုန်းက
တော်တော် ရှက်ခဲ့ရမှာ ကျတော်ကြောင့် ”

သူမက ခစ်ခနဲ ရယ်၏။

“  First Year တုန်းကဖြစ်ခဲ့တဲ့ ပြဿနာကို
အခုမှ နောက်ဆုံးနှစ်ရောက်မှ ဖြေရှင်းနေမိကြတာ
ရယ်စရာတော့ အကောင်းသားလား ”

“ ဟုတ်တယ်နော် ”

အတိတ်တုန်းက Serious ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ အချိန်တွေကြာသွားတဲ့အခါ ဟာသကြီးလိုပါပဲလား။
သုတလည်း ဤအဖြစ်အပျက်ကို သဘောကျစွာ
ရယ်မောမိလေသည်။

မိမိတို့နှစ်ယောက်အား နေခြည်မိုးအဝေးကနေ လှမ်းကြည့်နေခဲ့သည်ကို သုတ မမြင်လိုက်မိချေ။

စာသင်ခန်းထဲဝင်တော့ နေခြည်မိုးနဲ့သူ အခန်းပေါက်ဝ၌
မျက်နှာချင်းဆိုင် ဆုံမိကြ၏။ သူ ပြုံးပြမိသောအခါ
နေခြည်မိုးက ခပ်တည်တည်ပင် စိုက်ကြည့်လျက်
သူ့ခန္ဓာကိုယ်ကို တွန်းတိုက်ကာ ထွက်သွားလေသည်။
တစ်ခုခုတော့ လွဲနေပြီ။ ဘာဖြစ်သွားမှန်း သူ မခန့်မှန်းတတ်ချေ။

“ ငါ့အပေါ်ကို တစ်ခုခု အထင်လွဲနေတာများရှိလား ”

ရုတ်တရက်ပေါ်လာသော သတ္တိများဖြင့်
ချက်ချင်းပဲ နေခြည်မိုးနောက်လိုက်သွားပြီး
မေးကြည့်မိသည်။ သူမက မည်သည့်စကားမျှ ပြန်မပြောဘဲ  ရှောင်ထွက်သွားသောအခါ သုတ အောင့်သက်သက်ဖြစ်ကျန်ခဲ့ရလေသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now