ခြံဝိုင်းထဲသို့ အရှိန်လျှော့ကာ မောင်းဝင်လာသော ဆိုင်ကယ် နှစ်စီး။ တစ်စီးမှာ အရိပ်လေးနှင့် နေစစ်ရှိန်တို့နှစ်ယောက်ဖြစ်ပြီး၊ ကျန်တစ်စီးမှာ အလင်း ၊ ဘုန်းမင်းရောင်နှင့် မေတို့ စီးနင်းလာသော ဆိုင်ကယ်ဖြစ်၏။ အရိပ်လေးနှင့် အလင်းတို့လည်း အိမ်ရှေ့ ကွပ်ပစ်ဘေး၌ ဆိုင်ကယ်အား ထိုးရပ်လိုက်၏။
"ဟော...ငါ့တူတို့ ရောက်လာကြပြီလား"
ကွပ်ပစ်ပေါ်တွင်ထိုင်ကာ ထန်းလျက်လေးကိုက်လိုက် ၊ အခါးရည်လေး သောက်လိုက်နှင့် မြို့မှ ဧည့်သည်များ အလာကို စောင့်နေသော ရွာသူကြီး ဉီးလှမြိုင် မှ နေစစ်ရှိန်အား ပြုံးပြရင်း
ခရီးဉီးကြိုပြုကာ လောကွတ်ပြုလိုက်၏။"ဟုတ်ကဲ့ ရောက်ပါပြီ အန်ကယ်"
"အေးအေး...ထိုင်ကြကွယ် နေပူထဲက လာကြတာဆိုတော့ ခန နားကြဉီးကွယ်"
နေစစ်ရှိန်တို့လည်း ကွပ်ပစ်ပေါ်သို့ တက်ကာ ဝိုင်းထိုင်လိုက်ကြသည်။
အရိပ်လေးနှင့် အလင်းတို့မှာမူ အိမ်ပေါ်သို့တက်ကာ အလင်း၏ အခန်းထဲ၌ ဝင်လှဲကာ အနားယူကြ၏။"ဟဲ့ လှမေ"
သူကြီးလည်း အခန်းတွင်းအောင်း နေသော တူမဖြစ်သူ လှမေအား အော်ကာခေါ်လိုက်သည်။
"ရှင် အဘ"
"ရှင်ကို နောက်ထား...ဧည့်သည်တွေရောက်နေပြီ...အမောပြေသောက်ရအောင် ရေခပ်ခဲ့စမ်း"
"ဟုတ်ကဲ့ အဘ"
လှမေလည်း လှဲနေရာမှ အမြန်ထကာသောက်ရေအိုးထဲမှ ရေအေးအေးလား ရေခွက်ဖြင့် ခပ်ကာ အိမ်ရှေ့သို့ ပြေးထွက်လာခဲ့၏။ ထို့နောက် ဧည့်သည်သုံးယောက်၏ အရှေ့သို့ ရေခွက် သုံးခွက် ချပေးလိုက်သည်။ နေစစ်ရှိန်တို့ သုံးယောက်လည်း နေပူထဲမှ လာခဲ့ကြသည်ဖြစ်၍ မလှမေ ချပေးသည့် ရေခွက်ထဲမှ ရေအား တစ်စက်မကျန် ကုန်အောင် မော့သောက်လိုက်ကြသည်။
"ဟူး ...အခုမှဘဲ အမောပြေသွားတော့တယ်..ကျေးဇူးပါ အစ်မ"
နေစစ်ရှိန်လည်း သူကြီးဘေး၌ ထိုင်နေသော မလှမေအား ပြုံးပြလျှက် ကျေးဇူးတင်စကားဆိုလိုက်၏။