Part🎵13(Unicode)

1.7K 178 3
                                    

ညရောက်ပြီဖြစ်တာကြောင့် ရွာထဲက လူကြီးလူငယ်တို့ဓာတ်မီးကိုယ်စီဆွဲရင်း သူကြီးအိမ်သို့ချီတက်လာခဲ့ကြသည်။အစည်းအဝေးတင်မဟုတ်ပဲ စတုဒီသာပါ ရှိတာကြောင့် အတက်ကြွဆုံးကတော့ ကလေးတွေပင်ဖြစ်သည်။

အောက်လင်းမီးအိမ်တွေဖွင့်ပြီး ခြံရှေ့ကိုအလင်းပေးထားသည်။လပြည့်ခါနီးရက်ဖြစ်တာကြောင့်ကောင်းကင်မှာတော့လမင်းကြီးကထိန်ထိန်သာလို့နေသည်။
နွေရဲ့ဓာတ်ခံအပူဒဏ်ကိုတော့ ယပ်တောင်တဖြပ်ဖြပ်နဲ့အံတုနေကြပေမယ့် တစ်ခါတစ်လေတိုက်ခတ်လာတဲ့ လေညှင်းလေးကတော့ အေးမြမှုကိုယူဆောင်လာပါသည်။

"ကလေးတွေကဟိုဘက်ဝိုင်းမှာထိုင်ကြနော် လူကြီးတွေနားမှာရောက်ရပ်ခတ်မနေကြနဲ့၊စားပြီးရင်အားလုံးပြန်ကြ"

ဦးလေးရဲ့အသံကို ထန်းလျှက်ရည်အိုးကိုမွှေရင်း ကျွန်တော်ကြားရနေရပါသည်။
အကိုနဲ့ကာလသားတစ်ချို့ကတော့ အုန်းသီးနွှာသူကနွှာပြီး အုန်းသီးခြစ်သူတွေကတော့ အစ်မလှယဉ်တို့နဲ့အစ်မပိုးဥတို့အုပ်စုပင်ဖြစ်ကြသည်။

"အကို"

"အင်း.."

အုန်းသီးခွဲနေရင်းမှ လွန်းတံရဲ့ခေါ်သံကြောင့် ကျွန်တော်လှည့်ကြည့်လိုက်သည်။မျက်လုံးလေးတွေက ပေကလပ်ပေကလပ်နှင့် အုန်းသီးတွေကိုကြည့်နေပြန်ပါသည်။ဒီကောင်လေး အုန်းသီးစားချင်ပြန်တာလား။အစားပဲချောင်းနေတာကွာ။

"ဟိုဟာလေ.."

"ပြော..ဘာလဲ"

"ဟို..အုန်းရည်လေ သောက်ချင်လို့ ချန်ထားပေးပါအုံး"

ကြောက်နေတဲ့ပုံနဲ့စားချင်တာကိုတော့ ပူဆာတတ္သား။
ဘာမှပြန်ပြောမနေတော့ဘဲ အနားမှာရှိတဲ့ဖန်ခွက်ထဲကို အုန်းသီးတစ်လုံးကိုခွဲရင်း အုန်းရည်ထည့်ပေးထားလိုက်သည်။များများလည်းထည့်မပေးရဲပါ။အုန်းရည်ဆိုတာ ရင်ပူတာကြောင့် နွေအပူနဲ့ဆို ဒီကောင်လေးခံနိုင်မှာမဟုတ်မှန်းကျွန်တော်သိပါသည်။

"ရော့..သားလေး၊အပျိုကြီးတို့ဝိုင်းကိုအရင်ချပေးလိုက်နော်။နောက်တစ်ဝိုင်းက သားဦးလေးတို့ရွာလူကြီးတွေဝိုင်းကို ပေးလိုက်"

အစိမ်းနုရောင်အိပ်မက်Donde viven las historias. Descúbrelo ahora