Episode(41)

877 118 22
                                    

ယင်တစ်ကောင်ပင် မဖြတ်စေရ။

တောပုန်းဓားပြတို့ ဒုန်းစိုင်း၍ချီတက်လာပုံကို လင်ဝမ်ရွဲ့မြင်လိုက်သည်နှင့် လက်နက်ချရန် အဆုံးသတ်ဆုံးဖြတ်လိုက်လေပြီ။ ဤတွင် လက်သီးဆုပ်ကို ကျန်တစ်ဖက်ဖြင့်အုပ်မိုးလိုက်ပြီး မျက်နှာထက်ဝယ် အပြုံးတစ်စချိတ်ဆွဲလျက် နှုတ်ခွန်းဆက်စကားဆိုလိုက်၏။

"ဒီကအစ်ကို..ကျွန်တော့်အပေါ် နည်းနည်းလောက် သက်ညှာပေးပါလားဗျ?"

"အေ..သောက်ကောင်လေး င့ါကိုများ လွှတ်ပေးစေချင်သေးတယ်ပေါ့လေ ဟမ်?"

ညိုမှောင်ပိန်ညှက်သည့် ကောင်ငယ်လေး၏ မတုန်မလှုပ်အမူအရာအား တွေ့ရလေသဖြင့် တောပုန်းဓားပြရှောင်ခိုင်က သူ၏တင်းပုတ်ကိုလွှဲကာ လင်ဝမ်ရွဲ့၏ခေါင်းနှင့် မိတ်ဆက်ပေးလိုက်သည်။ တုန့်ဆိုင်းခြင်းအလျင်းမရှိ သူ့မျက်ဝန်းများအတွင်း ရက်စက်ကြမ်းကြုတ်မှုတို့က တဖျတ်ဖျတ်တောက်လောင်လျက်..

"ဖောင်း!"

လင်ဝမ်ရွဲ့မှ ခေါင်းတည့်တည့်သို့လွှဲရမ်းလာသည့် ထိုတင်းပုတ်အား လှမ်း၍ဖမ်းဆုပ်ထားလေသည်။

"အိမ်း ကောင်စုတ်လေး..မင်းက ခုခံရဲသေးတယ်ပေါ့"

သူ့လက်စွဲတော် တင်းပုတ်အား ဆွဲယူခံလိုက်ရသည်ကိုမြင်သော် ဓားပြရှောင်ခိုင်မှာ ဒေါသူပုန်ထသွားတော့၏။

"တာ့ကော နည်းနည်း လျော့ပေးအုန်းလေနော်"

လင်ဝမ်ရွဲ့က တင်းပုတ်ကိုအုပ်ကိုင်ထားပြီး ဓားပြထံသို့ ပြုံးပြလိုက်သည်။ သူ့လေသံမှာတော့ ယခုထိတိုင် ညှိနှိုင်းချင်သေးသည့်အလား..

"နင့်မေကြီးကို လျော့ပါလား.."

လင်ဝမ်ရွဲ့၏ ပြုံးရယ်နိုင်ဆဲအခြေအနေကို မြင်ရသည်တွင် ရှောင်ခိုင်မှာ သူ့လိုဓားပြတစ်ယောက်၏သိက္ခာကို အပြင်းအထန်ထိပါးပုတ်ခတ်လိုက်သည့်နှယ် ခံစားမိ၏။ သည် မထုံတက်တေး သောက်ကောင်လေးအား အပီအပြင်ကျွေးမှရတော့မည်ဟု သူ့တင်းပုတ်ကိုပြန်ဆွဲယူရင်း ရှောင်ခိုင်ဒေါပွလို့နေချေပြီ။

သို့ရာတွင် သူ့တင်းပုတ်မှ လူငယ်၏လက်နှင့် ဂဟေဆက်နေပုံကို သတိထားမိသောအခါ ကြိမ်းမောင်းသံတို့က တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားရသည်။ သူ့ဘက်သို့ အသေအလဲပြန်ဆွဲထုတ်သည့်တိုင် တင်းပုတ်မှာ မလှုပ်မယှက်ရှိဆဲပင်။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now