"မောနင်း လေးလေး"စန္ဒကူးမေသည် အောက်ထပ်သို့ဆင်းလာရင်း ဧည့်ခန်းထဲမှ ဉီးလေးဖြစ်သူ ဉီးနေလင်းမာန်အား နှုတ်ဆက်လိုက်သည်။
"မောနင်း သမီးလေး..ဒါနဲ့ ဟိုကောင်
နေစစ်ရှိန်ရော နိုးပြီလား သမီး""မနိုးသေးဘူး ထင်တယ်
လေးလေး...မေ တော့ ကိုကိုဆင်းလာတာ မတွေ့မိသေးဘူး"မေ သည် ဆိုဖာတွင် ဝင်ထိုင်ရင်း
လေးလေးအား ပြန်ဖြေလိုက်သည်။"အင်း...ဒီကောင် ညက ဘယ်အချိန်မှ ပြန်လာလဲ မသိဘူး...လေးလေး အလိုလိုက်ခဲ့တာများ မှားနေပြီလား မသိပါဘူး"
ဉီးနေလင်းမာန်လည်း မိတဆိုးသားလေး နေစစ်ရှိန်အား အလိုလိုက်ခဲ့မိသည်ကို နောင်တအကြီးအကျယ်ရမိသည်။ ဇနီးဖြစ်သူ ဆုံးပါးသွားသည့်အချိန်မှစ၍ တစ်ဉီးတည်းသောသားဖြစ်သူ နေစစ်ရှိန်အား လူဘုံအလယ်တွင် မျက်နှာမငယ်ရစေရန် အစစအရာရာ အလိုလိုက်အကြိုက်ဆောင်ခဲ့သည်။ ယခုလည်း အသက်ပင် သုံးဆယ် ပြည့်ခါနီး ဖြစ်သော်လည်း ဘာတစ်ခုမှ ကူဖော်လှောင်ဘက်မရပေ။ မုန့်ဖိုးလိုလျှင် ဖခင်ထံမှ လက်ဝါးဖြန့်ကာ တောင်းမြဲပင်။ ငွေကို တန်ဖိုးမထားဘဲ ရေလိုသုံးဖြုန်းနေသော သားဖြစ်သူ၏ ရှေ့ရေးအတွက် ဉီးနေလင်းမာန် ရင်လေးမိသည်။ ထို့ကြောင့် ဉီးနေလင်းမာန်လည်း သားဖြစ်သူနေစစ်ရှိန်အား ငွေ၏တန်ဖိုး သိစေရန်အလို့ငှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
နေစစ်ရှိန်တစ်ယောက် လိုက်ကာကြားမှ တစ်ဆင့် မျက်နှာထက်သို့ ဖြာကျနေ
သည့် နေခြည်နွေးနွေး၏ အပူဒဏ်ကြောင့် စုတ်တစ်ချက်သပ်ရင်း ညည်းညူလိုက်၏။ကျစ်....!!
'ချီးပဲကွာ...ညက ညဥ့်နက်မှ အိပ်ရပါတယ်ဆိုမှ...နေကလာထိုးနေသေးတယ်'
နေစစ်ရှိန် စိတ်မှ နိုးနေသော်လည်း ခေါင်းက ထိုးကိုက်နေတာကြောင့် ခန္ဓာကိုယ်ကမ,ထချင်သေးပေ။ ထို့ကြောင့် နေထိုးနေသည့်မျက်နှာအား ခေါင်းအုံးနှင့် ဖိအုပ်ကာ ပေတေပြီး ဆက်အိပ်နေလိုက်သည်။
"မိတုတ်ရေ...ဟဲ့မိတုတ်"
"ရှင် ဘဘကြီး"
နောက်ဖေး မီးဖိုခန်းထဲ၌ တစ်ယောက်တည်း အလုပ်ရှုပ်နေသော မိတုတ်မှာ ဘဘကြီး၏ အော်ခေါ်သံကြောင့် အမြန်ပြန်ထူးရင်း ဘဘကြီးရှိရာ ဧည့်ခန်းဆီသို့ ပြေးထွက်လာခဲ့သည်။ နှာဖူးထက်၌ ဝေ့သီနေသော ချွေးသီးလေးများအားလည်း လက်ဖမိုးဖြင့် သုတ်ရန်မမေ့။