FB4 - 4

886 99 13
                                    

(Unicode)

လေးယောက်အတူ စားနေကျ မနက်စာဝိုင်းမှာ ဆမ်ဟာ ခုံပေါ်သို့ တံတောင်ဆစ်ထောက်ရင်း အရက်နာကျနေလေသည်။ သူ စားရမည့်ပေါင်မုန့်မီးကင်ကို အလိုမကျသလို ထိုးစွသည်။ သူ့အာရုံနှင့်သူ စားသောက်နေသော ကျန်သည့်အစ်ကိုသုံးယောက်ကို ပြန်မော့ကြည့်လိုက်တော့ ဉာဏ်နှင့်ခမ်းက ပုံမှန်အတိုင်း ဖြစ်နေပေမဲ့ စွန်းကတော့ သူ့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြောင်း သတိထားမိသွားသည်။

" ကိုကို...ကျွန်တော် ဒါမစားချင်ဘူး"

ချွဲပျစ်နေသည့်အသံကြောင့် ခမ်းက သူ့ခရင်းမှာ ပါလာသည့်အသားပြားကို ရွဲ့သလိုလိုနှင့် ဆတ်ခနဲ ကိုက်ဆွဲ၍ အားစိုက်ပြီး ဝါးစားပြသည်။ ထိုအခြေအနေကို မြင်တော့ ဉာဏ်ကလည်း ခပ်ဟဟ ရယ်သည်။

" ကိုကို ကျွန်တော် အနှစ်မကွဲတဲ့ကြက်ဥကြော်စားချင်တယ်လို့"

ထိုအခါ စွန်းလည်း ဂျစ်တိုက်နေသည့်ဆမ်ကြောင့် သူ့ စားလက်စမနက်စာကို ရပ်ထားလိုက်ရသည်။

" ဟုတ်ပြီ ခဏစောင့် ကိုကိုလုပ်ပေးမယ်"

ချက်ချင်း ထပြီး ပြင်ဆင်ပေးနေသည့်စွန်းကို ကြည့်ရတာ အလျင်စလို ဖြစ်နေသည်ဟု ဉာဏ်နှင့်ခမ်းက ခံစားမိသွားသည်။ သူ့ကိုယ်သူ မသုံးတာကြာပြီဖြစ်သည့် ကိုကိုဆိုသည့်နာမ်စားကြောင့် ဆမ့်ဘက်သို့ ပြန်ကြည့်မိလိုက်တော့ ဆမ်လည်းပဲ သူတို့ကဲ့သို့ သတိထားမိလိုက်ပုံရပြီး စွန်း၏နောက်ကျောပြင်ကို တအံ့တသြ ကြည့်နေရှာသည်။

" ရော့ ဒီမှာ ရပါပြီ၊ စားတော့"

" ဟုတ်ပြီ!"

တစ်ခဏလေးအတွင်း သူ့အရှေ့သို့ ရောက်လာသည့်ကြက်ဥကြော်ကြွပ်ကြွပ်ရွရွလေးကြောင့် ဆမ့်မျက်လုံးတွေ အရောင်လက်သွားသည်။

" ကျေးဇူးပါ ကိုကို"

ထို့နောက် ထပ်ပြီး သူ့ဘေး၌ ပျားရည်ဖျော်ရည်တစ်ခွက် ရောက်လာပြန်သည်။

" ခေါင်းနောက်နေမှာပေါ့၊ ဒါ သောက်လိုက်နော်"

စွန်း၏ဂရုစိုက်မှုတွေကြောင့် ဆမ်က အံသြဆွံ့အစွာ ကြောင်ကြည့်လာတာကြောင့် စွန်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။ ဘေးက သူ့ညီတွေဟာလည်း ယနေ့ကျမှ သူ၏ပို၍ထူးခြားနေသည့် အပြုအမူတွေကြောင့် သူ့အား စူးစမ်းသမှုနှင့် ကြည့်လာကြသည်။

The Flawless Bachelors [FB4]Onde histórias criam vida. Descubra agora