" အရိပ်လေး ... ဘာလုပ်နေတာလဲ... "
ဧည့်ခန်းထဲတွင် ခြေပစ်လက်ပစ် ထိုင်ပြီး အကြွေးစာရင်းစာအုပ်ဖြင့် အလုပ်ရှုပ်နေသော အရိပ်လေးအား
ပုံရိပ်မေးလိုက်သည် ။" အရီးမြ ဆီမှာ စပါးကြွေး ဘယ်လောက်ရမလဲ ဆိုတာ တွက်နေတာ မမ ... "
" အဲ့စာရင်းတွေ တွက်ပြီး ဘာလုပ်မလို့လဲ အရိပ်လေး... "
ပုံရိပ်သည် အရိပ်လေး၏ အရှေ့တည့်တည့်ရှိ ခုံတွင် ဝင်ထိုင်ရင်း ထပ်မံမေးလိုက်သည် ။
" ဪ ... ဘာလုပ်ရမှာလဲ မမရယ် ... အကြွေးစာရင်း တွက်နေပါတယ်ဆိုမှ ... အကြွေးသွားတောင်းမလို့ပေါ့ ... "
" အင်း ဘယ်လောက်ရမှာလဲ အရီးမြ ဆီက ... "
အရိပ်လေးလဲ ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည် ။
" ငါးသိန်းခြောက်သောင်း မမ ...
အရိပ်လေး အကြွေးသွားတောင်းမယ် မမ ... ဦးနေ ပြန်လာရင် ထမင်းစားနှင့်လို့ ပြောလိုက်နော် မမ ... "" အေးအေး အရိပ်လေး ... ရန်လဲ ဖြစ်မနေနဲ့ ဦးနော် ... အေးအေးဆေးဆေးပြောပြီး တောင်း ... "
" ဟုတ်ကဲ့ မမ ... "
မမ အား ပြန်ဖြေပြီးတာနှင့် အရိပ်လေးလဲ အရီးမြအိမ်သို့ ထွက်လာခဲ့လိုက်၏။
•
" အရီးမြ ... အရီးမြ "
အရီးမြတို့အိမ်ရှေ့ရောက်တော့ အရိပ်လေးလဲ အော်ခေါ်လိုက်သည် ။
ဒေါ်မြရင်လဲ ခေါ်သံကြား၍ အိမ်ရှေ့သို့ ထွက်လာခဲ့၏ ။
အိမ်ရှေ့သို့ရောက်တော့ အရိပ်လေးအားတွေ့လိုက်သည်နှင့် ဒေါ်မြရင်တစ်ယောက် မဲ့ရွဲ့ကာ ခနဲ့တဲ့တဲ့ ဆိုလာ၏ ။
" ဪ ... ဘယ်သူများလဲလို့ ယောက်ျားချင်း ယူထားတဲ့ အခြောက်လေးပဲ ... ဘာကိစ္စလဲ ပြောစရာရှိတာပြောပြီး ငါ့ခြံထဲက ချက်ချင်း ထွက်သွား အခြောက်လေး ... ငါတို့အိမ်က နင်တို့လို အခြောက်တွေကို မကြိုဆိုဘူး ... "
အရိပ်လေးလဲ အရီးမြထံမှ ကြားလိုက်ရသည့် စကားကြောင့် ဒေါသ ထောင်းခနဲ ထွက်လာ၏ ။ သို့သော် လူကြီးနှင့် လူငယ် ဖြစ်နေ၍ စိတ်လျှော့ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် ။