"အသဲလေး.... ဒီမှာလာကြည့်စမ်း ဒါတွေနဲ့ဆိုကိုကြီးအချစ်ကလေးနဲ့သိပ်လိုက်မှာ"
နောက်တစ်ပတ်ဆို အလုပ်ကိစ္စနဲ့စင်္ကာပူပြန်ရမှာမလို့ ညီမလေးကိုအချိန်ပေးပြီး shopping ထွက်လာတာ။ ဂျီးများလွန်းတဲ့ကလေးမက ဟိုဟာလဲမကြိုက် ဒီဟာလဲမကြိုက်နဲ့ရွေးလို့မပြီးနိုင်။ နောက်ဆုံးကျွန်တော်ညွှန်ပြတဲ့အဝတ်တွေကိုပဲရွေးလိုက်တယ်။
"ကိုကြီး... ရေခဲမုန့်စားချင်တယ်"
နှုတ်ခမ်းလေးဆူပြီးကလေးတစ်ယောက်လိုပူဆာနေလေရဲ့။ ဝယ်လာတဲ့အထုပ်တွေဆွဲရင်းရေခဲမုန့်ဆိုင်ပြန်ရှာရပြန်တယ်။
တစ်နေကုန် ဝယ်ချင်တာဝယ် စားချင်တာစားပြီးပြန်လာတော့ညကိုးနာရီပင်ထိုးပြီ။
မောင်နှမနှစ်ယောက်လုံးရေမိုးချိုးအဝတ်လဲပြီး တစ်နေကုန်ပင်ပန်းထားတာကြောင့် ဒီညတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာအသေချာ။
...................................
"အဟုန်.....နှိုင်း.....ထကြတော့ဟ ပြဿနာတက်နေပြီ"
အခန်းတံခါးလာထုပြီးအော်ပြောနေတာကြောင့်အမြန်ထကာ တံခါးဖွင့်ပေးရင်း
"ဟာ... သုတရာ... စောစောစီးစီးဘာဖြစ်လာတာလဲကွာ"
"ငါတော့ ဘာမှမဖြစ်ဘူး ဖြစ်တာကမင်းတို့"
"ဘာလို့လဲ"
မျက်ခုံးလေးပင့်ပြီးမေးလိုက်တော့သုတကစိတ်မရှည်စွာနဲ့ အပြင်ထိဆွဲခေါ်လာပြီးဆိုဖာပေါ်ထိုင်ခိုင်းကာ ဖုန်းဖွင့်ပြီးလက်ထဲထိုးထည့်ပေးတယ်
"ရော့... ကြည့်လိုက်"
ကြည့်ဆိုလို့ကြည့်တာဘာများလဲပေါ သူ့ news feed ကြီးတက်လာသမျှထိုင်ကြည့်ခိုင်းနေသလိုပင်။
"ဘာလဲကွာ အာရုံလာနောက်နေ"
တစ်ချက်မျှသမ်းဝေပြီး ကျောဆန့်ရင်းပြောလိုက်မှ သုတကပြန်လှည့်လာကာ
"မင်းကကျော်ကြည့်နေ တစ်မနက်ခင်းလုံးနှိုင်းနဲ့မင်းသတင်းတွေပဲတက်နေတာ ဒီကိစ္စကမင်းရှင်းမှရတော့မှာ စင်္ကာပူမပြန်ခင်အပြီးရှင်းသွား"