Ch ( 39 )

258 12 3
                                    


“ ဘာဖြစ်တာလဲဟင် ရောင်ဝါ ”

ဖုန်းကိုင်ထားသည့် လက်တွေ တဆတ်ဆတ်တုန်ယင်နေပြီး မျက်နှာလည်း အပျက်ပျက်အယွင်းယွင်းဖြစ်နေသော
ရောင်ဝါ့ကို ငေးကြည့်လျက် နေခြည်မိုးက မေးသည်။

“ သုတနဲ့ စည်သူတို့ Accident ဖြစ်လို့တဲ့။ ငါအခု ဆေးရုံ
လိုက်သွားမှရမယ် ”

ထို့နောက် ရောင်ဝါသည် အနားမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို အစီအစဉ်စာရွက်ကိုပေးထားခဲ့ပြီး

“ ငါ့အစား Presenter မင်းလုပ်လိုက်တော့ကွာ ” ဟုဆိုကာ ပျာယာခတ်စွာ ထွက်လာခဲ့တော့ နေခြည်မိုးလည်း ဘေးကနေပါလာ၏။

“ ငါရောလိုက်ခဲ့မယ်။ နင်အရမ်းစိတ်လှုပ်ရှားနေတယ်။
ကားကို ငါမောင်းပေးမယ် ”

ဤသို့ဖြင့်  သူ့ကားကို နေခြည်မိုးမောင်းပြီး နှစ်ယောက်အတူ ဆေးရုံကြီးသို့ ထွက်လာခဲ့ကြပါသည်။

ဆေးရုံရောက်တာနဲ့  ပြင်ပလူနာဌာနမှာ စုံစမ်းမေးမြန်းကြည့်သောအခါ  တာဝန်ကျ ဆရာဝန်၏ ပြောပြချက်အရ သူငယ်ချင်းနှစ်ယောက်လုံး ခွဲခန်းဝင်နေရသည်ဟု
သိရသည်နှင့် Operation Room သို့စိုးရိမ်ပူပန်စွာ
ပြေးကြရပါသည်။

ထို့နောက် နာရီတော်တော်ကြာအောင် ခွဲစိတ်ခန်းရှေ့မှာ
ဟိုလျှောက်လိုက် သည်လျှောက်လိုက်နဲ့ စိတ်ထိခိုက်
ပူပန်စွာ စောင့်ကြရသည်။ ဘုရားတရားနဲ့ ဝေးကွာနေခဲ့တာကြာပြီဖြစ်သော ရောင်ဝါသည် အခုမှပဲ ရသမျှတရားစာတွေကို တတွတ်တွတ် ရွတ်နေမိ၏။ နေခြည်မိုးကတော့ ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်ရင်း စိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေလျက်ရှိသည်။

အရင်ဆုံး ခွဲခန်းထဲက ထွက်လာရသူမှာ စည်သူဖြစ်၏။
စည်သူ၏ စိတ်လှုပ်ရှား မတည်ငြိမ်မှုကြောင့် မေ့ဆေးပေးပြီး ကျိုးသွားသည့် ခြေထောက်ကို ခွဲစိတ်ရသည်။
စတီးချောင်းဖြင့်ဆက်လျက် ကျော်ပတ်တီးစီးပေးထားသည်။

တခြားအတွင်းပိုင်း ထိခိုက် ဒဏ်ရာဘာမှမရှိဟု ဆိုသဖြင့် စည်သူ့အတွက် စိတ်သက်သာရာ ရသွားသော်လည်း စိုးရိမ်စရာကောင်းသော အခြေအနေမှာ ရှိနေသည့် သုတအတွက်တော့ ရင်ဘတ်ထဲ ပူပြင်းလောင်မြှိုက်နေမှုက ပျောက်မသွားခဲ့ချေ။

ခဏကြာတော့ ခွဲခန်းထဲမှ ဆရာမတစ်ယောက် ရေးကြီးသုတ်ပျာထွက်လာသည်။

“ လူနာအတွက် B သွေး 3 ပုလင်းအရေးပေါ်လိုတယ် ”

သုတနဲ့ သူက သွေးတူသည်။ နေခြည်မိုးကလည်း B သွေးဟုဆိုသည်။ ထို့နောက် နေခြည်မိုးက သူ့အစ်ကိုကို ဖုန်းဆက်၍ အကူအညီတောင်းသည်။ ကိုလရောင်မိုးကလည်း B သွေးဖြစ်၏။

သွေးလှူပြီးကြတော့ သုံးယောက်သား ခဏတောင်လှဲမအားဘဲ စိတ်လောနေပြီး ခွဲစိတ်ခန်းရှေ့မှာ
ဆက်စောင့်ကြသည်။

နောက်ထပ် တစ်နာရီကျော်
အကြာ၌ ခွဲခန်းတံခါးပွင့်လာပြီး  ဆရာဝန်များ ထွက်လာကြလေသည်။ ရောင်ဝါသည်  ထိုင်ရာမှ ထရပ်လိုက်ပြီး
ဆရာဝန်ဆီသို့ ရင်တထိတ်ထိတ်ဖြင့် လျှောက်သွားကာ
မေးလိုက်၏။

“ ဆရာ ကျတော့် သူငယ်ချင်းရဲ့ အခြေအနေ ဘယ်လို... ”

မေးရင်း ဆရာဝန်၏မျက်နှာ၌ ခွဲစိတ်မှုအောင်မြင်ခဲ့သောဆရာဝန်တစ်ယောက်၏ ကျေနပ်ဂုဏ်ယူနေမှုမျိုး ရှာဖွေကြည့်မိသောအခါ မတွေ့ရဘဲ ညှိုးနွမ်းနုံးခွေလျက်ရှိသော
အရိပ်အယောင်များသာ မြင်နေရသဖြင့် ရောင်ဝါ၏ ခြေဖျားလက်ဖျားတွေ တုန်ယင်လာပြီး
နောက်ဆက်တွဲစကားကို ဆက်မပြောနိုင်တော့ချေ။

နာရီပေါင်းများစွာကြာအောင် ခွဲခန်းဝင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းလျနေသော ဆရာဝန်သည် စိတ်မကောင်းဟန်ဖြင့် ပင့်သက် ရှိုက်လျက် ဖြေလေသည်။

“ စိတ်မကောင်းပါဘူး။ လူနာ ဆုံးသွားပါပြီ ”

“ ဗျာ ”

ဆရာဝန်၏ စကားသံအဆုံး၌ ရောင်ဝါ၏
အမြင်အာရုံများ ပြာဝေမှောက်မိုက်၍ ခန္ဓာကိုယ်တစ်ခုလုံး  အေးစက်တောင့်တင်းသွား၏။

နေခြည်မိုးသည် ချက်ချင်းပဲ
မျက်ရည်များဆို့တက်လာပြီး ငိုသံမထွက်မိအောင်
ပါးစပ်ကို လက်ဖြင့် ပိတ်ထားရရှာသည်။

သူငယ်ချင်းဖြစ်သူကို ဆုံးရှူံးရပြီဟူသည့် အသိကြောင့်
တဖြေးဖြေး ယိမ်းထိုးချောက်ခြားလာသော ရောင်ဝါသည် ရပ်ထားသော ခြေထောက်တွေ ယိုင်နဲ့လာကာ နေရာမှာတင် ထိုင်လျက်သား ပုံလဲကျသွား၏။

ထိုအခါ ကိုလရောင်မိုး အနားရောက်လာပြီး သူ့ကို
စိတ်မကောင်းစွာဖြင့် ပွေ့ဖက်နှစ်သိမ့်သောအခါ
ဆောက်တည်ရာမရဖြစ်နေသော ရောင်ဝါသည်
ကိုလရောင်မိုး၏ ရင်ဘတ်ထဲမှာ
နာကျင်ကြေကွဲစွာ အော်ငိုနေမိပါတော့သည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now