Chapter ( 33 )

1.1K 94 0
                                    

ရုပ်ရှင်ရုံသို့ ယောက်ျားလေးများ အရင်ရောက်နှင့်ကြပြီး
မိန်းကလေးတွေက နောက်ကျမှ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ မမျှော်လင့်ဘဲ နေခြည်မိုး၏ အစ်ကို လရောင်မိုးပါ ပါလာတာကြောင့်  အံ့ဩမိလျက် တစ်ခါတွေ့ဆုံရင်းနှီးခဲ့ဖူးသော သုတနဲ့ရောင်ဝါတို့ က ဖော်ရွေစွာ နှုတ်ဆက်လိုက်ကြသည်။

“ ဒီရုပ်ရှင် Review တွေကောင်းတာနဲ့ အကိုကြည့်ချင်လို့ လိုက်လာတာ။ အနေတော့ မခက်ကြနဲ့နော။ အကို့ကို မင်းတို့ သူငယ်ချင်းတွေလိုပဲ သဘောထား ”

ကိုလရောင်မိုးက သူလိုက်လာရတဲ့အကြောင်းအရင်းကို
ရှင်းပြသော်လည်း ညီမဖြစ်သူကို စိတ်မချ၍ လိုက်လာခဲ့သည်ဟုပဲ သုတ ထင်ခဲ့မိ၏။

သို့သော် ရုပ်ရှင်ရုံက အပြန် ဆိုင်တစ်ဆိုင်၌ ညစာဝင်စားကြသောအခါ ရောင်ဝါ့ဆီမှာသာ ရစ်ဝဲလျက်ရှိသော
ကိုလရောင်မိုး၏ စူးရှတောက်ပသော အကြည့်များကို
အကဲခတ်မိပြီး မိမိအထင်တွေ မှားသွားကြောင်း
သုတ လက်ခံလိုက်ရတော့လေသည်။

ကိုလရောင်မိုးက ညီမဖြစ်သူကြောင့်လိုက်လာတာမဟုတ်ဘဲ ယောက်ဖလောင်းလေးရဲ့ သူငယ်ချင်းကြောင့်လိုက်လာတာ ဖြစ်နေ၏။

စားသောက်ဆိုင်က အပြန်၌ landscape Design လှသော နန်းရှေ့က ကျုံးပလက်ဖောင်းမှာ လမ်းလျှောက်
ဖြစ်ကြသည်။

ကိုလရောင်မိုးကတော့ ချိန်းထားတာရှိနေ၍ သူတို့နဲ့အတူလိုက်မလာဖြစ်သောကြောင့် လူငယ်များ စိတ်ကျဉ်းကျပ်မှုမှ လွတ်မြောက်သွားကြတော့၏။

သူတို့အုပ်စု စကားတပြောပြောဖြင့် လမ်းလျှောက်နေမိကြရင်း ခြေလှမ်းကျဲသော သုတနဲ့ နေခြည်မိုးတို့သည် ရှေ့သို့ တော်တော်လေး ရောက်သွားကြပြီး သူငယ်ချင်းများ အနောက်မှာ ကျန်ရစ်ခဲ့သည်ကို သတိမထားမိတော့ချေ။

သတိရမှ လှည့်ကြည့်မိတော့ ခန့်ညားထည်ဝါလှသော နန်းမြို့ရိုးကိုနောက်ခံထားလျက် တစ်ယောက်တစ်လှည့်
ဓာတ်ပုံရိုက်ပေးနေကြသော သူငယ်ချင်းများကို တွေ့ရလေသည်။

သူတို့ နှစ်ယောက်လုံး ဓာတ်ပုံရိုက်ရတာရော၊ ဓာတ်ပုံအရိုက်ခံရတာရော ဝါသနာပါသူများ မဟုတ်ကြသောကြောင့် သူငယ်ချင်းတွေဆီ မသွားဖြစ်တော့ဘဲ
အနီးနားက လွတ်နေသော ခုံတန်းလျားမှာ ဝင်ထိုင်နေမိကြသည်။

“ ငါတို့ မန္တလေးက တော်တော်ပြောင်းလဲသွားတာပဲနော် ”

“ အင်း။ မျက်စိရှေ့တင် တော်တော်တိုးတက်လာတယ် ”

ထို့နောက်   လှိုင်းတွန့်ကလေးများ မဆိုသလောက်ထနေသည့် ကျုံးရေပြင်ကို  ငေးကြည့်ရင်း ဘာပြောရမှန်းမသိသလို တိတ်ဆိတ်သွားကြသည်။

သုတက ကောင်မလေးကို မသိမသာ ခိုးကြည့်၏။
ကောင်မလေးကလည်း သူ့ကို လှည့်အကြည့် မျက်လုံးချင်းဆုံမိကြလေသည်။

ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်မှာ
နှလုံးသားသည် လည်ပင်းဝသို့ ဒိတ်ခနဲ
ဒိတ်ခနဲ တက်လာသလား ဟုထင်မှတ်ရလောက်သည်။

“ နင် ငါ့ကို တစ်ခုခုပြောစရာရှိလို့လား ”

နေခြည်မိုးရဲ့ အသံက တိုးဖွညင်သာစွာ ထွက်ပေါ်လာ၏။သုတ ခေါင်းအသာညိတ်ပြသည်။
ထို့နောက်

“ နေခြည် ... ” ဟု

နာမည်ကို အဖျားစွတ်၍ မရဲတရဲ ခေါ်မိတော့
နေခြည်မိုး မျက်လွှာချသွားပြီး ဆက်ပြောလာမည့် စကားကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားစွင့်နေလေသည်။

“ နေခြည် ... ငါ ... ”

“ ဟိတ် နင်တို့တွေ ငါတို့နဲ့အတူ ဓာတ်ပုံလာမရိုက်ကြဘဲ
ဒီမှာ  ထိုင်ပြီး ဘာလုပ်နေကြတာလဲ ”

သူတို့နှစ်ယောက်အတွက် အရေးကြီးသော
စကားတစ်ခွန်း ထွက်ပေါ်လာတော့မည့်ဆဲဆဲ
ကျယ်လောင်လှသော မိန်းကလေး အသံတစ်ခု
ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခါ သုတ
ပြောမည့် နောက်ဆက်တွဲ စကားသံသည်
အပြင်ထွက်မလာတော့ဘဲ လည်ချောင်းဝမှာတင်
တစ်ဆို့ပျောက်ကွယ်သွားတော့၏။

နှစ်ယောက်လုံး ရှက်ရွံ့စိတ်ကြောင့် ထူပူသွားကြသည်။ မော့ကြည့်တော့ နေခြည်မိုးရဲ့ သူငယ်ချင်း။
တကယ့်ကို အနှောင့်အယှက်ပဲ။ ယနေ့အဖို့ နေခြည်မိုး၏
သူငယ်ချင်းကို သူ စိတ်ထဲမှာ ဒုတိယအကြိမ် ဆဲလိုက်မိသည်။

ရှားရှားပါးပါး အခွင့်အရေးရခဲ့သော‌ သည်တစ်ခါလည်း မိမိအချစ်တွေကို ဖွင့်ဟဝန်ခံဖို့ ပျက်ခဲ့ရလေတော့သည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completedحيث تعيش القصص. اكتشف الآن