ဒီနေ့ ဦးကောင်းမြတ်အိမ်ပြန်လာတာမို့အိမ်မှာလူစုံနေတော့သည်။ ဒေါ်ဆောင်းသဇင်လည်းပျော်နေသည်မှာ သူမမျက်နှာလေးကိုကြည့်ရင်သိသာသည်။ ဦးကောင်းမြတ် ကအလုပ်အရမ်းများတဲ့သူမို့ အိမ်ကိုပြန်လာတာရှားတတ်သည်။ ဒီနေ့တော့အိမ်ကိုပြန်လာတဲ့အပြင်တစ်လလောက်အိမ်မှာအနားယူမည်ဟုပါသိရသည်။
" အကို ပင်ပန်းနေပြီလား "
ဒေါ်ဆောင်းသဇင် ယောက်ျားဖြစ်သူရဲ့မျက်နှာလေးအားစေ့စေ့စပ်စပ်ကြည့်ကာအမေးဆိုလာသည် ။
" မပင်ပန်းပါဘူး ဆောင်းရယ်၊ အကိုက ဆောင်းတို့သားအမိအတွက်အလုပ်ကြိုးစားရတာပဲ ပင်ပန်းစရာလား "
ပုံမှန်စကားနည်းတဲ့ ဦးကောင်းမြတ်ဟာ ချစ်ဇနီးကိုတော့စိတ်ကျေနပ်အောင်ပြောပေးရှာသည်။
" အကို့ကိုကျေးဇူးတင်ပါတယ် "
" ဟင် .. ဘာကိုလဲဆောင်းရဲ့၊အစ်ကိုကအဲ့လိုပြောရမဲ့သူလားကွာ ဆောင်းကတော့ "
ဇနီးဖြစ်သူရဲ့ဆံပင်လေးကိုသပ်ပေးကာ၊ချစ်စနိုးနဲ့ ဦးကောင်းမြတ်က ကြည်ကြည်လင်လင်လေးပြုံးကာပြောသည်။
" သားငယ်လေးကိုချစ်ပေးလို့ ၊သားငယ်လေးကိုပါချစ်ပေးလို့ကျေးဇူးပါ အကို .. "
" အော် ဘာများလဲလို့၊ သားငယ်ကလည်းကိုယ့်သားပါပဲ၊ သားအရင်းမဟုတ်ပေမဲ့ ကိုယ်ဘယ်လောက်ချစ်ရလဲ ဆောင်းသိပါတယ်ကွာ "
" ဆောင်းသိပါတယ်၊ အဲ့ဒါကြောင့် ကျေးဇူးပါလို့ ဟင့် .. "
ပြောရင်းရှိုက်သံလေးထွက်လာတဲ့ချစ်ဇနီးလေးအား ဦးကောင်းမြတ်ထွေးပွေ့လိုက်သည်။
" အကိုက ဆောင်းကိုချစ်တယ်၊ဆောင်းချစ်တဲ့သူတွေကိုကိုယ်ကလိုက်ချစ်ပေးမယ်၊ကိုယ့်သားအရင်းဖြစ်တဲ့သားကြီးကိုရော၊သားအရင်းမဟုတ်တဲ့ သားငယ်ကိုရော၊ကိုယ်ကအရမ်းချစ်တာပါကွာ၊မငိုပါနဲ့ ကိုယ့်အမျိုးသမီးလေးရယ် "
ဦးကောင်းမြတ်သည်ဒေါ်ဆောင်းသဇင်အားအရိပ်တကြည့်ကြည့်ချစ်ခဲ့သူဖြစ်သည်။သူ့အတွက်သားသမီးမလိုဟုတောင်ဒေါ်ဆောင်းသဇင်အားသူပြောခဲ့ဖူးသည်။ သူ့ဘဝမှာဆောင်းရှိရင်အရာရာပြည့်စုံတာမို့။