Episode(1)

2.6K 215 2
                                    

Unicode

ဝမ်ရွဲ့မှ ဖေးရှင်းအဖြစ်သို့ကူးပြောင်းခြင်း

သွေးတို့သည် ချောင်းငယ်သဖွယ်ရွာကိုဖြတ်လျက်စီးဆင်းလာခဲ့ပြီး ဖဝါးအောက်ရှိကုန်းမြေတစ်ဝိုက်တိုင်အောင် စွန်းထင်းသွားခဲ့၏။

မြေပြင်တစ်ခွင် အလောင်းတို့ဖြင့် ပြန့်ကျဲလို့နေပြီး ၄င်းတို့တစ်ဦးချင်းစီတိုင်းအား အလွန်တရာပင်ရင်းနှီးလို့နေပါဘိ။ရွာထဲတွင် ပြိုပျက်နေလေသော ခြံဝင်းများ၊ မချိမဆံ့အမူအရာတို့နှင့် သွေးအလိန်းလိန်း ပေကျံနေသည့် အသက်ရှူရပ်လောက်စဖွယ် မျက်နှာသေများဖြင့် ပြည့်နှက်လို့နေ၏။ကျန်သည့်ရွာတစ်ဝက်မှာ မီးလောင်ပြင်အဖြစ်ပြောင်းလဲလို့နေပြီး သွေးနံ့များက လေထုအတွင်းလှိုင်တက်လို့နေလေသည်။

လင်ဝမ်ရွဲ့သည် ရေထမ်းသည့်သစ်သားတံပိုးကို လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်သေဆုံးနေသော ဖခင်ဖြစ်သူ၏အလောင်းကိုရှာတွေ့ခဲ့သည်။တံပိုးအား အလွန်တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည့်အတွက် တစ်ဆယ့်လေးနှစ်အရွယ် လင်ဝမ်ရွဲ့သည် သူ့တွင်ရှိသမျှအားကုန်သုံးသည့်တိုင်အောင် တံပိုးကိုလက်အတွင်းမှဆွဲမထုတ်နိုင်ခဲ့ပေ။အဆုံးတွင်တော့ ဖခင်နှင့်အတူ တံပိုးရော၊မိခင်နှင့် သူမ၏မောင်ငယ်ကိုပါ တစ်ခါတည်းအတူတကွမြှုပ်နှံပေးလိုက်ရတော့သည်။

မိခင်ဖြစ်သူအကြောင်းလား?သူမမိခင်၏အလောင်းကို ရွာထဲရှိမြေစိုင်ခဲလမ်းကြမ်း၏တစ်ဖက်တွင် တွေ့ခဲ့ရတာဖြစ်သည်။မိခင်၏လက်မောင်းများကြားတွင် သူမ၏ဆယ်နှစ်အရွယ်မောင်ငယ်ကိုတင်းကြပ်စွာ ပွေ့ပိုက်လို့ထားခဲ့ပြီး လှံတစ်ချောင်းမှာ မိခင်ဖြစ်သူ၏ကိုယ်မှဖောက်ဝင်လျက် မောင်ငယ်နှင့်အတူ တံစို့ကဲ့သို့ တန်းလန်းစိုက်ဝင်လို့နေခဲ့လေ၏။

သူမမောင်ငယ်နှင့်မိခင်တို့၏ ခန္ဓာကိုယ်များမှ လှံတံကို သူအစွမ်းကုန်ဆွဲထုတ်လိုက်သည့်အချိန်သည် လင်ဝမ်ရွဲ့ဘဝတစ်လျှောက်တွင် လူသားကိုယ်ခန္ဓာနှင့်လက်နက်တို့ပွတ်တိုက်သွားသည့်အသံကို ပထမဆုံးအကြိမ်အဖြစ်စတင်ကြားဖူးခဲ့ခြင်းဖြစ်သည်...

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now