3 (Unicode)

41.5K 2.9K 152
                                    

ကျွန်တော်တို့နှစ်ယောက် မာန့်ရဲ့ စေခိုင်းမှုကြောင့် မိဘတွေကို အကြောင်းကြားရန် ထွက်လာခဲ့ကြသည်။ထွက်မလာခင်မှာတော့ နေမျိုးက ဟိုညီလေးအား သေချာဖျောင်းဖျပေးရသေးသည်။လူကြီးတွေက ဖုန်းဆက်မေးလာရင် ဘယ်လို၊ဘယ်ပုံပြန်ဖြေရမယ်ဆိုတာကအစ သေချာပြောပြခဲ့ရသည်။

ပထမဦးဆုံးအနေနှင့် မာန့်ရဲ့တစ်ဦးတည်းသော မာတာမိခင်ကြီးဆီသို့ ကျွန်တော်တို့နှစ်ယောက် သွား‌ရောက်အကြောင်းကြားရမည်ဖြစ်သည်။
ကားမောင်းသူနေရာမှာထိုင်နေတဲ့ ကျွန်တော်က ဘေးကထိုင်နေတဲ့ နေမျိုးကို အားကိုးတကြီးနဲ့ ကြည့်မိသည်။ဒီကောင်က တစ်ဖက်သားနားဝင်အောင်ပြောတတ်၊ဆိုတတ်တယ်လေ။ကျွန်တော်ကတော့ စိတ်ထဲရှိရင်ရှိတဲ့အတိုင်းပြောတတ်သူဆိုတော့ နှုတ်ထွက်ဆိုးတယ်။အခု လူကြီးတွေကို သွားရောက်ပြောရာမှာ ကျွန်တော်စကားပြောပုံနဲ့သာဆိုရင် လူကြီးတွေရောဂါဖောက်ကုန်လိမ့်မည်။ဒါကြောင့် နေမျိုးကိုသာ အားကိုးရတော့မည်ဖြစ်သည်။

"ဟေ့ကောင် နေမျိုး။မာန့်ရဲ့အမေမှာက နှလုံးရောဂါရှိတယ်နော်။"

"အေးလေ အဲဒါဘာဖြစ်လို့လဲ။"

"သူ့သားကသာ ယောက်ျားလေးတစ်ယောက်ကို ခိုးပြေးသွားတယ်ဆိုတာသိသွားရင် ရောဂါတွေများဖောက်လာမလားမသိဘူးနော်။
တော်ကြာ ငါတို့ပါ အမှုပတ်နေပါဦးမယ်ကွာ။"

"အဲဒါတော့ဟုတ်တယ်။
ဒါပေမဲ့ကွာ သေချာပြောပြရင်တော့ ရမှာပါ။ပြောရမယ့်ဟာကတော့ ပြောကိုပြောရမှာပဲလေ။မပြောလို့မှ မဖြစ်တာ။"

"ဒါပေမဲ့လည်း ငါကတော့ စိုးရိမ်တယ်ကွာ။ငါစကားပြောမတတ်ပုံနဲ့သာဆိုရင် လူကြီးတွေ သွေးတက်ကုန်လိမ့်မယ်။"

"ကောင်းအောင်ပြောလည်းဒီပါးစပ်၊မကောင်းအောင်ပြောလည်း ဒီပါးစပ် ပါပဲ။
လူကြီးတွေနားဝင်အောင်သေချာပြောပြရမှာပေါ့။"

"အဲဒါကတော့ မင်းကိုပဲ အားကိုးရတော့မှာပဲ။ငါကသိပ်စကားပြောတတ်တာမဟုတ်ဘူး။"

နေမျိုးက ကိုယ့်အကြောင်းကိုယ်တော့သိသားပဲဆိုတဲ့အကြည့်မျိုးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ခပ်ရိပ်ရိပ်လေးပြုံးသည်။ပြီးနောက် ခေါင်းအသာငြိမ့်၍သာ ကျွန်တော့်စကားကိုလက်ခံသည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now