Episode(8)

1K 154 5
                                    


စစ်သီချင်းတစ်ပုဒ်အား တီးခတ်ခြင်း

လမ်းဘေးဝဲယာက အေးခဲအရိုးတွေနဲ့ ဝေနေချိန်၊ ဟင်္သာတံခါးအနောက်မှာဖြင့် အသားနဲ့ဝိုင်နံ့တွေ လှိုင်လို့..။

လီနိုင်ငံနယ်နိမိတ်ရှိ မြေဆီသြဇာ အလွှာအထပ်ထပ်တို့မှာ စစ်သည်တို့နှင့် စစ်မြင်းခွာတို့၏နင်းချေမှုကြောင့် ကျတ်တီးမြေအဖြစ်ပြောင်းခဲ့သည်မှာ သက်တမ်းရင့်လှပြီဖြစ်သော်လည်း လီနိုင်ငံအင်ပါယာနန်းတော်အတွင်းမှာတော့ အဆိုအက အတီးအမှုတ်တို့ဖြင့်မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပဆင်နွှဲလျက် အေးချမ်းသာယာသည့်အငွေ့အသက်တို့က လွှမ်းခြုံနေဆဲပင်ဖြစ်၏။

မြောက်ပိုင်းနယ်စပ်မှ စစ်မီးလျှံတို့က သည်နေရာထိိ ဘယ်တုန်းကမှကူးလူးရောက်ရှိမလာဖူးသလို နန်းမြို့တော်ရှိ ဧကရာဇ်မှာလည်း နယ်နိမိတ်တစ်လျှောက်ရှိသေကြေပျက်စီးဆုံးရှုံးမှုများကို တစ်ကြိမ်တစ်ခါမျှပင် မျက်မြင်တွေ့ကြုံဖူးခြင်းမရှိပါလေ။

ဧကရီလီရှင်းချန်သည် တော်ဝင်ဂူဗိမာန်သို့ရောက်ရှိသွားပြီဖြစ်သော်လည်း ဧကရာဇ်သည် ဝမ်းနည်းပူဆွေးခြင်းကာလအား ရက်ရှည်ပြုလုပ်ဖို့ရာပြည်သူပြည်သားတို့ထံ အမိန့်ထုတ်ပြန်တာမျိုး မပြုခဲ့ပေ။နန်းတော်သို့ မင်းမျိုးမင်းနွယ်အများအပြားပြန်လည်ရောက်ရှိလာသည့်အားလျော်စွာ လီရှင်းချန်ကွယ်လွန်ခြင်းအတွက် တိုတောင်းသောဆိတ်ငြိမ်မှုအားပြသပြီးနောက်တွင် နန်းတော်သည်သူ၏မူလပုံစံအတိုင်း အလျင်အမြန်ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။

သေတာက သေသွားပြီးပြီ။သူတို့ရဲ့ဘဝမှာ ဘယ်လောက်ပင်အထုံပါရမီပြည့်ဝပြီး နတ်လူတို့ရိုသေလေးစားခြင်းခံရစေကာမူ အသက်ဆုံးပါးသွားချိန်မှာတော့ အရာအားလုံးဟာ ဖုန်မှုန့်အသွင်ပြန်လည်ရောက်ရှိသွားမှာပဲဖြစ်တယ်။

ဒါဟာ ကံတရားသာဖြစ်သည်။လီရှင်းချန်ကဲ့သို့ အကျော်ဇေယျလူမျိုးပင် ထိုအရာမှရှောင်တိမ်းနိုင်ခြင်းမရှိ။

လီနိုင်ငံဧကရာဇ်သည် လီရှင်းချန်၏မြေချအခမ်းအနားသို့ လူကိုယ်တိုင်တက်ရောက်ခဲ့သည်။သို့သော် လီရှန်ကတော့ ထိုသူ၏မျက်နှာမှပူဆွေးဝမ်းနည်းခြင်း အရိပ်အယောင်တစ်စွန်းတစ်စကိုမျှဖမ်းမမိခဲ့ပါချေ။အမြင့်ဆုံးသြဇာအာဏာကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်တွင် အမျိုးသမီးရှားပါးခြင်းဟူသည် အဘယ်ရှိစ။လီနေပြည်တော်၏ အနောက်နန်းဆောင်တွင် အလှဆုံးသောမိန်းမများဖြင့်စုပုံလို့နေပြီး ၄င်းတို့အသီးသီးမှာသူ့ပုံစံနှင့်သူ ဆွဲဆောင်မှုရှိကြသည်။ ၄င်းတို့၏ဘဝသက်တမ်းကုန်ဆုံးသည့်တိုင် ဧကရာဇ်၏ ခန့်ညားသောပုံပန်းသဏ္ဍာန်အား တစ်ကြိမ်မျှပင်မြင်တွေ့ဖူးခြင်းမရှိလျင်တောင်မှ သူတို့အားလုံးသည်ဧကရာဇ်၏နှစ်သက်ခြင်းခံရရန် စောင့်မျှော်နေကြဆဲဖြစ်သည်။ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိနှစ်လိုဖွယ်အကောင်းဆုံးအလှလေးဖြစ်ခဲ့ဖူးသည့် လီရှင်းချန်၏ကွယ်လွန်ခြင်းက ဧကရာဇ်အားသောကရောက်စေရန် လုံလောက်ပုံမပေါ်သည်လား မပြောတတ်တော့။

အမျိုးသမီးစစ်သူကြီးနှင့် အကြီးဆုံးဘုရင့်သမီးတော်လေး [ဘာသာပြန်] Where stories live. Discover now