ဒီနေ့တော့ ကျောပေါ်ရွာလေးရဲ့အိမ်အိုလေးရှေ့၀ယ် လူစည်၍နေပေသည်။ အကြောင်းကတော့ မြို့ကဧည့်သည်တွေရောက်နေ၍ လူ့သဘာ၀ လာ၍စပ်စုကြခြင်းပင်။
"ဟဲ့ အဲ့တာဘယ်မင်းသမီးနဲ့မင်းသားလဲ အရံတွေကလည်း ချောတာမှုံလို့တော်"
"အမလေး ဇာတ်ကားလာရိုက်တာမဟုတ်ဘူးတော်ရေ ဟိုမျိုးမစစ်လေးအသိတွေပြောတာဘဲ အကြောင်းရင်းတော့ ကျုပ်တို့လည်းမသိပါဘူးတော် ဆက်စောင့်ကြည့်ရမှာဘဲ"
"အေးအေး သတင်းထူးရင်ပြောဦး"
ခြံပြင်ကနေ အတိုင်းသားကြားနေရတဲ့အသံကြောင့် ရယ်ရခက်ငိုရခက်ပင်။ အတင်းပြောမယ်ဆိုလည်း နှစ်ကိုယ်ကြားရုံမျှပြောပေါ့။ ခုတော့ အိမ်ရှေ့လာပြီးပြောနေတာ အိမ်ထဲကလူတွေကနားကန်းနေတဲ့အတိုင်း။
အဲ့တာထက် မျိုးမစစ်လေးလို့သုံးသွားတဲ့စကားကြောင့် စိတ်ထဲတင်းသွားရသည်။ အိမ်ပြင်ထွက်ပြောလိုက်ချင်ပေမယ့် အကြောင်းသိနေတဲ့သတိုးက လက်ကိုဆွဲထားကာ ခေါင်းရမ်းပြသည်။ စိတ်တိုလိုက်တာ။ သတိုးက တစ်ချိန်လုံး ဒီလိုအပြောခံနေရတာပေါ့လေ။ ဒါကို ဘယ်လိုများတောင့်ခံပြီး ရှင်သန်နေခဲ့ရတာလဲ။
"သတိုးရယ်...ဘာလို့များထွက်သွားရတာလဲ"
သတိုးကမျက်ရည်များကျလျက် ဘာစကားမှပြန်မပြောပါ။ ငိုမြဲ ငိုဆဲသာ။
"ဧကရာဇ်က မင်းကိုသိပ်ချစ်တာ သတိုးရဲ့ မင်းထွက်သွားတော့ သူ့ဘ၀ပျက်လုနီးနီးပဲ"
ဟိန်းသူက သတင်းကြားကြားချင်းချက်ချင်းလိုက်လာတာကြောင့် ဒီရွာကို ကိုကြီးမျိုးမင်းအကူညီနဲ့ရောက်လာခဲ့ခြင်းပင်။
ကိုကိုနဲ့ မေမေကတော့ ဇိမ်းကိုစောင့်ပေးရင်း ဆေးရုံမှာကျန်ခဲ့သည်။ အကြောင်းစုံသိပြီး ကိုကိုကဘာမှမပြောပေမယ့် အန်တီကတော့ ငိုရင်း ဇိမ်းကိုတောင်းပန်နေရှာသည်။ ပြီးတော့ သူ့မြေးလေးကိုလက်ကမချ။ ကရုဏာလေးက လည်လွန်းသလို ချစ်စရာလည်းအလွန်ကောင်းပါသည်။ သူ့ဖွားဖွားကြီးကို မျက်ရည်တွေသုတ်ပေးရင်း သားကဖွားဖွားကြီးကိုချစ်ပါတယ်နဲ့ တဖွဖွပြောနေရှာသည်။