အပိုင်း-(၁)

115K 4.9K 650
                                    

"***..."
 
မုန့်စားဆင်းချိန်အချက်ပေးခေါင်းလောင်းမြည်သံနောက်၌ ချူပ်တည်းထားရသည့် ဒေါသပုန်ထမှုများနှင့် မျက်နှာရဲရဲကောင်လေးဟာ နေရာမှ ခုန်ထ၍ အတန်းထိပ် ကျောက်သင်ပုန်းရှေ့ မြေဖြူပုံးစစ်နေသူတည့်တည့် ခြေလှမ်းကျဲများဖြင့် လျှောက်လာသည်။
 
"မင်း...!"
 
အလစ်ငိုက်နေသူ ဂရုမပြုနိုင်မီ လည်ကုပ်မှ နောက်ပြန်ဆွဲကာ  သစ်သားကြမ်းပြင်ပေါ် ဆောင့်ချ၍ ကိုယ်ပေါ်သို့ သူပါ တက်ခွထားပစ်လိုက်သည်။ ထို့နောက် တအံ့တသြအကြည့်ကို လျစ်လျှူရှု၍....
 
ခွပ်...ခွပ်....
 
ပစ်ထိုးချက်များအဆုံး အောက်မှ သကောင့်သား၏ မျက်မှန်ဟာ ကျွတ်လျက် အဝေးသို့ လွင့်စင်သည်၊ မချိမဆန့် ခံနေသူက ကိုယ့်ရန်သူတော်ပီပီ ပေါက်ပြဲသွားသော နှုတ်ခမ်းကို အံကြိတ်သည်းခံခြင်းပြုကာ...
 
"-ီးလိုတွေ လုပ်နေတာလား ခွေးသားရဲ့"
 
တစ်ပြန်အောက်ရောက်သွားသော သူ့ကိုယ်ဟာ ဆဲသံတစ်ခုနှင့် ခပ်ကျစ်ကျစ်လက်မောင်းအချို့၏ ဆွဲလှန်မှုကြောင့်...။
 
ခွပ်...ခွပ်....
 
တစ်ဖန်ပြန်ခံရသည့် လက်သီးဗုံးများဖြင့် သူ့နားထင်ဟာ စုတ်ပြဲလို့လာသည်။ လက်ဝှေ့ကွင်းထဲမှ သမားများလို အသည်းအသန်ထိုးကြိတ်နေသူများကြောင့် အတန်းထဲမှ ကျောင်းသူလေးအချို့က သွားကျိန်းပါးကျိန်းအနေအထားဟန်မူဖြင့် ခပ်ဝေးဝေးမှ လှမ်းကြည့်လို့နေသည်။
 
"ဟဲ့ ဟိုနှစ်ကောင် ဖြစ်ပြန်ပြီလား..."
 
ကျောင်းသားများခေါ်လာပုံရသည့် အတန်းပိုင်ဆရာမ ဒေါ်မြင့်ချိုက ခေါင်းကိုခပ်နာနာရမ်း၍ အတန်းတွင်းဝင်ကာ အပေါ်စီးမှ ထိုးနှက်နေသော ရှို့သံယာကို ဂုတ်မှ ဆွဲချ၏။ ထိန်းနေကျဖြစ်ဟန်ပီပီ ဝရုန်းသုန်းကားဖြစ်မနေသည့် အနေအထားမှ သကောင့်သားနှစ်ဦးအား တစ်ဖက်တစ်ချက်စီ အနည်းငယ် ခွာလျက် ဖြန်ဖြေခြင်းမဟုတ်သော ဆူပူထိန်းကျောင်းခြင်းကို ပြုဖြစ်တော့မည်။
 
ဘေးတစ်ဖက်တစ်ချက်စီ ကျောင်းသားအစုန်အဆန် ဟန့်တားဆွဲယူထားသည်တောင်မှ လက်သီးတရွယ်ရွယ်နှင့် မာန်သွေးနေသည့် မိမိကျောင်းသားများအား အလယ်နေရာမှသာ ခါးထောက် ကြည့်နေပေးလိုက်ပြီးမှ ဖြေရှင်းနေကျအတိုင်း စကားဆိုရသည်။
 
"ကဲ....နှစ်ကောင်လုံး ရုံးခန်းလိုက်ခဲ့"
 
_______
 
တောက်....တောက်....တောက်
 
ရွှေရောင်ဖောင်တိန်ကို သစ်သားစာပွဲထက် တတိတိခေါက်တီးရင်း တိတ်ဆိတ်မှုကို အသာဖြိုခွင်းပေးမိသည်။ အကြောင်းကား မျက်စိရှေ့မှ အပြစ်သားနှစ်ယောက်က ကိုယ့်ကို ဝန်ခံခြင်းမဆိုနှင့်၊ ရိုရိုကျိုးကျိုးတောင် ကြည့်မလာဘဲ အချင်းချင်း အကြည့်စစ်တိုက်နေကြတာများ လက်ထဲ ဓားသာထည့်ပေးမိလျှင် သူသေ ကိုယ်သေ ခုတ်မည့်ပုံ။
 
"ဝရုန်းသိုင်းမာန်....!"
 
ပြဿနာ၏ အစပျိုးသူထင်ရသောကြောင့် ရှေ့ဆီမှ မာန့်အား ခေါ်ဆိုလိုက်သည်။
 
ဆတ်ခနဲလှည့်ကြည့်လာသော်လည်း အကြည့်ကတော့ စူးမနေ...။ စူးနေလို့လဲ မရ ၊ ကိုယ်က သူ့ထက်အသက်နှစ်ပြန်ကြီးသည့် ကျောင်းအုပ်မဟုတ်လား။
 
"မင်းဘာလို့ သံယာ့ကို ရန်သွားရှာရတာလဲ?"
 
အမေးခံရသူ၏ မအီမလည်မျက်နှာထားနှင့် ဆန့်ကျင်စွာ တစ်ဖက်မှ အနှီကောင်လေးက ထောင့်မကျိုး...။
 
"ဆရာကြီးကဗျာ....ကျွန်တော့်ကိုပဲ ဘာလို့ဆူနေရတာလဲ....ရှို့သံယာက ကျွန်တော့်ကို ရန်စတာ"
 
"ဟေ...ငါတို့ကတော့ မင်းစထိုးတယ်ပဲမြင်တယ်..."
 
"Emglishချိန်တုန်းက သူစာအုပ်ဝေတော့ ကျွန်တော့်မျက်နှာတည့်တည့် တမင်လှမ်းပေါက်လို့...."
 
ကျောင်းအုပ်ဦးစိန်ထွန်း ဇာတ်ရည်လည်လေပြီ။ ဝရုန်းနံဘေးမှ လက်ပိုက်ရပ်နေသော အတန်းခေါင်းဆောင်ဖြစ်သည့် ရှို့သံယာကို အကြည့်ဖြင့်သာ မေးလိုက်သည်။
 
"ဟို...ကျွန်တော် တမင်လုပ်တာမဟုတ်ဘူး"
 
ဝါဝင်းဝင်းလက်ဖဝါးနှစ်ဖက်ကို အသာရမ်းကာ ပြောလာပုံက ခုနက နပမ်းသတ်ခဲ့သူ မဟုတ်သည့်အတိုင်း။ စာဂျပိုးလေး၏ စီလီကွန်ကိုင်းအဖြူနှင့် မျက်မှန်ထူထူမှာ အနည်းငယ်ရွဲ့စောင်းနေသည်။ နဖူးပေါ် အုပ်ကျနေသော ဆံစမျှင်များက ရှုပ်ပွနေ၍ မျက်နှာဖွေးနုမှာလည်း ဖူးယောင်ယောင်။ ပီဘိဖြူစင်မှန်းသိသော်လည်း ဒီကောင်လေးနှစ်ယောက်၏ ရန်ငြှိုးက မသိသူမရှိအောင် နာမည်ကြီးသည်။ ရှို့က စာအုပ်ဝေခွင့်ရ၍ ဝရုန်းအား တမင် နှပ်ခဲ့မှန်း ဦးစိန်ထွန်း ရိပ်မိပြီးသားဖြစ်၏။
 
တစ်ဖက်မှ ဝရုန်းသိုင်းမာန်ကိုလည်း လျှော့တွက်၍ မရ။ နာမည်နှင့်လိုက်အောင် ဝရုန်းသုန်းကားအနေအထားတွေကို မထင်လျှင်မထင်သလို ဖန်တီးတတ်သည်။ ထိုသို့ဆိုသော်လည်း လူလိမ္မာ စာရင်းဝင်မဟုတ်သည့် ဤကောင်လေးဟာ ဆိုးသွမ်းနေခြင်း မဟုတ်ဘဲ အထိုက်အလျောက်တော့ နေတတ်၊ ထိုင်တတ်ရှာသည်။
 
သို့သော် ဒီကောင်လေးနှစ်ယောက်၏ စောင့်ထိန်းအပ်သော စည်းမျဉ်း၊ အလိမ္မာများမှာ တစ်ယောက်စီပေါ်ထပ်၍ စဉ်းစားဆင်ခြင်နိုင်ခြင်းမရှိ ဘဲ ချိုးဖောက်ဖျက်ဆီးတတ်ကြလေသည်။
 
ဦးစိန်ထွန်း သက်ပြင်းသာမျှင်းမိသည်။ နှစ်ဖက်မိဘများက အချင်းချင်းရင်းနှီးသူများဖြစ်သလို အစဉ်အလုပ်များနေသူများမို့ ကလေးချင်း အချင်းများသည့် ပြဿနာအတွက် ရုံးခန်းထိ တခုတ်တရ ခေါ်မရှင်းလင်းချင်တော့....။ ထို့ကြောင့်....
 
"နှစ်ကောင်လုံး ကျောင်းဆင်းရင် ဘာလုပ်ရမလဲ သိတယ်နော်...!"
 
ဆူပုတ်စွာနဲ့ ပြိုင်တူခေါင်းညိမ့်ကြသည်။ သနားသော်လည်း အလျှော့ပေး၍မဖြစ်၊ ယခုတောင် သူတို့က ကိုယ့်ကို အတော်လေး နိုင်စားနေလေပြီ။ အရွယ်လေးတွေကလည်း လူပျိုပေါက်အရွယ် ဆယ်တန်းကျောင်းသားတွေဆိုတော့....ကျောင်းအုပ်အာဏာပါဝါဖြင့် အနည်းငယ် ဖိထားတန်သည်။
 
________
 
"ဟူး...."
 
နားထင်ထိပ်မှ စီးဆင်းလာသော ချွေးစီးကြောင်းကို စိတ်ပျက်စွာ ပွတ်သုတ်လိုက်သည်။ တစ်ဖက်မှ ရှို့သံယာကို မသိမသာ ခိုးကြည့်တော့ ကြမ်းတိုက်ဝတ်ဖြင့် ပြောင်စင်ပြီးသား သစ်သားကြမ်းပြင်ကို တမင်အချောင်ခို၍ ခပ်ဖွဖွ တိုက်နေသည်။
 
"တချို့လူတွေများနော် ယောက်ျားကြီးဖြစ်ပြီး အချောင်ခိုတတ်လိုက်တာ...."
 
ဖြူးလိုက်သော ဆားကြောင့် စပ်သွားပုံရသည့် ရှို့သံယာက သူ့ကိုမျက်စောင်းထိုးလာသည်ကို မျက်လုံးထောင့်မှ မြင်နေရသည်။ အဖတ်မလုပ်ခြင်းကို ပေးအပ်၍သာ ဆရာမ၏သစ်သားစားပွဲကို အဝတ်စဖြင့် တိုက်နေလိုက်သည်။
 
"ယောက်ျားကြီးဖြစ်ပြီး သူများကို စောင်းပြောမနေနဲ့...မင်းသာ -ီးမယားရင် ဒီချိန်ငါအိမ်ပြန်နေရပြီ..."
 
"ဘာ...မင်း..."
 
ဖတ်...
 
လက်ထဲမှ အဝတ်စညစ်ညစ်ကို မျက်နှာတည့်တည့်ချိန်ကာ ပစ်ပေါက်လိုက်တော့ အရှောင်မကျွမ်းသည့် သင်းခမျာ ကြမ်းတိုက်ဝတ်နှင့် မျက်နှာမိတ်ဆက်သွားလေသည်။
 
"-ီးဖြစ်နေတာလား?"
 
ခွီး...
 
ဖရိုဖရဲ မျက်မှန်နှင့် အဝတ်စအနံ့မွှန်၍ ရှုတ်မဲ့သွားသည့် နှာခေါင်းကြောင့် အသံထွက်လှောင်လိုက်မိသည်။ မြန်မြန်အိမ်ပြန်ချင်နေပုံရသည့် တစ်ဖက်ကတော့ ရန်ပွဲကို ထပ်မစလိုစွာ ဘာမှမတုံ့ပြန်တော့။ သူလည်း ထပ်မပွားချင်ပေ...သူများတွေ အိမ်ပြန်နားနေသည့် အချိန်မှာ ရှို့သံယာ၏ စနက်ဖြင့် သန့်ရှင်းရေးလုပ်နေရသည်မဟုတ်လား။
 
"တော်ပြီနော်...မင်းနဲ့ငါ...."
 
မိမိကို လက်ညိုးထိုး၍ အောက်ကျနေသော အဝတ်စကို ပြန်ပစ်ပေးလာသည်။ အချိန်မှီဖမ်းယူလိုက်ရင်း ခေါင်းသာ ငြိမ့်ပြလိုက်၏။
 
သူတို့ကျောင်းဝန်းထဲမှာတော့ လူသူတိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေပြီး ကျောင်းထိပ်ဝမှ သရက်ပင်အိုကြီးအောက် ကြွေလွှင့်နေသော သစ်ရွက်ခြောက်များကို တံမြက်စည်းဖြင့် လှည်းကျဉ်းနေသော ကျောင်းစောင့်ကြီး ဦးမြင့်မောင်သာ ရှိသည်။
 
ဦးမြင့်မောင့်က ရန်ငြိုးရန်စွယ် အသွယ်သွယ်ထွက်နေသော ကောင်ငယ်လေးနှစ်ယောက် အတန်းတစ်ခုမှာ အကြိတ်အနယ်သန့်ရှင်းရေးလုပ်နေသည်ကိုခပ်ပြုံးပြုံးလှမ်းကြည့်နေရင်းပင်..။
 
___________
 
"ဆရာ...ဆရာ!!"
 
ပုခုံးထက်သို့ ခပ်ဖွဖွလှုပ်နိုးမှူကြောင့် အိမ်မက်ကမ္ဘာတွင် လွင့်မြောနေရာမှ သူအယောင်ယောင်အမှားမှား အသိဝင်လာသည်။
 
"ဟေ..."
 
မှုန်ဝါးဝါးမျက်လုံးနှစ်ဖက်ကို ပွတ်သုတ်ရင်း နံဘေးမှ မျက်မှန်ကို ကောက်တပ်ကာ ခေါ်ရင်းကိစ္စကို မေးမြန်းသည်။
 
"ကလေးတွေ ရောက်နေပြီ...ဆရာ"
 
လက်ထောက်သူရ၏ သတိပေးစကားကြောင့် ခေါင်းညိမ့်၍ ထိုင်ခုံမှ ထရပ်လိုက်သည်။ ကလေးတွေစောင့်ရင်း ရုံးခန်းက ခုံမှာ ခေါင်းမှောက်နားနေမိရာက ခေတ္တအိပ်ပျော်သွားဟန်တူ၏။ မိနစ်ပိုင်းလေးသာ အိပ်စက်ခဲ့သော်လည်း ခေါင်းထဲနောက်ကျိမနေခြင်းက နေ့လယ်ခင်းအိပ်မက်တွင် အချစ်ဦးပါလာ၍ ဖြစ်မည်ထင်ပါသည်။
 
"Morning ဆရာ...."
 
"အေး....လူစုံပြီလား?"
 
ဒုတိယ Section ဖြစ်၍ ကလေးတွေက အိပ်ချင်မူးတူးဖြစ်မနေ။ အိပ်ချင်နေရင်လည်း ကိစ္စတော့မရှိ ၊ သူနှင့် ငါးမိနစ်လောက် လေပေါလိုက်လျှင် မြူးကြွလာမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း English စာနှင့်ပတ်သတ်၍ ကျောင်းသင်ခန်းစာမဟုတ်သော Speaking နှင့် Grammar ဖြည့်စွက်သင်တန်းကို သူကိုင်ရသည်။ မပျင်းမရိအောင် သင်တန်းသားများနှင့် ရောထွေးသင်ကြားတတ်၍ ရပ်တည်လာသည့် သုံးနှစ်ကာလမှာ ဆရာဝရုန်းသိုင်းမာန်ဟု အမည်တွင် ကျော်ကြားသည်အထိ သူကြိုးစားခဲ့သည်။ အသက်အားဖြင့် သိပ်မကြီးရင့်သော်လည်း အတွေ့အကြုံရင့်ကျက်ကာ ထူးချွန်သည့်အပြင် ကျောင်းသားများနှင့် Close ဖြစ်သောကြောင့် သူ့ကို ကလေးများက ချစ်ခင်ရိုသေကြသည်။
 
ကြည်စင်စင်မျက်နှာကလေးနှင့် သန့်ပြန့် ခန့်ညားစွာ နေထိုင်တတ်သည့် ဆရာမို့ စိတ်ကစားသည့်ဒီအရွယ် တချို့သင်တန်းသူမိန်းကလေးများ၏ Crush ဘာညာ ခံရသည်များလည်းရှိ၏။ ထိုအခါမှတော့ လူကြီးပီသစွာဖြင့်သာ ရှောင်ဖယ်ဖြစ်သည်။ သူ့တွင် ချစ်သူမိန်းကလေးကလည်း ရှိသည်မဟုတ်လား။
 
အချိန်တစ်နာရီအားဖြင့် English Story များကို Project ဖြင့် ပြတန်ပြ ၊ Essay ပိုင်းကို ဖြည့်စွက်ပေးတန်ဖြည့်စွက် ၊ စာဖတ်ခိုင်းတန်ဖတ်နှင့် ကုန်လွန်သွားသော်လည်း လူကုံထံဆရာ၏ သင်တန်းပီပီ လေးဖက်လေးနံ Aircon ၊ ပန်ကာ အပြည့်ဖြင့် သက်တောင့်သက်သာ သင်ကြားကြသည်။
 
"အိမ်က လာကြိုမှ ပြန်ကြနော်....သူရ ကလေးတွေကို english သီချင်းဖွင့်ပေးထားလိုက်...ကဲ ဆရာပြန်ပြီ...."
 
သူရကို တစ်ချက်မှာကြားပြီး လက်ဆွဲအိတ်လေး ကိုင်၍ သူအတန်းအပြင်ထွက်လာခဲ့သည်။ လာကြိုသည့် မိဘများ သူ့ကို တရိုတသေ ပြုံးပြနှုတ်ဆက်သည်ကို အသိအမှတ်ပြု ခေါင်းညိမ့်ပြီးမှ ကားထဲဝင်ကာ စက်နိူးလိုက်၏။ ပါဝါအနည်းငယ်သာပါ၍ လူရှိန်အောင် တပ်ဆင်ထားသော မျက်မှန်ကို ဘေးခုံပေါ်တင်ကာ အိမ်သို့ အေးဆေးအမောင်းနှင်တော့သည်။
 
ငယ်စဉ်ကတည်းမှ ချမ်းသာပြည့်စုံသူဖြစ်၍ မန္တလေးမြို့တွင် သင်တန်းတစ်ခုစာ မြေကွက်လပ်ဝန်းကျယ်ကျယ်က သူ့အတွက် ဝန်မပိစေခဲ့။ သာမာန်အာဇီဝဖြင့် ပညာသင်ကြားခြင်းအပြင် ကြိုးစားမှု၏ ကျော်ဇောခြင်းကြောင့် မိဘများကပါ လိုက်လံဖြည့်ဆည်းပေးတတ်သည်။
 
"အချိန်နာရီ ရထားလေး
အမြန်နှုန်းပြေး
မိုင်တိုင်များလည်းကျော်...
အတိတ်ကိုသာ
သိမ်းဆည်းစေချင်သူ...."
 
ကားစမောင်းစဉ်က သတိလက်လွတ်ဖွင့်ထားမိသည့် သီချင်းမှ စာသားအချို့...။
 
တလှုပ်လှုပ်ခတ်သွားသော ရင်ခုန်သံများကို အပြုံးဖွတစ်ခုဖြင့် ဖုံးဖိထားလိုက်သည်။
 
ဪ....အချစ်ဦး....။
 
အချစ်ဟူသည် မသိစဉ်အရွယ်က စချစ်ခဲ့သည့် အချစ်ဦး...။ မြေးမြစ်ရသည်အထိ မေ့ပျောက်မှာ မဟုတ်သည့် အချစ်ဦး...။ တမ်းတသသသာ လွမ်းဖို့တန်သည့် အချစ်ဦး...။
 
"အို....ပုံပြင်လေးရေ ဘယ်ရောက်သွား
အနေအဝေးရင် အိမ်မက်များ
အေးခဲနေမာကျောသွား အတူပြန်ဆုံတွေ့တော့"
 
အချစ်ဦးတို့မည်သည် မပေါင်းဖက်ရခြင်း များသော်လည်း သူ့အတွက်ကျတော့ တခြားသူများလို ချစ်ရုံချစ်ကြသည်မဟုတ်ဘဲ သံယောဇဉ်ထပ်လောင်း၍ နက်နက်နဲနဲကို မြတ်နိုးခဲ့ကြလေပြန်တော့ကား....။
 
"ဟာ...!"
 
နံဘေးသို့ အရှိန်ပြင်းပြင်းကပ်မောင်းလာသည့် အဖြူရောင်ပရာဒိုလေးကြောင့် အတွေးရေယဉ်ကြောက တိခနဲ ပြတ်သွားရသည်။ တစ်ဆက်တည်းမှာပဲ ဒီလောက်လမ်းအကျယ်ကြီးကို တမင်တကာကပ်ကြောလာသဖြင့် ဒေါသ ဖြစ်သွားမိ၏။

ကောက်ရိုးမျှင်(Hay)(Completed)Où les histoires vivent. Découvrez maintenant