အပိုင်း ၁၄ unicode

244 22 4
                                    


ခိုင်မာနှောင်ကြိုး

အပိုင်း ၁၄

"ပဲ....ပြုတ်....ပူ....ပူ...လေး..."

"ပဲပြုတ်....လာပါဦးခင်ဗျ။"

"လာပြီ။"

ပဲပြုတ်ရောင်းသူ အဒေါ်ကြီးက ပဲပြုတ်တောင်းကို ရွက်ထားလျက်နှင့်ပင် အနားသို့ အလျှင်အမြန်ရောက်လာပါသည်။အသက်ကြီး ပေမယ့် အတော်လေးကို သွက်လက်ဖျတ်လတ်သော အဒေါ်ကြီး တယောက်ပင် ဖြစ်လေသည်။

"ကိုဧည့်သည် ကိုယ်တိုင် ပဲပြုတ် ထွက်ဝယ်လို့ ပါလား။ရွှေရင်အေးကော..."

"ရွှေရင်အေး ဖျားနေလို့ပါ အဒေါ်။"

အဒေါ်ကြီး ခေါင်းပေါ်မှ ပဲပြုတ်တောင်းကို အောက်သို့ ကူချပေးရင်း ပြောလိုက်သည်။

"ဟယ်...ဘယ်လိုဖြစ်ရတာတုန်း။ရွှေရင်အေး က ကျန်းမာရေး ကောင်းတယ်။ဖျားခဲပါတယ်တော်။"

"မနေ့က ဈေးရောင်းထွက်ရင်း မိုးမိသွားလို့ပါ အဒေါ်။"

"ဟုတ်ပါ့အေ။မိုးကလည်း အချိန်အခါ မဟုတ် ရွာလိုက်တာ ပြောမနေပါနဲ့တော့။ငါတို့ အိမ်မလည်း မိုးတွေ ယိုလို့လေ။ပုံးနဲ့ ရေခံထားရတယ်။ပဲပြုတ် က ဘယ်လောက်ဖိုး ယူမှာလဲ ကိုဧည့်သည်။"

"ရွှေရင်အေး ဝယ်နေကျ အတိုင်းပဲ ပေးပါ အဒေါ်။"

"အေး...အေး။ငါတို့ အိမ်မလည်း အခုထိ အမိုး ပြန်မမိုးရသေးဘူး။မိုးမရောက်ခင်လေး အိမ်မိုးမယ်လို့ ဆိုပြီး ငွေစုနေတုန်း။မိုးကလည်း အချိန်အခါ မဟုတ် ဗြုန်းဆို ရွာချတာအေ။အိမ်လည်း မိုးယိုပါကောလား။"

ပဲပြုတ်ကို တောင်းထဲကနေ ဇွန်းနှင့် ခပ်၊ ချိန်ခွင်ထဲ ချိန်ရင်း အဒေါ်ကြီး က ပြောလေသည်။သူတို့ အိမ်လေးကတော့ မိုးရေ မယို။ဒါကလည်း အိမ်ရှင်ဖြစ်သူ အန်တီစိုး၏ ကျေးဇူးကြောင့်ဟု ပြောရပေမည်။အိမ်ရှင်တယောက်အနေနှင့် အိမ်ဌားတယောက်၏ အိမ်ကို ပစ်မထား။ လိုအပ်တာ မှန်သမျှ အကုန်လုပ်ပေးသည်။တကယ်ကို စိတ်ထားကောင်းသော အိမ်ရှင်တယောက်လည်း ဖြစ်ပါသည်။ဇင် တို့ ညီအကိုကိုလည်း သားသမီး အရင်းလို ချစ်ခင်သည်။အသေးအဖွဲ ကိစ္စလေးက အစ ဂရုတစိုက် ရှိလှပေသည်။ဇင် တို့ ညီအကို ကံကောင်းလှပေသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now