' ဝါဆိုဝါခေါင် ၊ ရေဖောင်ဖောင် ' ဆို
သည့် စကားအတိုင်းပင် ယခင်က ခြောက်ခြောက်သွေ့သွေ့ ကွင်းပြင်များဟာ ၊ ယခုတော့ ရေပြင်ဖွေးဖွေးလေးများ ဖုံးလွှမ်းလျှက် မြစိမ်းရောင် စပါးခင်းကြီးများနှင့် လှပလို့နေသည် ။ ကောက်စိုက်ရာသီဖြစ်၍ တောင်သူ ဦးကြီးများသည်လည်း လယ်ထဲသို့ ဆင်းကာ လုပ်ငန်းခွင် ဝင်ကြလေပြီ ။ကျောင်းဖွင့်ရာသီပါ ဖြစ်သည့်အတွက် မေနှင့် ပုံရိပ်တို့လည်း ရွာထဲရှိကလေးများအား အသစ်ဖွင့်လှစ်ထားသည့် စာသင်ကျောင်း၌ စာသင်ကြားပေးကာ ဆရာမတာဝန်ထမ်းဆောင်ကြရတော့မည်ပင် ။ စာသင်ကျောင်းလေးဟာ လေးလေး၏ အကူအညီဖြင့် တစ်လကျော် နှစ်လအတွင်း အပြီးသတ်ဆောက်လုပ်နိုင်ခဲ့သည် ။
လေးလေး၏ အကူအညီဖြင့်ပင် မေလဲ ဒီရွာလေးတွင် စာသင်ကြားပေးဖို့ တာဝန်ကျလာခြင်းဖြစ်၏ ။
စာသင်ကျောင်းဖွင့်လှစ်သည့် အခမ်းအနားကျင်းပသည့် အချိန်တုန်းကလည်း ကျောင်းတက်ရတော့မည်ဖြစ်၍ ပျော်ရွှင်နေကြသော ကလေးငယ်များအား ကြည့်ပြီး ပီတိဖြစ်ရပါ
၏ ။မေလဲ ကျောင်းသွားရန်အတွက် ပြင်ဆင် ပြီးသည်နှင့် ...
" မမ မေပြင်လို့ပြီးပြီ သွားကြမယ်
လေ "" အင်း သွားကြမယ် ... ကြည့်ပါဦး မမ ရဲ့ မေ လေးက အဖြူအစိမ်းလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ "
" မမလဲ အဖြူအစိမ်းနဲ့ ကျက်သရေ ရှိပါတယ် မမရဲ့ "
" ဟုတ်ပါပြီရှင် နောက်ကျနေပြီ ကျောင်းသွားကြရအောင် မေ "
" ဟုတ်ကဲ့ မမ "
အဖြူအစိမ်းနှင့် ယဥ်ယဥ်လေး လှနေကြသော ဆရာမလေးနှစ်ယောက်ဟာ လက်ချင်းယှဥ်တွဲပြီး ကျောင်းသို့ ထွက်လာခဲ့ကြသည် ။
•
ကျောင်းလေးဟာ ဘုန်းကြီးကျောင်းဝန်းထဲတွင် ဆောက်လုပ်ထားသည့် အတွက် ဘုရားရိပ် ၊ တရားနှင့် နီးသောကြောင့် အေးချမ်းလွန်းလှပါသည် ။ ကျောင်းဆောင်ဝန်းကျင်တွင် ပန်းပင်လေးများ အလှဆင်စိုက်ပျိုးထားသည့် အတွက်လည်း ပန်းရနံ့မျိုးစုံတို့ဟာ ထုံသင်းမွှေးပျံ့လျှက် ။