ဧည့်ခန်းထဲတွင်။
အရိပ်လေး ဘာမှ လုပ်စရာမရှိသည်နှင့်
ဧည့်ခန်းထဲတွင် သန့်ရှင်းရေး လုပ်နေရင်း TVစင်ပေါ်မှ ဓာတ်ပုံလေးကိုတွေ့မိတော့ တယုတယ ယူပြီး ပြုံးလျှက်
ကြည့်နေမိသည်။ဒီပုံလေးက ချစ်ငယ်လေး နှစ်,နှစ်သမီးအရွယ်က ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်စဥ်က ရိုက်ခဲ့တဲ့ပုံလေးပေါ့။သူ့ဒယ်ဒီ ရင်ခွင်ထဲကနေ အရိပ်လေး ပါးကို လက်ဖဝါးသေးသေးလေးနဲ့ လှမ်းကိုင်နေတဲ့ ပုံလေးကို ဓာတ်ပုံဆရာက လျှပ်တစ်ပြက်အတွင်း ရိုက်ပေးထားသည်မှာ အသက်ဝင်လှသည်။
ဓာတ်ပုံလေးကို ကြည့်နေရင်း ခါးထက်သို့ ဖက်တွယ်လာတဲ့ လက်တစ်စုံ
ကြောင့် အရိပ်လေး ပြုံးလိုက်မိသည်။"နိုးပြီလား ဦးနေ.."
"အင်း နိုးပြီ။ ဘာလို့ ကိုယ်နိုးတာကို မစောင့်တာလဲ"
"ငယ်လေး စောင့်ပါသေးတယ်။ စောင့်နေရင်း ပျင်းလာတာနဲ့ သန့်ရှင်းရေး လာလုပ်နေတာ"
"ဟုတ်ပါပြီဗျာ။ ဒါနဲ့ သန့်ရှင်းရေးလုပ်လို့ ပြီးပြီလား"
"ဟုတ် ပြီးပြီ ဦးနေ"
အရိပ်လေး ဓာတ်ပုံလေးကို နေရာတကျ ပြန်ထားရင်း ဖြေလိုက်သည်။
"အင်း ဒါဆို ကိုယ်တို့ ခြံထဲမှာ စကားခဏပြောရအောင်"
"ဟုတ် ဒါဆို သွားမယ်လေ"
ပြောပြီး အရိပ်လေးလည်း ဦးနေ အရှေ့ကနေ ထွက်လာခဲ့သည်။
"ဟိုး အဲ့နေရာမှာ ရပ်လိုက် ငယ်လေး"
အရှေ့ကနေ ကော့တော့ကော့တော့ဖြင့် ဦးစွာထွက်သွားသော ငယ်လေးအား
နေစစ်ရှိန် အမြန်တားလိုက်သည်။
အရိပ်လေးလည်း ရုတ်တရက် လှမ်းတားလာတာကြောင့် ရောက်သည့်နေရာ၌ ရပ်ကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။ထို့နောက် အနောက်သို့လှည့်ကြည့်ပြီး ဘာလဲ ဟူသည်သဘောဖြင့် မေးငေါ့ပြရင်း"ဘာဖြစ်လို့လဲ ဦးနေ"
အရိပ်လေး မေးလိုက်တော့ ပြုံးစစနဲ့ ပြန်ဖြေလာသည်။