"ပဲပြုတ် ပူပူလေး...ဟောဒီဘက်က ပဲပြုတ်ပူပူလေးရမယ်!!!"
"လာပါဦး ဒေါ်တုတ်"
ပဲပြုတ်သည်ဒေါ်တုတ်၏ အသံကိုကြားသည်နှင့် ပုံရိပ်လည်း အိမ်ထဲမှ ပြေးထွက်လာပြီး ဒေါ်တုတ်အား လှမ်းခေါ်လိုက်သည်။
ပဲပြုတ်သည်ဒေါ်တုတ်လည်း ခေါင်းပေါ်တွင်ရွက်ထားသည့် နှီးဖြင့်ရက်လုပ်ထားသော တောင်းလေးအား မြေပြင်ပေါ်သို့ချရင်း
"ဘယ်လောက်သား ယူမှာလဲ ပုံရိပ်"
"တစ်ဆယ်သားပေးပါ ဒေါ်တုတ်"
ဒေါ်တုတ်သည် ပဲပြုတ်တောင်းလေးအား ဖုံးထားသည့် နှီးဆန်ကောလေးအားလှပ်ကာ အဖြူရောင် အဝတ်ထုပ်လေးအား ဖြည်လိုက်ပြီး ၊စားတော်ပဲပြုတ်များအား ဇွန်းခွက်ဖြင့် ခပ်ကာ ချိန်ခွင်ထဲသို့ထည့်ပြီး ချင်တွယ်လိုက်၏။ တစ်ဆယ်သား ပြည့်သည်နှင့် ချိန်ခွင်ပေါ်မှ ပဲပြုတ်များအား ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်ရန်ပြင်နေ၏။ ပဲပြုတ်များအား ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်ရန်ပြင်နေသည့် ဒေါ်တုတ်အား ပုံရိပ် အမြန်ဟန့်တားလိုက်သည်။
"ဒေါ်တုတ် အဲ့ကြွပ်ကြွပ်အိတ်ကြီးနဲ့ မထည့်နဲ့တော့...ပုံရိပ်မှာ ပန်းကန်ပါတယ် ။ပန်းကန်ထဲပဲ လှယ်ပေးနော်"
ပုံရိပ်လည်း ပြောလျှက်ပင် လက်ထဲတွင် ကိုင်ထားသည့် ပန်းကန်ပြားလေးအား ဒေါ်တုတ်ထံသို့ လှမ်းပေးလိုက်၏။ ဒေါ်တုတ်သည်လည်း ကိုင်ထားသည့် ကြွပ်ကြွပ်အိတ်လေးကို ပြန်ချပြီး ၊ ပုံရိပ်လက်ထဲမှ ပန်းကန်အား ယူကာ ပဲပြုတ်များအား ပန်းကန်ထဲသို့ လှယ်ထည့်ပေးလိုက်သည်။ ထို့နောက် ပဲပြုတ် ပန်းကန်လေးအား ပုံရိပ်ထံသို့ လှမ်းပေးလာ၏။
ပုံရိပ်လည်း ဒေါ်တုတ်လက်ထဲမှ ပဲပြုတ် ပန်းကန်လေးအား လှမ်းယူရင်း
"ဘယ်လောက်ကျလဲ ဒေါ်တုတ်"
"တစ်ဆယ်သားကို ငါးရာကျတယ်"
ပုံရိပ် အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်လေးထုတ်ပြီး ဒေါ်တုတ်အား ပေးလိုက်သည်။ ဒေါ်တုတ်လည်း ပိုက်ဆံ ယူပြီးသည်နှင့် ပဲပြုတ်တောင်းလေးအား ခေါင်းပေါ်သို့ ပြန်ရွက်ပြီး နှုတ်မှ တကြော်ကြော်အော်ရင်း စျေးရောင်းထွက်သွားလေ၏။