အင်းမမြို့လေး၏ ရာသီဥတုဟာ
မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အပူအအေး မျှတ၍ အလွန် နေ၍
ကောင်း၏။ သို့သော် နွေရာသီသည်ကား အလွန်ပူပြင်းလွန်းလှ၏။ဆောင်းအကုန် နွေအကူး ကာလဖြစ်၍ အင်းမမြို့၏ နွေ အပူကား အိမ်ထဲ၌ မနေနိုင်လောက်အောင်ပင် ပူပြင်းလွန်းလှပါသည်။
နေစစ်ရှိန်လည်း ပူပြင်းလွန်းလှသည့် နွေရာသီ၏ အပူဒဏ်ကြောင့် အိမ်ထဲ၌ မနေနိုင်ပဲ အိမ်ရှေ့ သရက်ပင်အောက်ရှိ
ကွပ်ပစ်၌ ထွက်ထိုင်နေရသည့် အဖြစ်ပင်။ လက်ထဲတွင်လည်း နှီးယပ်တောင်လေးကိုင်ကာ 'တဖျပ်ဖျပ်' ခပ်ရင်း ၊ ဖုန်း စခရင် ပေါ်မှ နာရီလေးအား ကြည့်ကာ ငယ်လေး ပြန်လာမည့် အချိန်ကိုသာ စောင့်မျှော်နေမိသည်။မနက် မိုးလင်းကတည်းက အကြွေးသွားတောင်းမည်ပြောပြီး ထွက်သွားတာ အခု နေ့လည် တစ်နာရီပင် ကျော်နေပြီ။ ကိုယ်ပါလိုက်မည်ဟု ပြောသော်လည်း 'ဘာလဲ ရွာထဲက ကောင်မလေးတွေကို ငမ်းချင်လို့ လိုက်မှာလား' ဟုပြောပြီး ခေါ်မသွားပေ။ လိုက်သွားရအောင်လဲ ဘယ်အိမ်သို့ သွားမည်ဟု နေရာအတိအကျ ပြောပြ မသွားပေ။
ငယ်လေးဟာ ချစ်ခွင့် ပန်ပြီးသည့်နောက်ပိုင်း အိမ်ကပ်သည့်နေဆိုတာ အလွန်ရှား၏။ သူ့အား တမင်ရှောင်နေလားဟုပင် ထင်မှတ်ရသည်။
မနက် မိုးစင်စင်လင်း သည်နှင့် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ၊ နံနက်စာ စားသည်။ နံနက်စာ စားပြီးသည်နှင့် ဂွတို တို့အဖွဲ့
နှင့် တစ်နေကုန်အောင် ရွာထဲ ပတ်လည်နေလေရဲ့။*
"ဟေ့ကောင် ဂွတို ငါ့ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ"
"ကိုကိုအရိပ်လေး အရီးမြတို့ အိမ်နောက်ဖေးမှာလေ မာလကာသီးတွေ သီးနေတာမှ တစ်ပင်လုံး ဖွေးဖွေးလှုပ်ပဲ...အဲ့ဒါ ကျုပ်တို့ သွားခိုးခူးရအောင်"
"ဟ...ဖြစ်ပါ့မလားကွ...အရီးမြသိရင် သူကြီးကို သွားတိုင်မှာကွ"
"ဦးလေပေါ သိသွားတော့ ဘာဖြစ်မှာမလို့လဲ"
အလင်း သူ့အဖေအား ဦးလေပေါဟု ခေါ်လိုက်သည့်အတွက် ဒေါသ ထောင်းခနဲထွက်သွား၏။