အိပ်ယာကနိုးနိုးချင်း မြင်လိုက်ရသည်က ကလေးသေးသေးမျက်နှာလေး။ လူနာကုတင်ထက်၀င်လှဲနေပြီး ကျွန်တော့်ရင်ဘတ်ကိုမျက်နှာအပ်ထားသည်ကြောင့် ပါးဖောင်းဖောင်းလေးတွေက အိကာဆွဲညှစ်ချင်ဖွယ်အတိ။
ဘယ်ကကလေးက ခုတင်ပေါ်ရောက်လာတာလဲ။ အခန်းထဲဝေ့ပတ်ကြည့်သော်လည်း မည်သူမှရှိမနေ။ ကလေးကိုမေးရအောင်ကလည်း နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်ကြောင့် ပြုံး၍သာကြည့်နေလိုက်သည်။ မကြာပါ ခြေသံဖွဖွနဲ့ အခန်းထဲလူ၀င်လာသံကြားတာကြောင့် ကြည့်လိုက်တော့ တုမနှိုင်းဖြစ်နေသည်။
တုမနှိုင်းကအပြုံးတစ်ခုနဲ့၀င်ရောက်လာပြီး ကလေးကိုကြည့်ကာ
"ဘယ်လိုလဲ ချစ်ဖို့ကောင်းတယ်မလား"
"အင်း နောက်တစ်ယောက်ထပ်ယူလိုက်တာလား"
"ချစ်သောကရုဏာတဲ့"
"ဟင်"
"ကလေးနာမည်လေ...နင့်သားလေး"
တုမနှိုင်းနောက်ဆုံးပြောလိုက်တဲ့စကားက ကျွန်တော်သာလူကောင်းပကတိဆိုရင်ထခုန်မိသွားမှာအမှန်။ ပျော်လွန်းလို့တော့မဟုတ်။ ထိတ်လန့်သွားသောကြောင့်ပင်။
"မနောက်နဲ့တုမနှိုင်း ခုတောင်ငါ့ဒဏ်ရာတွေကအရှင်းမပျောက်သေးဘူး နင်နဲ့စနောက်ဖို့လဲ အင်အားမရှိဘူး ပြီးတော့ငါကသတိုးနဲ့ကလွဲပြီး အဲ့လိုကိစ္စတွေဘယ်သူနဲ့မှမကျူးလွန်ခဲ့ဖူးဘူး "
"ယောက်ျားလေးက ကလေးမမွေးရဘူးလို့ဘယ်သူပြောလဲ"
"ဟင် ဘာပြောလိုက်တာလဲ"
နှိုင်းစကားတွေက ကျွန်တော့်အတွက်တော့ မယုံနိုင်ခြင်းများစွာနှင့်။ တည်ကြည်တဲ့မျက်နှာထားက နောက်ပြောင်နေတယ်လဲမဆိုသာ။
"ဟုတ်တယ် ဒီကလေးကသတိုးကိုယ်တိုင်မွေးပေးထားတဲ့ နင့်သွေးသားပဲ ဇိမ်း"
ကျွန်တော့်အသံတွေက လည်ချောင်းထဲတင်တစ်နေကာ ဘာပြန်ပြောရမှန်းမသိ။
"ခုသတိုးပါဒီရောက်နေတယ် နင့်ကိုမတွေ့ရဲလို့အပြင်မှာထိုင်စောင့်နေတာ တစ်ရက်ကျော်နေပြီ"