အပိုင်း ၃၄ zawgyi

66 1 1
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၃၄"ဒီဇင်ဘာလင်းလက် မင်းအခု ဘယ်မှာလဲ""ကျွန်တော် အခု ကျောင်းကအပြန်လမ်းမှာပါ။""အတော်ပဲ မင်းလမ်းမှာ ဆိုရင် ဆရာ့အိမ်ကို ခဏဝင်လိုက်ပါလား။ဆရာ စားဖို့ အစားပျော့ပျော့လေးတွေပါ ဝယ်သွား။ဆေးပါဝယ်သွား။""ဆေးပါဝယ်သွား ဟုတ်လား။ဆရာ ဘာဖြစ်လို့လဲ။""ဆရာ ဖျားနေတယ်။ပန်းဖျားပေါ့ကွာ။ night duty ကျတဲ့နေ့ကို ဂျူတီမထွက်ရဘဲ အခြားသူအတွက်ပါ ဂျူတီအစားဝင်ပေးရလို့ ပိုပြီး ပင်ပန်းသွားတာ။အရင်ရက်တွေကလည်း ပင်ပန်းထားတဲ့ ဒဏ်လည်း ပါတာပေါ့။ငါလည်း အလုပ်ကိစ္စနဲ့ နယ်ရောက်နေတော့ အလုပ်ကို ဆရာ့ကို မကူညီနိုင်ဘူး။ရုံးအလုပ်တွေနဲ့ ဆေးရုံကိစ္စတွေနဲ့ ဆိုတော့ ပင်ပန်းတာ နှစ်ဆ ဖြစ်သွားတာပေါ့ကွာ။ငါက နယ်ရောက်နေတော့ ဆရာ့အခြေအနေကို သွားကြည့်လို့ မရဘူး။ဆရာ့ကို သွားကြည့်ပေးဖို့ မင်းကို အကူအညီ တောင်းတာပါ။""ကျွန်တော် သွားပေးပါ့မယ်။ဒါပေမဲ့ ကျွန်တော့်မှာ အိမ်သော့မှ မရှိတာ။ဆရာက နေမကောင်းတော့ အိမ်တံခါး ထဖွင့်ပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်။"မြတ်မောင်က တံခါး password နံပါတ်ကို ပေးလေသည်။သူခေါင်းထဲမှာ အလွတ်ကျက်လိုက်လေသည်။အကို ဖျားနေသည် ဆိုတာ သိသောကြောင့် သူစိတ်ပူသွားတာတော့ အမှန်။အကို က တယောက်တည်း နေရသူ ဆိုတော့ နေမကောင်း ဖြစ်တဲ့အချိန်ဆို ပြုစု၊ဂရုစိုက်ပေးမယ့်သူလည်း မရှိ။ဟိုတလောက အကို့ဆီ လာတော့ အကို့အိမ်နားက ရပ်ကွက်ဈေးလေး တခုကို တွေ့လိုက်သည်။ရပ်ကွက်ဈေးလေးထဲ ပတ်ပြီး အကို ကြိုက်တတ်သော ဟင်းစားလေးတွေ၊ မုန့်ပဲ သားရေစာတွေကို ဝယ်ခဲ့လိုက်သည်။ဝယ်ယူလာသည်မှာ များသွားသောကြောင့် လက်ထဲမှာ အိတ်နှစ်လုံးနှင့် ဖြစ်လေသည်။အကို့၏ တိုက်ခန်းကို ၅ကြိမ်လောက် ရောက်ဖူးသောကြောင့် သွားလာတတ်နေပါပြီ။ ပတ်ဝန်းကျင် နှင့်လည်း သိပ်ပြီး မစိမ်းတော့ပေ။အကို တယောက်တည်း ဟူသော အသိကြောင့် ခပ်သွက်သွက် ခြေလှမ်းဖြင့် တိုက်ပေါ်သို့ တက်လိုက် သည်။မြတ်မောင် ပြောသည့်အတိုင်း နံပါတ်ဖြင့် တံခါးဖွင့်လိုက်သည်။မှောင်မိုက်နေသော အခန်းက သူ့ကို ဆီးကြိုလျက် ရှိလေသည်။ မီးခလုတ်နေရာကို သွားလိုက်ပြီး မီးချောင်းတချောင်းကို ဖွင့်လိုက်သည်။လက်က ပစ္စည်းတွေကိုလည်း ဧည့်ခန်းက စားပွဲပေါ်မှာ ခဏထားခဲ့လိုက်ပြီး အကို့ကို လိုက်ရှာလိုက်သည်။သူသိသလောက် အကို့အိမ်မှာ အခန်းနှစ်ခန်း ရှိသည်။တခန်းက အကို နေသည်။ တခန်းကတော့ မလိုတဲ့ ပစ္စည်းလေးတွေ ထည့်ထားသည့် အခန်း ဖြစ်သည်။"အကို..အကို.."အခန်းထဲမှာလည်း မှောင်မဲလို့ နေပါသည်။ဒီအခန်းထဲမှာတော့ မီးခလုတ် ဘယ်နားရှိမှန်း မသိပေမယ့် အခန်းပေါက်နားမှာ များသောအားဖြင့် ရှိတတ်သောကြောင့် လက်ဖြင့် စမ်းကာ ဖွင့်လိုက်သည်။မီးလင်းလာသည်နှင့် မြင်ရသော မြင်ကွင်းမှာ သူ့ကို ပိုမို စိတ်ပူသွားစေပါသည်။ခုတင်ပေါ်မှာ စောင်ပုံသာ တွေ့ပြီး အကို့ကို မမြင်ရပေ။အနားသို့ သွားကာ စောင်ကို ဆွဲလှန်လိုက်တော့မှ ခပ်ကွေးကွေးလေး အကို့ကို တွေ့ရလေသည်။ညည်းသံသဲ့သဲ့ကို ကြားရလေသည်။အသားကို စမ်းကြည့်လိုက်တော့ ပူခြစ်နေသည်။ "အကို..."ခပ်တိုးတိုးလေး ခေါ်လိုက်ပေမယ့် တုံ့ပြန်သံကတော့ ညည်းသံပင် ဖြစ်လေသည်။တဆတ်ဆတ် တုန်ရီနေသော ခန္ဓာကိုယ်ကြောင့် အကို့၏ အဖျားရှိန်ကို မှန်းလို့ ရလေသည်။သူလုပ်စရာ ရှိတာ အမြန်လုပ်မှ ဖြစ်တော့မည်။အရင်ဆုံး အပူကျအောင် လုပ်ရမည်။များများစားစား စဉ်းစားမနေတော့ဘဲ မီးဖိုထဲသို့ ဝင်ပြီး ရေဇလုံတခုနှင့် ရေခဲသေတ္တာထဲမှာ ရှိနေသော ရေခဲတုံးများကို ယူလိုက်သည်။လိုသည်က အဝတ်စ။ ရေချိုးခန်းထဲမှာလည်း တဘက်တထည်တောင် မတွေ့ရပေ။အဝတ်ဗီဒိုကိုလည်း ပိုင်ရှင် မသိဘဲ ဖွင့်ပြီး မယူချင်သောကြောင့် သူ့အိတ်ထဲမှာ ပါလာသည့် သူသုံးလက်စ လက်ကိုင်ပဝါကိုပဲ သုံးလိုက်ရပါသည်။မျက်နှာမှချွေး တခါလောက်တော့ သုတ်ပြီး သုံးထားသော လက်ကိုင်ပဝါကြောင့် အကို့ကိုတော့ အားနာမိပါသည်။ရေခဲရေထဲမှာ နှစ်ကာ စိမ်ထားသော လက်ကိုင်ပဝါကို အကို့ နဖူးဆီသို့ တင်ထားလိုက်သည်။ခန္ဓာကိုယ်မှာလည်း ချွေးတွေ ရွဲနေပြီ။ အင်္ကျီလဲပေးမှ ဖြစ်တော့မည်။ဗီဒိုကို ဖွင့်ဖို့က အကို့ ခွင့်ပြုချက်က လိုသေးသည်။အရင်ဆုံး အင်္ကျီချွတ်ပြီး ချွေသုတ်ပေးမှ ဖြစ်မည်။ အကို့ ခွင့်ပြုချက်မရဘဲ အဝတ်အစားတွေ ချွတ်ရမည်ကို အားနာပေမယ့်လည်း မတတ်နိုင်ပေ။"ဆောရီးပါ ခွင့်ပြုပါ အကို။"အဖျားရှိန်ကြောင့် နီစပ်စပ် ဖြစ်နေသော အသားအရေ။ ကိုင်တွယ်ထိတွေ့ ရတာ လက်တုန်နေမိသည်။ကြောက်ရွံ့သော ဆရာတယောက်နှင့် စာသင်ရသလို တုန်လှုပ်ခြောက်ခြားနေမိသည်။အဖျားရှိလို့ တုန်ရီနေသူထက် ပိုလေသည်။နေမကောင်းနေသူကို အခွင့်အရေး ယူမိမှာလည်း စိုးမိလေသည်။အင်္ကျီချွတ်ပြီးတော့ ချွေးသုတ်ရန်အတွက် ရှာရပြန်သည်။အဝတ်စင်ပေါ်မှာ ရှားရှားပါးပါး တွေ့သည့် တဘက်တထည်။ ချွေးသုတ်ပေးပြီးတော့ ပြန်ဝတ်ပေးဖို့ အင်္ကျီက လိုအပ်ပြန်ပါသည်။"အကို...အကို ဝတ်ဖို့ အဝတ်အစား လိုချင်လို့ ဗီဒိုထဲမှာ သွားယူခွင့်ပြုပါ။"အကို့ နားကို တိုးတိုးလေး ကပ်ကာ ခွင့်ပြုချက် ယူလိုက်သည်။ညည်းသံလား။ခွင့်ပြုသံလား။မသဲကွဲသော အသံသေးသေးလေးကို ကြားရသည်။ အကို ခွင့်ပြုသည်ဟု သူယူဆကာ ဗီဒိုဆီသို့ သွားကာ အဝတ်အစား ရှာဖွေလိုက်သည်။သပ်သပ်ရပ်ရပ် စီရီထားသော အဝတ်အစား အထပ်တွေကို တွေ့ရလေသည်။သပ်သပ်ရပ်ရပ် နေတတ်တာ သိသည်။သူကြာကြာတော့ မစပ်စုနိုင်ပါ။အဆင်ပြေပြေ ဝတ်လို့ ချောင်မည့် အဝတ်အစားတစုံကို ရွေးပြီး အကို့ဆီ ပြန်လာရပါသည်။စောင်လွှမ်းပေးခဲ့သည့် အတိုင်းလေးပါပဲ။စောင်လေးကို အသာအယာ ခွာပြီး အကို့ ခန္ဓာကိုယ်ကို ပွေ့ကာ အင်္ကျီဝတ်ပေးလိုက်သည်။"အင်း.....ဘွား.....""ကျွန်တော် ဇင် ပါ အကို။အကို သက်သာရဲ့လား။ကျွန်တော် ဘာထပ်လုပ်ပေးရမလဲ။ဆေးထိုးချင်လား။"ခေါင်းရမ်းပြလေသည်။"ဆေးတော့ သောက်မှ ရမယ်။တခုခုစားပြီး ဆေးတခွက်လောက်တော့ သောက်လိုက်နော် အကို။""အင်း.....ဇင် လား။"အကို့ နှုတ်ဖျားက ထွက်လာသော လေသံက တိုးတိတ်ပေမယ့် သူကြားဖြစ်အောင် ကြားလိုက်သည်။အကို့ထံမှ ပြန်လည် ကြားရသော ဇင် ဆိုသော ခေါ်သံလေး။သူ ပီတိဖြစ်လိုက်တာ။"ဟုတ်တယ်။ဇင်လေ အကို။"အင်း ဟု ဆိုကာ အကိုက သူ့ထံသို့ ခေါင်းတိုးဝှေ့လာလေသည်။"အကို စားဖို့အတွက် တခုခု သွားလုပ်လိုက်ဦးမယ်နော်။""ဟင့်အင်း.....ဘာမှမစားချင်ဘူး။""စားမှရမှာလေ။စားမှ ဆေးသောက်လို့ ရမှာပေါ့ အကိုရဲ့။အကိုက လိမ္မာပါတယ်။"တိုးဝှေ့ထားသည့် ခေါင်းလေးဟာ ရှောင်သွားသည်။မျက်နှာက နီတာရဲ။မျက်ဝန်းက မှေးစင်းစင်း။"အိပ်ချင်တယ်။"အိပ်ချင်သည်ဟု ဆိုကာ ပြန်ခွေသွားပြန်သည်။အကို့ကို ဒီအတိုင်း ပစ်ထားလို့တော့ မရ။သူ့အိတ်ထဲမှ အဖျားတိုင်း ကိရိယာကို ယူလိုက်သည်။အကို့ကို ချော့မော့ပြောကာ အဖျားတိုင်းပေးရလေသည်။အဖျားက တရာ့နှစ် ရှိသည်။သူ ဆေးထိုးပေးချင်ပေမယ့် အကိုက ခေါင်းချည်းပဲ ခါနေတော့ သူလည်း အကို မကြိုက်တာ မလုပ်ချင်ပေ။ဆေးမထိုးရင်တောင် ဆေးတော့ ဝင်အောင်တိုက်ရမည်။ အကို နဖူးပေါ် ရေဝတ်တင်ပေးထားပြီး မီးဖိုထဲသို့ သူဝင်လိုက်သည်။အစာကြေလွယ်ဖို့ ကြက်သားဆန်ပြုတ်လေးပဲ ပြုတ်လိုက်သည်။ အချိန်နည်းနည်းကြာနိုင်သည် ဆိုပေမယ့် ကြက်သားပေါင်းထားလိုက်သည်။"အင်း...အင်း ...ဘွား သား ကို ကယ်ပါ။သားကို ကူညီပါ။"မီးဖိုထဲမှ အသံတခုကို ကြားရလေသည်။သေချာသည်။အကို့အသံဆိုတာ။လုပ်လက်စတွေကို ရပ်ပြီး အကို ရှိရာ အခန်းကို အပြေးသွားလိုက်သည်။အခန်းထဲ ရောက်တော့ ကုတင်ပေါ်မှာ လက်ကားယား ခြေကားယားနှင့် ပလုံးပထွေး အော်ဟစ်နေသော အကို့ကို တွေ့ရသည်။"အကို..အကို.."လေပေါ်မှာ မြှောက်ထားသော လက်နှစ်ဖက်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။ဝှေ့ယမ်းနေသော အကို့ခေါင်းကို ငြိမ်သက်သွားအောင် ထိန်းကိုင်ပေးလိုက်သည်။သူ့ခေါ်သံနှင့် လှုပ်နှိုးမှုကြောင့် ထင်သည်။ငြိမ်ကျသွားပြီး မျက်လုံးလေး ဖွင့်ကြည့်သည်။"အကို အိပ်မက်ဆိုး မက်လို့လား။""ကျွန်တော် ကြောက်.....ကြောက်တယ်။""မကြောက်နဲ့။ကျွန်တော် တယောက်လုံး ရှိတယ်။အကို အဖျားရှိနေလို့ စိတ်တွေ ကယောက်ကယက် ဖြစ်နေတာ။ဆေးသောက်လိုက်ရင် ပျောက်သွားမှာ။ဆန်ပြုတ်လည်း ရပြီ။အစားစားပြီး ဆေးသောက်ရအောင်နော် အကို။""သူ.....သူတို့က တခုခုလုပ်ရင် ဘယ်....ဘယ်လိုလုပ်မလဲ။ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။""သူတို့က.....သူတို့ဆိုတာ ဘယ်သူလဲ အကို။""သူတို့....သူတို့"ကြောက်ရွံ့မှုကြောင့် တုန်ခါနေသော ခန္ဓာကိုယ်နှင့်အတူ စကားသံက ထပ်မထွက်လာတော့ပါ။သူလည်း အကို့ကို ထပ်ပြီး ဖိအားတွေ မပေးချင်တော့သောကြောင့် ထပ်မမေးတော့ဘဲ ပွေ့ဖက်ထားရင်းသာ နှစ်သိမ့်ပေးလိုက်ပါသည်။အကို့မှာ ဘာများ စိတ်ဆင်းရဲမှုတွေ ရှိနေသလဲ။သူထင်သည်မှာ အကိုဟာ ရွှေပေါ်မြတင် သူဌေးသား။ လိုတာအကုန်ရ။စည်းစိမ်အပြည့်နှင့် နေရသူ။အစစအရာရာ ပြည့်စုံသူဟု ထင်ခဲ့ပေမယ့် တကယ်တမ်း ကျတော့ အကိုဟာ အထီးကျန်မှုနှင့်အတူ နေ့စဉ်ဖြတ်သန်းနေရသူ။ဒါ့အပြင် လူမသိ၊သူမသိ ကြောက်ရွံ့မှုတွေကိုပါ အကို့မှာ ရှိနေသည်။ဘာမှန်းရေရေရာရာ သေသေချာချာ သူမသိပေမယ့် အကိုခံစားနေရတာတွေ ပျောက်ကွယ်အောင်တော့ သူကူညီပေးချင်မိလေသည်။ဆန်ပြုတ်အပူလေးတိုက်သည်။အစကတော့ မသောက်ဘူးချည်း ခေါင်းခါနေသည်။အတင်းချော့မော့ကာ တိုက်မှ စသောက်သည်။ဆန်ပြုတ်တဇွန်း ပါးစပ်ထဲ ဝင်တိုင်း မျက်နှာက ရှုံ့မဲ့နေလေသည်။အများကြီးတော့ မစား။သုံးဇွန်းလောက် စားဖို့ကိုတောင် မနည်းချော့မော့ ကျွေးရလေသည်။နောက်ထပ်ထပ် ကျွေးလို့ မရတော့ဘဲ မစားဘူးဟုသာ ခေါင်းပဲ ခါနေသည်။ဆေးသောက်ခိုင်းတော့ သောက်ပါသည်။ပြီးတော့ အိပ်ရာထဲ ပြန်ခွေသွားလေသည်။အကို သက်တောင့်သက်သာ အိပ်လို့ရအောင် ပြင်ဆင်ပေးလိုက်သည်။သူပန်းကန်တွေ ဆေးပြီး ပြန်လာတော့ အကိုက တအင်းအင်းနှင့် လှုပ်လာတာကို တွေ့ရပြန်လေသည်။"အကို ဘယ်လိုနေသေးလဲ။သက်သာရဲ့လား။"အကို့နံဘေး ကုတင်စွန်းမှာ ထိုင်ကာ လက်မောင်းလေးကို ပုတ်ပေးလိုက်တော့ ငြိမ်သက်သွားပြန်သည်။အကို ဘာတွေများခံစားနေရသလဲ။ နေမကောင်းတာတောင် အေးအေးဆေးဆေး မအိပ်နိုင် ဖြစ်နေလေသည်။"အကို ဘာတွေခံစားနေရသလဲ။အကို ပြောလို့ရရင် ပြောပြပြီး အကိုနဲ့ မျှဝေခံစားခွင့်ပြုပါလား။"နူးညံ့လှသည့် အကို့ပါးပြင်လေးကို အသာပွတ်သပ်ရင်း ပြောမိသည်။အကိုကတော့ အိပ်ပျော်နေသဖြင့် မကြား။ဒီညတော့ သူဒီမှာ အိပ်မှ ဖြစ်မည်။အကိုတယောက်တည်း ထားခဲ့ပြီး အိမ်ပြန်လို့လည်း မဖြစ်။ညသန်းခေါင် အဖျားတွေ တက်နေမှဖြင့် ခက်ရချည်ရဲ့။ဒီမှာ အိပ်မည် ဆိုလျှင်တော့ အိမ်ကို အကြောင်းကြားမှ ဖြစ်ပေလိမ့်မည်။အကြောင်းမကြားဘဲ ပြန်လာလျှင် အိမ်ကလူတွေ စိတ်ပူနေလိမ့်မည်။"ဘယ်လို ကိုကြီး ဘယ်သူ့အိမ်မှာ အိပ်မယ် ပြောတာ.."ဧပရယ်၏ ဖုန်းထဲမှ အော်ပြောလိုက်သံကြောင့် သူတောင် လန့်သွားသည်။ပုံမှန်ဆို သူ အပြင်မှာ အိပ်လေ့အိပ်ထ မရှိတာ အိမ်သားတွေ အားလုံးသိလေသည်။ထိတ်လန့်လည်း ထိတ်လန့်ချင်စရာပေါ့။အကိုနှင့်သူ ပြန်တွေ့သည်ကို အိမ်သားတွေ အားလုံးသိပေမယ့် အသွားအလာ အမြဲတမ်း ရှိနေသည် ဆိုတာကိုတော့ အမြဲလိုလို မပြောဖြစ်ပေ။ငယ်လေးကတော့ အကို့အကြောင်း အမြဲလိုလို မေးတတ်သောကြောင့် ငယ်လေးကိုတော့ ပြောဖြစ်တာ များသည်။"ကိုကြီးဧည့်သည် အိမ်မှာလို့ ပြောတာလေ။ကိုကြီးဧည့်သည်ကို ဧပရယ်လည်း သိနေတာပဲလေ။" "သား...သားသိပါတယ်။ဒါပေမဲ့ ကိုကြီးဧည့်သည် အိမ်မှာ အိပ်မှာဆိုတော့ ....။ကိုကြီးဧည့်သည် ဆိုပေမယ့် သားတို့အတွက် သူစိမ်းပဲ မဟုတ်လား။သူများအိမ်ကို ညအိပ် မသွားရဘူးလို့ ကိုကြီးပဲ သားတို့ကို ဆုံးမထားတယ်လေ။""ဟုတ်ပါတယ်။ကိုကြီး ဆုံးမထားတာ မှန်ပါတယ်။အခုက အခြေအနေအရပါ။ကိုကြီးဧည့်သည်က ဖျားနေတယ်။သူ့အိမ်မှာ ဘယ်သူမှ မရှိဘူး။တယောက်တည်းနေတာ။နေမကောင်းတော့ ညရေးညတာ တခုခု ဖြစ်မှာစိုးလို့ ကိုကြီး စောင့်အိပ်ပေးတာပါ ဧပရယ်။ကိုကြီး ပြောခဲ့ဖူးတဲ့ စကားကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ကိုကြီးမှာ အပြစ်ရှိပါတယ်။""သားကအဲ့လိုပြောတာ မဟုတ်...""ကိုကြီး တောင်းပန်ပါတယ်။ဒီတရက်ပဲ ကိုကြီးကို ခွင့်ပြုပေးပါ။"ညီလေးတွေ၏ ရှေ့မှာ တခါမှ အမှားမလုပ်ဖူးသည့်သူ။ဒီတခါတော့ သူသတ်မှတ်ထားသည့် စည်းကမ်းကို ခြေဖျက်မိလေပြီ။အကိုကြီး တယောက်အနေဖြင့် မလုပ်သင့်သည့် အလုပ်ကို သူလုပ်မိလေသည်။အခုလောလောဆယ်မှာတော့ တောင်းပန်စကားမှ လွဲ၍ ဘာစကားမှ မရှိသလိုပါပဲ။ဧပရယ့် ထံမှ ဘာစကားမှ မဆိုတော့သောကြောင့် သူလည်း စကားစကို ဖြတ်လိုက်ပါသည်။"ငယ်လေးနဲ့ အန်တီစိုးကိုလည်း ပြောပြလိုက်ပါ ဧပရယ်။""ဟုတ်ကဲ့ ကိုကြီး။"ဖုန်းချပြီးသည်နှင့် အကို ရှိရာ အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။အကိုက အိပ်နေဆဲပါ။အကိုနားသို့ တိုးဖို့ ဟန်ပြင်ပြီးမှ သူ့ခန္ဓာကိုယ် ကို ငုံကြည့်မိသည်။တနေကုန် ဝတ်ထားသည့် အဝတ်အစားနှင့် ဖြစ်သည်။ခေါင်းကိုစောင်းကာ လက်မောင်းနားသို့ အနံ့ခံကြည့်လိုက်တော့ ကိုယ်တိုင်တောင် နှာခေါင်းရှုံ့မိသည်။အကိုနှင့်အတူ တခန်းတည်းနေရမည် ဆိုတော့ ကိုယ်လက်သန့်စင်ဖို့ လိုလေသည်။တနေကုန် ကျောင်းတက်ထားရတော့ ချွေးတွေသံတွေနှင့် ဖြစ်သည်။ရေချိုးပြီးရင်တော့ လဲလှယ်ဖို့ အတွက် အဝတ်အစား တစုံတော့လိုသည်။ သူ့မှာ အဝတ်အစား အပိုမပါသောကြောင့် အကို့အဝတ်အစား တစုံလောက်တော့ ဌားမှ ဖြစ်လိမ့်မည်။ခွင့်ပြုချက်တောင်းဖို့အတွက်လည်း အကိုက အိပ်ပျော်နေသောကြောင့် ကိုယ်သဘောနှင့်ကိုယ် ဗီဒိုထဲမှ အဆင်ပြေသည့် အဝတ်အစားတစုံ ထုတ်ယူလိုက်ရလေသည်။ ရေချိုးရန် အကို့၏ ရေချိုးခန်းသို့ ဝင်လာလိုက်သည်။စောနက ဝင်တုန်းက သတိမထားမိပေမယ့် အခုတော့ ရေချိုးခန်း ပတ်ဝန်းကျင်ကို လေ့လာဖြစ်သည်။ ရေချိုးရန် ရေပန်းရှိသည်။ရေချိုးဆပ်ပြာ၊ ရှန်ပူ အစရှိသည့် ပစ္စည်းလေးများတင်ထားသော နံရံကပ် စင်တခု ရှိလေသည်။ဘေစင်တခုနှင့် မှန်တချပ်၊နံရံကပ် ဗီဒိုခပ်သေးသေးလေးလည်း ရှိသည်။ဖွင့်ကြည့်လိုက်တော့ အထဲမှာ တဘက်အချို့တွေ့ရသည်။စောနက သူမမြင်။ရေမိုးချိုးပြီးသည်နှင့် အကို့အဝတ်အစားကို ယူဝတ်ရင်း အကို သူ့အိမ်မှာ နေခဲ့စဉ် သူ့အဝတ်အစားတွေကို အကို ဝတ်ခဲ့သော အချိန်လေးကို သတိရသွားသည်။သူ့အဝတ်အစား ခပ်နွမ်းနွမ်းကို ဝတ်ဆင်ပြီး သူပြောသမျှ ခေါင်းငုံခံခဲ့သော အကို။သူပြောဆိုခဲ့ဖူးသော အပြောအဆိုတွေကို ဒူးထောက်တောင်းပန်မည် ဆိုလျှင်တောင် ကျေပါ့မလားမသိ။အကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတောင်းပန်ရမှာပဲ ဖြစ်သည်။ကိုယ်လက်သန့်စင် ပြီးပြီဆိုတော့ အကို့အနားသို့ ကပ်ဖို့ရန် သူရဲဝံ့သွားတော့သည်။အကို့ နဖူးကို စမ်းကြည့်လိုက်မိတော့ အဖျားတော့ အနည်းငယ်ကျသွားပြီ။ချွေးတွေ ထွက်နေသည့်အတွက် အဝတ်အစား ထပ်မံလဲပေးရသည်။ဓာတ်ဆားရည် တိုက်ဖို့လည်း မနှိုးချင်ပေမယ့် နှိုးရပြန်ပါသည်။အကို့ကို အသာလေး ပွေ့ယူပြီး တိုက်ရသည်။အနည်းငယ်ပဲ သောက်ပြီး ခေါင်းခါလေသည်။"နည်းနည်းပဲ ထပ်သောက်လိုက်လေနော်။ဓာတ်ဆားသောက်ပြီးရင် ဆီးသွားရမယ်။အဲ့ဒါမှ အပူကျမြန်မှာပေါ့ အကို။""တော်ပြီ။"ဟု ပြောကာ ပြန်အိပ်သွားလေသည်။သူလည်း အကို့နံဘေးနားမှာ အသာလေးလှဲချလိုက်သည်။အကို့မျက်နှာကို မြင်ရအောင် မျက်နှာချင်းဆိုင် အနေအထားမျိုးမှာ အိပ်စက်လိုက်သည်။အကို့မျက်နှာလေးကို အနီးကပ် မြင်ခွင့်ရတာ၊ အနီးစပ်ဆုံးမှာ ရှိနေခွင့် ရတာဟာ ထူးခြားသည့် ကုသိုလ်တခုလို့ ပြောလို့ရပေမည်။အကို့ကို ကြည့်နေချိန်အတွင်းမှာပဲ အကို၏ ခန္ဓာကိုယ်မှာ လွန့်လွန့်လူးလူးလေး ဖြစ်လာပြီး မျက်လုံးလေးပါ ဖွင့်လာလေသည်။ပြီးတော့ ထထိုင်ဖို့ ကြိုးစားနေသောကြောင့် သူကပဲ ကူညီကာ ဖေးမလိုက်ရလေသည်။"ဘယ်သွားမလဲ အကို။""အိမ်သာ""ဆီးသွားချင်လို့လား။"အကိုက ခေါင်းညိတ်လေသည်။"ဒါဆို သွားရအောင်လေနော်။ကျွန်တော် လိုက်ပို့မယ်။"အကို့ ခန္ဓာကိုယ်ကို ကျော်ပြီး လက်မောင်းကို ကိုင်၍ ပွေ့ဖက်ကာ ဖေးကူလိုက်တော့ အကို သူ့ကို မျက်လုံးလှန်ကြည့်လေသည်။အနေအထား ကြည့်ရတာ သက်သာလာဟန်လည်း ရှိလေသည်။အကို့ကို ထလို့ရအောင် အသာဆွဲထူလိုက်သည်။အသာတကြည်ပင် ပါလာသည်။ဒယိုးဒယိုင် ဖြစ်နေသောကြောင့် ပွေ့ပိုက်ကာ ထိန်းပေးရလေသည်။အကိုနှင့်သူ မတွေ့ဖြစ်ကြတာ ရက်ပိုင်းလောက်ပဲ ရှိပါသေးသည်။အကို ဒီအခြေအနေသို့ ဖြစ်သွားလောက်အောင် အကို အလုပ်တွေ ဘယ်လောက်တောင် လုပ်လိုက်သလဲ။စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ပြီး လဲသွားတဲ့ အထိ။"ကျွန်တော် အခန်းပေါက်ဝက စောင့်နေမယ်နော်။ချော်မလဲစေနဲ့နော် အကို။"အကို့ကို အိမ်သာပေါက်ဝထိပဲ ပို့ပေးပြီး သူကတော့ အခန်းဝမှာ စောင့်နေလိုက်ပါသည်။အထဲမှာ ချော်လဲနေမည်ကိုလည်း စိုးရိမ်မိပေမယ့် အထဲထိတော့ လိုက်ပို့ဖို့ မဖြစ်နိုင်။အကိုကလည်း ခွင့်ပြုမည် မဟုတ်ပေ။ချော်မလဲစေဖို့ပဲ မှာရလေသည်။အကိုကလည်း သူစကား နားထောင်သည့် သဘောဖြင့် ခေါင်းညိတ်ပြလေသည်။ မိနစ် အနည်းငယ် ကြာသည်အထိ အကိုက ပြန်ထွက်မလာသေးသောကြောင့် သူစိုးရိမ်သွားသည်။တံခါးကို တဒုန်းဒုန်းထုမိပြီး အော်ခေါ်မိလေသည်။"အကို...အကို အဆင်ပြေရဲ့လား။အထဲမှာ ကြာနေပြီ။"သူခေါ်နေပေမယ့် အသံက ထွက်မလာ။ပိုပြီး စိတ်ပူလာလေသည်။နောက်တခေါက် ခပ်ကျယ်ကျယ် ထပ်ခေါ်လိုက်မှ အသံသဲ့သဲ့လေးနှင့် အတူ အပြင်ထွက်လာသော အကို့ကို တွေ့ရလေသည်။မျက်နှာလေးက ရှုံ့မဲ့နေပြီး ဗိုက်ကလေးကို လက်နှင့်ပွတ်သပ်နေသည်။အကို့ ပုံစံက တခုခုကို ခံစားနေရသလို သက်တောင့်သက်သာ မရှိလှပေ။ဖျားနေသည့် ကြားထဲ ဘာများထပ်ဖြစ်လို့လဲ။"ဘာများဖြစ်လို့လဲ အကို။အကို အထဲဝင်သွားတာ ကြာတယ်။""ဟို...ကျွန်တော်...အလေးသွားမရ ဖြစ်နေလို့..."ပြောပြီးသည်နှင့် ရှက်မျက်နှာလေး ဖြစ်သွားသည်။ဒီမျက်နှာမျိုး သူမှတ်မိသည်။တချိန်က အတိတ်မှာ ဒီလိုမျက်နှာမျိုးလေးနှင့် ဆွဲဆောင်မှု ရှိခဲ့ဖူးသည် မဟုတ်လား။အိမ်သာထဲက ထွက်လာပြီး လက်ဆေးချင်လို့ တောင်းဆိုနေသူလေး။သန့်ရှင်းမှုကို ဦးစားပေးတတ်သူ။အခုတော့ အလေးသွားမရလို့တဲ့ ပွင့်ပွင့်လင်းလင်း ပြောပြီး ရှက်နေသည်။ဒီမျက်နှာလေးကို အသဲယားလွန်းလို့ ထိကိုင်မိ လိုက်သည်အထိပါ။လက်ဖဝါးနှင့် ထိမိလိုက်သည့် ပါးပြင်လေးကြောင့် တွန့်ခနဲ ဖြစ်သွားသည့် ခန္ဓာကိုယ်လေး။မျက်လုံးလှန်ကာ ဝေ့ကြည့်တော့ အရင်က အတိတ်က အကို့ကို ပြန်မြင်ယောင်မိသည်။မျက်ဝန်းညိုလေးကလည်း အဖျားအရှိန် ရှိနေသည့် တိုင်အောင် တောက်ပလို့နေလေသည်။ ခပ်ရဲရဲလေး ဖြစ်နေသော မျက်နှာ။ခပ်ဟဟ နှုတ်ခမ်းသားလေးဟာ သူ့ကို အဖျားကြီး ဆွဲဆောင်နေသည်။ပစ်မှားမိစရာ ကောင်းလောက်အောင်ပင်။စိတ်အလိုကို လိုက်မိချင်စရာ။သူ့စိတ်ကို ထိန်းနေပေမယ့် မျက်ဝန်းညိုလေးနှင့် ဆုံမိသည့် အခိုက်မှာတော့ သူ့စိတ်ကို လွှတ်ပေးလိုက်မိလေသည်။အကို့ပါးပြင်ပေါ်မှာ ထင်စေလိုက်သည့် အနမ်းခြေရာလေး တခုဟာ အချိန်တို အတွင်းမှာ ဆိုပေမယ့် နက်ရှိုင်းလွန်းလှပေသည်။နှစ်ပေါင်း များစွာ လွမ်းလာခဲ့သည့် အလွမ်းတွေကို နှစ်သိမ့်ပေးလိုက်သည်။လက်ရှိမှာလည်း သူ့နှလုံးသား၏ ရင်ခုန်နှုန်းတွေဟာလည်း မြင့်တက်လို့ နေပါသည်။အကို့ပါးပေါ်မှ ခွာလိုက်သည့် နှုတ်ခမ်းသားဟာ နွေးထွေးမှုတွေ ပျောက်သွားသလို အေးခနဲ။အံ့ဩသော မျက်ဝန်းညိုလေးနှင့် ရင်ဆိုင်လိုက်ရချိန် ရင်ထဲမှာ ဟာသွားသည်။နေမကောင်းတဲ့သူအပေါ် သူအခွင့်အရေး ယူမိလေပြီ။ခဏတာ အတွေးများနှင့် ကြည့်နေချိန်တွင် သူ့ရင်ဘတ်ကို လက်ဖဝါးနုနုနှင့် တွန်းခြင်းကို ခံရသည်။သူအသိဝင်လာချိန်မှာတော့ အကိုဟာ ကုတင်ပေါ်သို့ တက်သွားပြီး စောင်ခြုံကာ အိပ်စက်နေပါသည်။သူ့လုပ်ရပ်ဟာ လွန်သွားသည် ဆိုတာ သိပါသည်။အရင်ဆုံး သူလုပ်သင့်တာက အကို့ကို တောင်းပန်ရမည်။"အ..အကို ...အကို..."စောင်ခြုံထဲမှ အကို လှုပ်ရှားလာမလား ဆိုသော အတွေးနှင့် လှုပ်နှိုးကာ ခေါ်မိသည်။"အကို ကျွန်တော် တောင်းပန်ပါတယ်။"အကို့ဆီမှ တုံ့ပြန်သံ ဘာမှမကြားရပေ။သူ့ကို ကျောခိုင်းထားလေသည်။အကို သူ့ကို စိတ်ဆိုးသွားပြီ ဆိုတာ သေချာသည်။ဦးဏှောက်မဲ့ မဆင်မခြင် လုပ်မိလိုက်သည့် အလုပ်ကြောင့် အရာအားလုံး ဆုံးရှုံးရတော့မလား။"အခွင့်အရေး ယူချင်တဲ့စိတ် ကျွန်တော့်မှာ မရှိပါဘူး။ခွင့်ပြုချက် မရှိဘဲ အခွင့်အရေး ယူမိသလို ဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ်။"သူ အကြိမ်ကြိမ်တောင်းပန်သည်။အကို့ဘက်မှ ဘာတုံ့ပြန်မှုမှ မရသောကြောင့် သူ့အတွက် အလားအလာ မကောင်းပေ။အမှားတခုကို ပြုလုပ်ထားမိသည့်အတွက် အကို့ကို ထိတွေ့ကိုင်တွယ်ဖို့လည်း မရဲပေ။အကို့၏ နောက်ကျောလေးကို ကြည့်နေရုံမှ တပါး သူဘာမှမတတ်နိုင်ပေ။ညည်းသံလေး သဲ့သဲ့ကြောင့် မှေးခနဲ အိပ်ပျော်သွားရာမှ သူလန့်နိုးလာသည်။နံဘေးမှာ အိပ်နေသော အကို လွန့်လွန့်လူးလူး ဖြစ်နေသည်။"အကို....အကို..."အသာအယာခေါ်ကာ လှုပ်နှိုးလိုက်ပြီး နဖူးကို စမ်းကြည့်လိုက်တော့ အဖျားပြန်တက်နေပြီ။စိုရွဲနေသော ချွေးတွေကြောင့် ချွေးသုတ်ပြီး အဝတ်လဲပေးရပြန်သည်။နဖူးပေါ် ရေပတ်တင်ပြီး အဖျားကျအောင် ထပ်မံလုပ်ပေးရလေသည်။အကိုကတော့ မျက်လုံးတောင် မဖွင့်ဘဲ သူလုပ်ပေးသမျှကို ငြိမ်ငြိမ်လေး အိပ်နေလေသည်။အတော်လေး ပြုစုပြီးချိန် အကိုလည်း သက်သာဟန် ပြလာပြီ ဖြစ်သည်။အကို ပြန်အိပ်သွားတော့ သူလည်း အကို့ဘေးနားမှာ လှဲအိပ်ရင်း အကိုကိုပဲ ငေးမောကာ ကြည့်နေမိသည်။အခုဆိုရင် အကိုနှင့်သူ မကွာဝေးသည့် အကွာအဝေးမှာ ရှိလေသည်။ဖမ်းဆုပ်ကိုင်ယူလို့ ရသည့် အနေအထား ဆိုပေမယ့် နီးရက်နှင့် ဝေးလွန်းလှနေသည်။နီးစပ်အောင် ကြိုးစားနေပေမယ့် သူလုပ်လိုက်သည့် လုပ်ရပ်ကို အကိုက တမျိုးမြင်ပြီး စိတ်ဆိုးသွားနိုင်သည်။ အကိုနှင့်သူ့ အနေအထားကို ဝေးကွာချင်တာမှ မဟုတ်တာ။အကိုသာ စိတ်ဆိုးသွားရင် ကြိုးစားထားသမျှတွေ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီ။အခုတော့ သူမျှော်လင့်ထားတဲ့ အရာတွေ အတိုင်း မဖြစ်လာ။သူသည်းခံကြိုးစားခဲ့သမျှ အခုတော့ ရေစုန်မျောပါပြီ။"အကို သက်သာရဲ့လား။"နိုးလာပြီ ဖြစ်သည့် အကို့ကို နဖူးလေး လက်ဖမိုးလေး တင်ပြီး အဖျားစမ်းကြည့်လိုက်သည်။အဖျားကတော့ ကျသွားပါပြီ။"တခုခု စားရအောင်နော်။ပြီးရင် ဆေးသောက်ရမယ်။ကျွန်တော် တခုခု သွားချက်ပေးမယ်။အကို ဘာစားချင်လဲ။""ဘာမှမစားချင်ဘူး။""တခုခုတော့ စားပါ။ဆေးလည်း သောက်ရမယ်လေ။""ကျွန်တော့်ဖာသာ ကြည့်သောက်ပါ့မယ်။ကျေးဇူးတင်ပါတယ်။ပြန်လို့ရပါပြီ။""အကို စားချင်တာ တခုခု လုပ်ပေးပြီးရင် ကျွန်တော် ပြန်မှာပါ။""ဘာမှလုပ်ပေးစရာ မလိုတော့ပါဘူး။ပြန်ပါတော့။"သူတကယ် အံ့ဩမိသည်မှာ နိုးလာလာချင်း အကိုက သူ့ကိုနှင်လေသည်။ပြန်ခိုင်းသည်။သူပြန်ရမည် ဆိုတာတော့ နားလည်ပါသည်။ဒါပေမဲ့ အခုလို နှင်နေတာကြီးကတော့ သူစိတ်မကောင်း။"ဗျာ။အခုပြန်ရမှာလား။""ဟုတ်တယ်။"အကိုက ပြောပြီးသည်နှင့် ရေချိုးခန်းသို့ ဝင်သွားလေသည်။အကို နေမကောင်းလို့ ဒီလို စကားတွေ ပြောနေတာလို့ တွေးပြီး သူမီးဖိုထဲသို့ ဝင်လာလိုက်သည်။အကို့အတွက် juice တခွက် ဖျော်သည်။အကိုက သက်သာသွားပြီဆိုတော့ အစားအမာ မဟုတ်သည့် အာဟာရ ပြည့်သည့် အစာကို ကျွေးရမည်။ကြက်ဥတလုံးပြုတ်သည်။ပေါင်မုန့်ကို ပန်းကန်တချပ်ထဲထည့်သည်။နွားနို့ကို ပူအောင်လုပ်ပေးပြီး ဖန်ခွက်တခွက်ထဲ ထည့်သည်။ဆန်ပြုတ်ကိုလည်း ပြန်နွေးပြီး ပန်းကန်လုံးထဲ ထည့်သည်။အကို စားချင်တာ စားလို့ရအောင် အမျိုးစုံ လုပ်ထားသည်။ဓာတ်ဆားရည် အသစ်တဗူးကိုလည်း ထပ်ပြီး ဖျော်ပေးရပါသေးသည်။အားလုံးပြည့်စုံပြီ ဆိုတာနှင့် အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။အကိုက အဝတ်အစားလဲထားပြီး ကုတင်ပေါ်မှာ ထိုင်နေလေသည်။သူလည်း အကို့ကို တွေ့သည်နှင့် ရယ်ပြလိုက်သည်။ယူလာသည့် ဗန်းကို စားပွဲပေါ်သို့ တင်လိုက်သည်။ကုတင်စွန်းမှာ ထိုင်နေသည့် အကို့ကို ကြည့်လိုက်သည်။မျက်နှာ ကတော့ မသာမယာ။"သက်သာရဲ့လား အကို။"အကို့နဖူးကို စမ်းလိုက်သည့်အခါမှာတော့ သူ့လက်ပုတ်ချခြင်း ခံလိုက်ရလေသည်။"ကျွန်တော် ပြန်ခိုင်းနေတယ်လေ။ဘာလို့မပြန်သေးတာလဲ။""ပြန်မှာပါ။အခုတော့ မုန့်စားပြီး ဆေးသောက်နော် အကို။မုန့်တွေက အကို ကြိုက်ရဲ့လား မသိဘူး။ဘာစားချင်လဲ။ဘာထပ်လုပ်ပေးရမလဲ။""မလိုဘူးလို့ ကျွန်တော် ပြောပြီးပြီပဲ။ပြန်ပါတော့။"အမြဲလို စကားပြောရင် နူးညံ့သိမ့်မွေ့လှသည့် အကိုသည် အခုတော့ သူ့ကို အသံခပ်မာမာနှင့် ပြောဆိုနေပုံမှာ သူ့ကို တအံ့တဩ ဖြစ်စေသည့် အပြင် လန့်လို့သွားပါသည်။"အကို့ကို ညက အခွင့်အရေး ယူမိသလို ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော်...""မလိုပါဘူး။လူငယ်တွေမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ သာယာမှုပါ။ကိစ္စမရှိဘူး။ခေါင်းထဲမှာလည်း မရှိဘူး။""မဟုတ်ဘူးလေ အကို။ကျွန်တော်...က..""ပြန်ပါတော့။ကျွန်တော်လည်း နေလို့ မကောင်းတော့ စကားတွေ အများကြီး မပြောချင်ဘူး။""ဘာဖြစ်လို့ ကျွန်တော့်ကို နှင်နေရတာလဲ အကို။ကျွန်တော် အမှားလုပ်ခဲ့တဲ့ အတွက် ဒူးထောက်ပြီး တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်။ကျွန်တော့် အပေါ် မစိမ်းကားပါနဲ့။""ကျွန်တော်တို့တွေက ရင်းနှီးလွန်းလှတဲ့ သူတွေလည်း မဟုတ်ပါဘူး။နောက်ရက်ကစပြီး ကျွန်တော့်အိမ်ကို မလာပါနဲ့တော့။အို....ကုန်ကုန်ပြောမယ်ဗျာ။ကျွန်တော့် ပတ်ဝန်းကျင်ကိုလည်း မလာပါနဲ့တော့။ပတ်သတ်စရာ အကြောင်းလည်း မရှိမယ့် အတူတူ ဒီနေရာကနေ ရပ်တန်းက ရပ်လိုက်တာ အကောင်းဆုံးပါ။""ဘယ်...ဘယ်လိုများ ပြောလိုက်တာလဲ အကို။"အကို့ အပြောတွေဟာ ရက်စက်လွန်းလှသည်။အကို ဘာဖြစ်လို့ ရုတ်ချည်း ပြောင်းလဲသွားရသနည်း။ ပြီးခဲ့သည့် ရက်တွေမှာတောင် ကြည်ကြည်ဖြူဖြူ ရှိခဲ့ပြီးမှ။သေချာသည်။အကို့ကို ညတုန်းက သူပြုမူလိုက်မိသော အပြုအမူကြောင့် အကို စိတ်ဆိုးသွားခြင်းသာ ဖြစ်မည်။သူတောင်းပန်ရမည်။ပါးစပ်နှင့် မဟုတ်သော အပြုအမူ တခုဖြင့် ထပ်မံတောင်းပန်ရမည်။အကို့ ရှေ့မှာ ဒူးထောက်ထိုင်ချ လိုက်ပါသည်။"ကျွန်တော် ထပ်ပြီး တောင်းပန်ပါတယ်။ပြုခဲ့မိတဲ့ အမှားတွေ အတွက် တောင်းပန်ပါတယ်။ကျေအေးပေးပါ။ကျွန်တော့်ကို နှင်မလွှတ်ပါနဲ့။ မစိမ်းကားပါနဲ့နော် အကို။"သူတောင်းပန်နေသည့် အပြုအမူ၊ စကားသံတွေကို ကြားပါလျက်နှင့် မျက်နှာကို တဖက်သို့ လှည့်နေပြီး ဘာစကားသံမှ မဆို။ ပြောင်းလဲသွားသည့် အခြေအနေကို သူမယုံနိုင်ခဲ့။"အကို....."သူအကြိမ်ကြိမ်ခေါ်ပေမယ့် ခေါင်းကတော့ လှည့်မလာပါ။အကို့ပေါင်ကို လက်ဖဝါးနှင့် အသာလေး ထိကိုင်လိုက်ချိန်မှာတော့ အရှိန်နှင့် ပုတ်ထုတ်ခြင်းကို ခံလိုက်ရပါသည်။ဒီလိုနဲ့ပဲ ဝေးကြရတော့မှာလား အကို။*********"ဒါတော့ ဆရာ လွန်လွန်းတယ်။နေမကောင်းလို့ လာပြီးပြုစုတဲ့သူကို ကျေးဇူးတင်စကား မပြောတဲ့ အပြင် နှင်လွှတ်ရတယ်လို့။ဆရာ နှင်လွှတ်လိုက်တော့ ဒီဇင်ဘာလင်းလက် ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်သွားလိုက်မလဲ။"မြတ်မောင်က အပြစ်တင်စကားတွေ တောက်လျှောက်ပြောနေပေမယ့် သူကတော့ ဘာစကားမှ မဆိုဖြစ်။သူလွန်သွားသည် ဆိုတာသိသည်။ အိမ်ပြန်ခိုင်းမည် ဆိုလျှင်တောင် သူပြန်ခိုင်းသော အချိန်ဟာ အချိန်ကောင်း မဟုတ်ခဲ့ဘူး မဟုတ်လား။လူကြီးတယောက်အနေနှင့်၊ ဇင့် ထက် အသက်ကြီးသူ တယောက် အနေနှင့် သူ၏ အပြောအဆို အပြုအမူတွေဟာ အလွန်တရာကို ရိုင်းခဲ့ပါသည်။လာမပတ်သက်နှင့်ဟု ပြောလိုက်တော့ အထပ်ထပ် တောင်းပန်နေသူ။ မစိမ်းကားပါနှင့် ဟု အထပ်ထပ် ပြောနေသူ။ခေါ်နေတာကိုတောင် ဥပေက္ခာပြုပြီး ပေါင်ပေါ်လာတင်သည့် လက်ကို ပုတ်ချလိုက်မိသည် အထိပါ။သူ့မျက်နှာ တဖက်သို့ လှည့်ထားပေမယ့် အလိုလို သိရှိနေသည့် အသိတခု အရ ဇင် အလွန်တရာ စိတ်မကောင်း ဖြစ်သွားမည် ဆိုတာ သိရှိနေသည်။မိနစ်အနည်းငယ်ကြာတော့ ဇင် ထရပ်လိုက်သည်။ပြီးတော့ အနားမှ ထွက်သွားသည်။ဇင် ပြန်သွားပြီ ဆိုသော အသိကြောင့် သူ့ရင်ထဲမှာလည်း ဟာသွားပြီး စိတ်မကောင်း ဖြစ်ခြင်းတွေဟာလည်း ကြီးစိုးသွားလေသည်။အလျင်အမြန် လှမ်းကြည့်လိုက်တော့ တံခါးဖွင့် ထွက်သွားသည့် ဇင့်၏ ကျောပြင်လေးကိုသာ မြင်ရလေသည်။ ဇင် ထွက်သွားပြီဆိုသော အသိကြောင့် တင်းထားသည့် စိတ်တွေကို လျော့ချလိုက်ပါသည်။လူကလည်း နေကောင်းသေးတာ မဟုတ်တော့ စိတ်ဓာတ်ကျတာနှင့် ရောပြီး ပစ်လဲချင်လာသည်။ကုတင်ပေါ်မှာ အသာပြန်လှဲနေလိုက်သည်။မျက်လုံးစုံမှိတ်ပြီး မျက်ရည်မကျအောင် ထိန်းနေမိသည်။"အကို"သူမှိန်းနေစဉ် အနားမှ ခပ်တိုးတိုး ခေါ်သံကြောင့် လန့်သွားမိသည်။စွဲလမ်းလို့ အိပ်မက်များလားလို့ပါ။နောက်တကြိမ် ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဇင့် ကို တွေ့ရသည်။သူ့ကို ပြုံးကြည့်နေလေသည်။စောနက ထွက်သွားပြီး အခု ဘာ့ကြောင့် ပြန်ဝင်လာသနည်း။ လက်ထဲမှာ နောက်ထပ် ဗန်းတဗန်း ထပ်ယူလာပြန်သည်။"မပြန်သေးဘူးလား။""အကို့ စားဖို့အတွက် ထပ်ယူလာပေးတယ်။ဒီမှာ ကြက်သားပေါင်း။ကြက်သားသီးစုံဆန်ပြုတ်၊ ဖျော်ရည်လည်း ပါတယ်။အကို ကြိုက်တာ စားနော်။ပြီးရင် ဆေးသောက်နော်။"စားပွဲပေါ်မှာ တင်ထားသည့် ဗန်းထဲမှ စားစရာတွေကို လှမ်းကြည့်လိုက်သည်။အငွေ့ငွေ့ တထောင်းထောင်းနှင့် အနံ့လေးက သင်းပျံ့ နေလေသည်။ဇင်က ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ပြင်ဆင်ပေးကာ သူ့ဆီသို့ ကမ်းပေးလေသည်။သူလှမ်းမယူပါ။"သောက်ပါ အကို။ကျွန်တော် အရသာရှိအောင် ချက်ပေးထားတာပါ။""မလိုပါဘူး။နောက်လည်းလာချက်မပေးပါနဲ့။အခုလည်း ပြန်ပါတော့။ကျွန်တော့်ဖာသာ အားလုံး အဆင်ပြေအောင် လုပ်တတ်ပါတယ်။""ဘာလို့များ ကျွန်တော့်ကို နှင်လွှတ်နေရတာလဲ အကို။ကျွန်တော် ပြန်မှာပါ။အကို့အတွက် လုပ်ပေးစရာ ရှိတာလေးတွေ လုပ်ပေးပြီးရင် ပြန်ပါ့မယ်။""မလိုဘူးလို့ ပြောပြီးပြီပဲလေ။ပြန်ပါတော့ဗျာ။နောင်လည်း ဒီအိမ်ကို မလာပါနဲ့တော့။"သူ၏ ပစ်ပစ်ခါခါ နှင်လွှတ်မှုကြောင့် ဇင့်ဘက်မှ အသံတိတ်သွားပြီး ခေါင်းငုံထားတာကို မြင်ရလေသည်။သူစူးစမ်းစွာ ငေးမောကြည့်နေတုန်း ဇင့်ခေါင်းဟာ ပြန်မော့လာတာကြောင့် သူ့မျက်နှာလွဲလိုက်ရပါသည်။"ကျွန်တော့်ကို ဘာ့ကြောင့် အတင်းပြန်ခိုင်းသလဲ ဆိုတဲ့ အကြောင်းပြချက်လေး သိခွင့် ရှိမလား။သိခွင့်ရရင် ချက်ချင်းပြန်ပါ့မယ်။"စူးစိုက်ကြည့်ရင်း မေးမြန်းနေသည့် မျက်ဝန်းကို သူလည်း စိုက်ကြည့်မိသည်။မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်တွေကို အထင်းသား ပေါ်လွင်နေပါသည်။"အကြောင်းပြချက် ဆိုတာ မလိုပါဘူး။""အကို့အတွက် မလိုရင်တောင် ကျွန်တော့်အတွက် လိုအပ်တယ်။မနေ့က ကျွန်တော့် အပြုအမူ အတွက် ဆိုရင်တော့ ထပ်ပြီး ဘယ်လိုတောင်းပန်ပေးရမလဲ ပြောပါ။"ဇင် မနေ့က ပြုမူလိုက်သည့် အပြုအမူဟာ သူ့ကို တဒင်္ဂ အံ့ဩစေရုံကလွဲရင် ရင်ခုန်မှုတွေ အပြည့်သာ ဖြစ်ခဲ့တာပါ။စိတ်ဆိုးခြင်း၊ ဒေါသဖြစ်ခြင်း ဘာဆိုဘာမှ မရှိခဲ့ပါ။ဇင်က အဲ့ဒါကို အထပ်ထပ်ပြောပြီး တောင်းပန်နေတော့ သူ့မျက်နှာ ထားစရာ မရှိအောင် ပူလှပေသည်။ မျက်လုံးချင်း မတော်တဆ ဆုံမိတိုင်းလည်း မျက်လွှာချလိုက်မိသည်အထိ ရှက်ရွံ့မိသည်။ယောက်ျားလေးတယောက်နှင့် မျက်နှာချင်းဆိုင်တာ သူဘာ့ကြောင့် ရှက်ရွံ့လာရသနည်း။စဉ်းစားမနေတော့ဘဲ ဇင့်ကိုသာ နှင်လွှတ်နေမိလေသည်။သူဘယ်လိုပဲ နှင်လွှတ်ပါစေ ဇင်က မပြန်ပေ။သူ့ကို ပြန်ခိုင်းသည့် အကြောင်းပြချက်ကို တောင်းနေလေသည်။သူ့အတွက် ပေးလိုက်စရာ အကြောင်းပြချက် ဆိုတာ ပေးလို့ရသည့် အနေအထား မရှိသေး။"ကျွန်တော် နောက်ဆုံးအကြိမ် ပြောမယ်။ပြန်လိုက်ပါ။မပြန်ဘူး ဆိုရင် လုံခြုံရေးခေါ်ပြီး ဆွဲထုတ်ရပါလိမ့်မယ်။""အကို ကျွန်တော့်အပေါ် အဲ့လောက်ထိတောင် ပြောင်းလဲသွားတာလား။ကျွန်တော့်မှာ အကို မကြိုက်တဲ့ အပြုအမူ အပြောအဆိုတွေ ရှိရင်လည်း ပြောပါ။ချက်ချင်းပြုပြင်ပါ့မယ်။ကျွန်တော့်ကိုတော့ အဲ့လို မရက်စက်ပါနဲ့ဗျာ။"သူသိလိုက်သည့် အချက်ဟာ ဇင်ဟာ ဇွဲကောင်းသည်။ခေါင်းမာသည်။ဇင့်၏ ခေါင်းမာမှုကို သူအရှုံးပေးရမည့် အနေအထားမျိုး ဖြစ်နေချိန်မှာ သူ့ဖုန်းမည်လာသောကြောင့် ကြည့်လိုက်တော့ စိမ်း ဖြစ်နေသည်။သူ မဆိုင်းမတွ ကိုင်လိုက်ပါသည်။"ဟဲလို""အေး နေမကောင်းဘူးဆို။" "အင်း...နည်းနည်းပါးပါး ဖြစ်တာပါ။အခုသက်သာနေပါပြီ။""အေး နေမကောင်းဘူး ဆိုတော့ စိမ်းလည်း စိတ်ပူသွားတယ်။စိမ်းလာခဲ့မယ်။"ဇင့် ကို လှမ်းကြည့်ပြီး speaker ကို ဖွင့်လိုက်ပါသည်။ဇင့် ကို မသိမသာ လှမ်းကြည့်လိုက်တော့ နေရာမှာတင် မတ်တပ်ရပ်နေပြီး သူ့ကို စူးစိုက်ကာ ကြည့်နေလေသည်။မျက်ဝန်းရိပ်က ဝမ်းနည်းရိပ်တွေ ထင်ဟပ်နေသည် ဆိုတာကတော့ ပြောစရာတောင် မလို။"အိမ်ကို လာမလို့လား။ခဏနေထွက်လာခဲ့မယ်။စက်ရုံရောက်ရင် တွေ့မယ်လေ။""အေး က နေမကောင်းတာ ဘယ်ကိုစက်ရုံသွားဦးမှာလဲ အေး။အိမ်မှာပဲနေ။စိမ်း ခဏနေရင် ရောက်မယ်။ဒါပဲနော် အေး။" "ဟုတ်ကဲ့။""ဪ....ဒါနဲ့ အေး ဘာစားချင်လဲ။ဘာဝယ်ခဲ့ပေးရမလဲ။""ဘာမှမစားချင်။အခု ဆန်ပြုတ်သောက်...""ဘယ်လို...ဘယ်လို....အေး က ဆန်ပြုတ်သောက်တယ် ဟုတ်လား။အေး နေမကောင်းရင် ဘယ်တုန်းက ဆန်ပြုတ် သောက်ဖူးလို့လဲ။အေး နေမကောင်းရင် ဆန်ပြုတ်သောက်ရတာ မကြိုက်ဘူးလေ။""ဟို...အဲ့ဒါ....."သူ ဇင့်ကို လှမ်းကြည့်လိုက်သည်။အံ့ဩအားနာသည့် မျက်ဝန်းလေးမျိုးကို တွေ့ရလေသည်။speaker ဖွင့်ထားမိသောကြောင့် သူနှင့်စိမ်း ပြောသော စကားတွေကို ဇင် အကုန်ကြားရမှာပါ။speaker ကို ပိတ်လိုက်ပါသည်။"ဒါဆိုလည်း စိမ်း ကြေးအိုးဝယ်လာခဲ့မယ်။ခဏပဲစောင့် ။ ခဏနေရောက်ပြီ။"စိမ်း ဘက်မှ ဖုန်းချသွားလေပြီ။စိမ်း ခဏနေလျှင် ရောက်လာတော့မည်။အိမ်မှာ သူနှင့်ဇင် နှစ်ယောက်တည်း ရှိနေလို့တော့ မဖြစ်ပေ။မတော်လို့ စိမ်း မြင်သွားရင် ပြဿနာ တက်နိုင်သည်။စိမ်း က သူ့အပေါ် သဝန်တိုလွန်းသည်။သူ့အနားမှာ ဘယ်သူမှ အတူမြင်တွေ့တာ မျိုးကို မကြိုက်ပေ။မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ်ပေါ့။အိမ်မှာတွေ့ရင် ပိုဆိုးလိမ့်မည်။ပြဿနာက စထားပြီးပြီ ဆိုတော့ မီးပွားဆက်ဖို့က ပိုနီးစပ်လေသည်။လောလောဆယ်မှာတော့ စိမ်း မကြိုက်တာကို သူမလုပ်ချင်ပါ။စိမ်း သည် သူနှင့် လက်ထပ်ရမည့် မိန်းကလေး။ရက်ပိုင်းသာ လိုတော့သည့် စေ့စပ်ပွဲကို အဖုအထစ် မဖြစ်ချင်။အဘွား၏ မျှော်လင့်ချက်တွေကိုလည်း သူရိုက်မချိုးချင်ပါ။မီးဆိုတာ မလောင်ခင်က တားတာ အကောင်းဆုံးပဲ မဟုတ်လား။"ခဏနေရင် ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူ လာလိမ့်မယ်။အဲ့ဒါ...."မပြောမဖြစ် ပြောလိုက်ရသော စကားကြောင့် ဇင် စိတ်မကောင်း ဖြစ်သွားမလားတော့ စိုးရိမ်မိလေသည်။"ကျွန်တော် နားလည်ပါပြီ။ကျွန်တော် ပြန်မှာပါ။အကို မကြိုက်တဲ့ ဆန်ပြုတ်ကို တိုက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ပြီးတော့အရာအားလုံးအတွက် တောင်းပန်ပါတယ်။တခုတော့ တောင်းဆိုခဲ့ပါရစေ။အကိုက နေလို့သိပ်မကောင်းသေးတော့ အစားမှန်မှန်စားပြီး ဆေးလည်း မှန်မှန်သောက်ပါ။လူရော၊စိတ်ပါ အပင်ပန်းမခံပါနဲ့ဦး။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။"ခုံပေါ်မှာ ပစ်တင်ထားသည့် သူ့လွယ်အိတ်ကို ကောက်ယူလိုက်သည်။စားပွဲပေါ်မှ စောနကမှ ယူလာသည့် စားသောက်စရာတွေ ထည့်ထားသည့် ဗန်းကို ယူပြီး အခန်းပြင်သို့ ထွက်သွားသူ၏ ကျောပြင်ကို တစုံတရာ လစ်ဟာသွားသလို ခံစားလိုက်ရသည်။သူကိုယ်တိုင်ပဲ ထွက်သွား စေချင်တာ မဟုတ်လား။ဘာ့ကြောင့် ခံစားနေရသနည်း။"ကျွန်တော် ခရီးသွားနေလို့ ဆရာ နေမကောင်းတာကို သွားကြည့်ဖို့အတွက် ဒီဇင်ဘာ့ကို ကျွန်တော် ဆရာ့ဆီ လွှတ်လိုက်တာပါ။အခုတော့ အားနာစရာတွေ ဖြစ်ကုန်ပြီ။ဆရာရယ်....ဘာအတွက်ကြောင့်နဲ့များ ဒီဇင်ဘာ့ကို နှင်လွှတ်ရတာလဲ။ဆရာ ဒီဇင်ဘာ့အပေါ် ဘာ့ကြောင့် ပြောင်းလဲသွားရတာလဲ ဆရာ။"မြတ်မောင် အဖြေကို သူဖြေနိုင်စွမ်း မရှိပါ။ဘာ့ကြောင့်ပြောင်းလဲသွားသလဲ ဆိုတာ သူစမ်းစစ်ဖို့ အချိန်ပင် မရလိုက်ချိန်မှာ သူ့နှုတ်က ပြောပြီးသွားပါပြီ။သူ မလာနဲ့တော့လို့ ပြောလိုက်သည့် အချိန်က စပြီး ဇင့်ကို မတွေ့ရ၊ မမြင်ရတော့တာ အခုဆို တပတ်တောင် ရှိပြီ။ဇင့်၏ အဝတ်အစားနှင့် လက်ကိုင်ပဝါ တထည် သူ့ဆီမှာ ကျန်ခဲ့သည်။အခုလို သူလည်း ဖုန်းမဆက်သလို ဇင် လည်း သူ့ကို ဖုန်းမဆက်ပါ။ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်ပြီ။ကိစ္စက ပြတ်ပြီလေ။"အမစိမ်း ကြောင့်လား ဆရာ။"ရုတ်တရက် ပြောလိုက်သည့် မြတ်မောင်၏ စကားဟာ အဖြေအားလုံးကို ဖော်ပြနေသလိုလို။သူ့အကြောင်းကို မြတ်မောင် အကုန်သိသည့် အတွက်ကြောင့် မြတ်မောင် ကိုတော့ သူလိမ်၍ မရပေ။ဒါပေမဲ့လည်း နှုတ်ဖျားက အဖြေစကားက ပြောဖို့ အဆင်မပြေ။နှုတ်ဆိတ်၍သာ နေလိုက်သည်။"အမစိမ်းနဲ့ ဆရာက လက်ထပ်ရသေးတာလည်း မဟုတ်ဘဲနဲ့။ပြီးတော့ ဒီဇင်ဘာနဲ့ ခင်မင်ရင်းနှီးတော့ အမစိမ်းအတွက် ဘာဖြစ်သွားမှာ မလို့လဲ ဆရာ။ဒီဇင်ဘာက အမစိမ်းကို အနှောက်အယှက် ပေးနေတဲ့ သူလည်း မဟုတ်ပါဘူး။ပြီးတော့ ဆရာ့ကိုလည်း ....""ငါက မကြာခင် လက်ထပ်ရတော့မယ့်သူလေ မြတ်မောင်။စိမ်းဟာ ငါ့ရဲ့ အိမ်ထောင်ဖက် သူမကြိုက်ဘူးဆိုရင် ငါဘာမှမလုပ်ချင်ဘူးလေ။ငါနဲ့စိမ်းရဲ့ ဆက်ဆံရေး အဆင်ပြေနေရင် အဘွားလည်း စိတ်ချမ်းသာမယ်။အဓိကက အဘွား စိတ်ချမ်းသာဖို့နဲ့ ပျော်ရွှင်ဖို့ အတွက်ပဲ မဟုတ်လား။""ဆရာ ပျော်ရွှင်ဖို့ အတွက်ကော ဆရာ။"အမြဲအမေးခံနေရသော မေးခွန်းဖြစ်နေသောကြောင့် သိပ်ပြီး မထူးဆန်းတော့ပါ။သူဖြေနေကျအတိုင်းပဲ ပြန်ဖြေရမည်ပေါ့။"လိုသေးလို့လား။ငါ့အသက်အရွယ်နဲ့ ငါဖြစ်ချင်တာကို ဦးစားပေးလို့ မရဘူးလေ။ဖြစ်သင့်တာကိုပဲ အရင်ဦးစားပေးရမှာလေ မြတ်မောင်။"မြတ်မောင် ထံမှ စကားသံ တိတ်ဆိတ်သွားသည်ကို သူသတိထားမိလေသည်။မြတ်မောင် သူ့ကို ပြောစရာ စကားမရှိတော့ဘူးဟု ယူဆကာ ထိုင်ရာမှ ထပြီး ပွင့်လျက်ဖြစ်နေသော လက်မှတ်ထိုးပြီးသား ဖိုင်တွေကို သေချာပြန်ပိတ်လိုက်သည်။စားပွဲပေါ်မှာ ရှင်းစရာ ရှိတာတွေ ရှင်းပြီး ပစ္စည်းတွေကိုလည်း နေရာတကျချလိုက်သည်။ပြီးရင် ကိစ္စတခုနှင့် မြတ်မောင်နှင့်သူ အပြင်သွားရဦးမည်။"ဆရာ့ကို တခုလောက် ပြောချင်တယ်။ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။""အင်း...ပြောလေ။ဘာပြောမလို့လဲ။""ဒီဇင်ဘာလင်းလက် ဆရာ့ကို သဘောကျနေတယ် ဆိုတာ ဆရာ ရိပ်မိလား။"လှမ်းလိုက်သည့် ခြေလှမ်းတွေ ရပ်တန့်သွားသည် အထိ မြတ်မောင်၏ စကားတွေက သူ့ကို တုန်လှုပ်သွားစေသည်။သူတို့နှစ်ယောက်၏ အခြေအနေကို မြတ်မောင် ရိပ်မိနေပြီလား။"မင်း ဘယ်လိုသိလဲ။""ဆရာ ရိပ်မိတယ်ပေါ့။အဲ့ဒါကြောင့် နှင်လွှတ်လိုက်တာပေါ့။ဆရာ့ အနားကို ရောက်လာကတည်းက တခုခု ဆိုတာ ရိပ်မိတယ်။""ဘာတွေပြောနေတာလဲ မြတ်မောင်။သဘောကျတယ် ဆိုတာ အမျိုးမျိုး ရှိတာပဲလေ။သူ့မှာ အကို မရှိလို့ အကို တယောက်လို ငါ့ကို ခင်မင်တယ်။ငါကလည်း ငါ့ညီလေး လင်းလက် အရွယ်လောက် ရှိတဲ့ သူ့ကို ခင်မင်မိတာပါ။လူတဦးနဲ့တဦး ခင်မင်တာကို အရောင်မဆိုးနဲ့ မြတ်မောင်။""ကျွန်တော်လည်း ခေတ်လူငယ်ပါ ဆရာ။အရိပ်အခြေ ကြည့်ပြီး နားလည်သင့်သလောက် နားလည်ပါတယ်။ဆရာ့ အတွေးလို ဒီဇင်ဘာ့ဘက်က တွေးချင်မှ တွေးမှာပေါ့ ဆရာ။ဆရာလည်း ဒီဇင်ဘာ့ လို အတွေးမျိုး ရှိလို့ အနားက နှင်လွှတ်လိုက်တာလား။"အရှိုက်ကို ထိစေသော စကားဆိုပေမယ့် မျက်နှာမပျက်အောင် ဟန်ဆောင်ရတာလည်း ပင်ပန်းလွန်းလေသည်။ပါးပြင်ပေါ်က အနွေးဓာတ်လေး အခုချိန်ထိ ရှိနေသေးသည်။ဒီဇင်ဘာ့ဘက်က ဘယ်လိုအတွေးမျိုး တွေးလည်း ဆိုတာ သူကောင်းကောင်း သိပါသည်။ ဒါဟာ မဖြစ်သင့်သည့် ကိစ္စမှန်းလည်း သူကောင်းကောင်း သိလေသည်။သူက အကြီးတယောက် အနေဖြင့် မဖြစ်သင့်တာ မဖြစ်လာအောင် တာဆီးဖို့လည်း သူ့မှာတာဝန် ရှိလေသည်။ဘယ်သူတွေ ဘာတွေပဲ ပြောပြော သူ့မှာ ပန်းတိုင် တခုသာ ရှိလေသည်။"မင်း အတွေးတွေကို ရပ်တန်းကရပ်။ငါ အပြင်သွားစရာ ရှိတယ်။လိုက်ခဲ့။""ဆရာက ဘယ်သွားမှာမလို့လဲ။အလုပ်ကိစ္စနဲ့ အပြင်ထွက်ဖို့ ဒီနေ့ မရှိပါဘူး။""အန်တီသိမ့် ခိုင်းထားတာ လုပ်ပေးရမယ်။ငါ့စေ့စပ်ပွဲနေ့မှာ ဝတ်ဖို့ အဝတ်အစား အပ်ထားတာ ဒီနေ့ ရမယ်တဲ့။သွားရွေးပေးရမယ်။""ဘယ်မှာလဲ။""ဗိုလ်ချုပ်ဈေးမှာ။"မြတ်မောင်နှင့် နှစ်ယောက်သား ဗိုလ်ချုပ်ဈေးသွား အဝတ်အစားရွေးခဲ့ပြီး လိုအပ်တာလေးတွေပါ ထပ်ဝယ်လိုက်သည်။ဈေးဝယ်နေရင်း ဆေးရုံက ဖုန်းဆက်သောကြောင့် ပစ္စည်းတွေကို မြတ်မောင် လက်ထဲ အပ်ခဲ့ပြီး ဆေးရုံကို အမြန်ပြေးရပြန်လေသည်။အခုတလော လူရော၊စိတ်ပါ ပင်ပန်းနေတာ အမှန်ပါ။စိတ်ပင်ပန်း၊ လူပင်ပန်း မခံဘဲ ကျန်းမာရေး ဂရုစိုက်ဖို့ ပြောသွားသူလေးကိုတော့ သတိရမိသွားပါသည်။**************ဧပရယ့် စိတ်တွေ အခုတလော ယောက်ယက်ခတ် နေတာ အမှန်ပါ။အခုတလော ကိုကြီးဧည့်သည်နှင့် ကိုကြီးတို့ မကြာခဏ တွေ့ဖြစ်နေ ကြသည်။ရင်းနှီးမှုလည်း တစတစ ပိုနေကြပြီ။ငယ်လေးနှင့်တောင် တွေ့ပြီးကြပြီ။သူကတော့ ကိုကြီးဧည့်သည်ကို ကိုကြီး၏ ညီတယောက် အဖြစ် မိတ်ဆက်ဖို့က မည်သို့မျှ မဖြစ်နိုင်။အချိန်လည်း မကျသေး။ကိုကြီးဧည့်သည်နှင့် လိုက်တွေ့ဖို့ သူငြင်းဆန်ခဲ့လေသည်။ အကြောင်းပြချက် ကောင်းသောကြောင့် ကိုကြီးကလည်း ဘာမှမပြောဘဲ သူ့ဆန္ဒကို လိုက်လျောခဲ့လေသည်။ကိုကြီးဧည့်သည် နေမကောင်းလို့ ဆိုပြီး ကိုကြီးဧည့်သည် အိမ်မှာ ကိုကြီး ညအိပ်တုန်းက ညကဆိုရင် စိတ်ပူပြီး သူညအိပ်မရတဲ့ အထိ ဖြစ်သည်။ရင်းနှီးမှုတွေ အတိုင်းအတာ တခုထက် ပိုသွားမှာကို သူ အကြောက်ဆုံး ဖြစ်လေသည်။ကိုကြီး အတွက် ဆိုရင် သူအတ္တတွေ ကြီးရင် ကြီးပါစေ။လုပ်သင့်တာကို လုပ်ရပေလိမ့်မည်။အခုဆိုရင် သူ ဖြစ်ချင်တာက တခု၊ ဖြစ်နေတာက တခု ဖြစ်နေသောကြောင့် သူငယ်ချင်းတွေလည်း မနေရ။အကြံဉာဏ် တောင်းရတာ သူငယ်ချင်းတွေပါ မနေရပါ။ ခက်မာ ကတော့ ငယ်သူငယ်ချင်း ဖြစ်သောကြောင့် အားလုံး သိနေပြီးသား။အာနီ ကတော့ ဘာမှမသိသေးပေ။ပြောဖို့လည်း ဝန်လေးနေမိသည်။ အာနီ သည် လတ်တလောမှာတော့ သူ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်လေသည်။အာနီ က သူ၏ မျက်နှာရိပ်၊မျက်နှာကဲ ကို အမြဲတမ်း ကြည့်နေသူ ပီပီ သူမျက်နှာပျက်တော့လည်း ရိပ်မိလာလေသည်။ဖွင့်မေးလာတဲ့ အထိပါပဲ။"ငါ ကိုကြီးနဲ့ သွားတွေ့ချင်တယ်။""မင်းကိုကြီးနဲ့ နေ့တိုင်းတွေ့နေရတာပဲမလား။'"ငါ့ကိုကြီးကို ပြောတာမဟုတ်ဘူး။ငါ့တို့ကို ကားနဲ့တိုက်မိပြီး ဆေးခန်းလိုက်ပို့ပေးတဲ့ ကိုကြီး ကို ပြောတာ။""အာ...ဟုတ်သား။အဲ့ အကိုကြီးနဲ့တောင် တခါမှ မတွေ့ဖြစ်တော့ဘူးနော်။ဖုန်းဆက်လိုက်ပါလား။တွေ့လို့ရရင် ကျောင်းကအပြန် သွားတွေ့ကြမယ်။""ငါဖုန်းမဆက်ရဲဘူး။""မင်းမဆက်ရဲရင် ငါဆက်ပေးမယ်။"အာနီ က ဖုန်းကို ထုတ်ပြီး ဖုန်းဆက်ဟန်ပြင်နေလေသည်။သူအချိန်မှီ တားလိုက်ရလေသည်။"အာ...ဘာလို့လဲကွ။ဖုန်းဆက်မှ ငါတို့သွားလို့ ရမှာပေါ့။""ကိုကြီး က အလုပ်မအားရင် ဖုန်းဆက်ရတာ အားနာဖို့ ကောင်းပါတယ်။""ဖုန်းက ကိုင်လို့ရရင် ကိုင်မှာပေါ့။နေဦး။ငါဆက်ကြည့်ဦးမယ်။"အာနီ ဖုန်းဆက်နေတော့ သူရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။အာနီ က ဖုန်းခေါ်ရင်း အနားကပ်လွန်းနေသည့် သူ့ကို ဘာဖြစ်နေသလဲဟု မျက်နှာရိပ်မျက်နှာကဲပြသည်။သူကလည်း speaker ဖွင့်ရန် အသံတိတ် ပါးစပ်ဟန်ဖြင့် ပြောလိုက်လေသည်။ အာနီက speaker ဖွင့်လိုက်တော့ ဟဲလို ဆိုသော အသံကို ကြားရလေသည်။"ကိုကြီး ကျွန်တော် အာနီပါ။အခု ဖုန်းပြောရတာ အဆင်ပြေရဲ့လား။ကိုကြီး အားရဲ့လားခင်ဗျ။""အခု စက်ရုံမှာ ဖုန်းပြောလို့ ရပါတယ်။ညီလေးတို့ကော အခုကျောင်းမှာပဲလား။""ဟုတ်ကဲ့။‌ကျောင်းက ပြန်လာပြီ။အခု ကျွန်တော်တို့ အိမ်မှာပါ။ကိုကြီးကို ဧပရယ်က သတိရလို့တဲ့။အာ...အဲ့ဒါ ကျွန်တော်တို့ ကိုကြီးနဲ့ တွေ့လို့ရမလား။""ညီလေးတို့ကို ကိုကြီးလည်း သတိရတယ်။အလုပ်မအားတာနဲ့ပဲ မဆက်သွယ်ဖြစ်ဘူး။ဧပရယ် အနားမှာ ရှိလား။ဧပရယ်ကကော ကိုကြီးကို ဘာလို့ဖုန်းမဆက်လဲ။"Speaker ကနေ အတိုင်းသား ကြားနေရသည့် အသံကြောင့် သူ့ကို တိုက်ရိုက်ပြောနေသဖြင့် အာနီနှင့် စကားပြောတာတွေ နားထောင်နေ ရင်းမှ ကိုကြီးဧည့်သည်ကို စကားပြန်ပြောရသည်။"သားက ကိုကြီး အလုပ်များနေတယ် ထင်လို့ ဖုန်းမဆက်တာပါ။""အလုပ်များတာက များတာပဲပေါ့။ဖုန်းဆက်လို့ ရပါတယ်။ကိုကြီး အားရင် ကိုင်မှာပေါ့။အခုကော သားတို့ ဘာလုပ်နေကြလဲ။ဒီနေ့ ကျောင်းသွားရတယ် မဟုတ်လား။""ဟုတ်ကဲ့....အခုကျောင်းက ပြန်လာပြီး အာနီ့အိမ်မှာပါခင်ဗျ။""ဧပရယ် က အိမ်မပြန်ရသေးဘူးပေါ့။""ဟုတ်ကဲ့ ကိုကြီး။""ညနေပိုင်း ကျူရှင် မတက်ရဘူးလား။""မတက်ရဘူး ကိုကြီး။ခဏနေ သား အိမ်ပြန်မှာပါ။""ဒါဆို အာနီ အိမ်မှာ စောင့်နေလေ။ကိုကြီး လာခဲ့မယ်။သားတို့ကို မုန့်ဝယ်ကျွေးချင်လို့ပါ။""ဟုတ်ကဲ့ ကိုကြီး။"ကိုကြီးဧည့်သည် ရောက်ဖို့အတွက် အကြာကြီးတော့ မစောင့်လိုက်ရပါ။ပြီးတော့ သုံးယောက်အတူ စားသောက်ဆိုင်တခုကို သွားကြသည်။ စုံစုံလင်လင် ရသော စားသောက်ဆိုင် ဖြစ်သောကြောင့် ကိုကြီးဧည့်သည် က သူတို့ စားစေချင်တာကို စိတ်ကြိုက်မှာစေသည်။ဧပရယ် က အားနာသောကြောင့် ထမင်းပေါင်းတပွဲသာ မှာသည်။အာနီကတော့ ထမင်းကြော်ကို ကြက်သားကြော်နှင့် မှာစားလေသည်။"မှာတာနည်းလိုက်တာ။ဘာစားချင်သေးလဲ ထပ်မှာကြဦးလေ။""တော်ပါပြီ ကိုကြီး။ဒါနဲ့တင် သားတို့ ဗိုက်ဝပါတယ်။""ဘယ်ဟုတ်ပါ့မလဲ။ကိုကြီးက ကျွေးချင်လို့ ခေါ်လာတာကို အများကြီး စားမှပေါ့။နေဦး...ကိုကြီး ထပ်မှာပေးဦးမယ်။"ကိုကြီး မှာပေးတဲ့ ဟင်းတွေက သူတို့နှစ်ယောက် စားဖို့အတွက် လုံလောက်ရုံတင်မက များပြားလွန်းနေပါသည်။ဘဲကင်၊ ကြက်ကြော်၊ ကြက်ကုန်းဘောင်ကြော်၊ အစိမ်းကြော်၊ ကြက်ဆာတေး၊ ငါးသံပုရာပေါင်း၊ အရည်အတွက်ကတော့ တုံယမ်ဟင်းရည် ဖြစ်သည်။သောက်စရာအတွက် ရေအပြင် အသီးဖျော်ရည်လည်း ပါလေသည်။အမျိုးအစား များပြားလှသည့် ဟင်းတွေကလည်း အနံ့သင်းပျံ့ပြီး စားချင်စဖွယ် ဖြစ်သည်။"ကိုကြီး မှာထားတဲ့ ဟင်းတွေက များလိုက်တာ။သားတို့ စားလို့ ဘယ်ကုန်ပါ့မလဲ။""ကိုကြီး က စားစေချင်လို့ အများကြီး မှာထားပေးတာ။အားရပါးရ စားနော်။""ဟုတ်ကဲ့။"ပြောတော့သာ ဟင်းပွဲတွေက အများကြီး။စားကောင်းကောင်းနှင့် နှစ်ယောက်သား စားလိုက်တာ အတော်ကုန်သွားလေသည်။ ကိုကြီးကတော့ သိပ်မစား။သူတို့နှစ်ယောက်ကိုသာ ဟင်းတွေ ထည့်ပေးနေလေသည်။သူတို့စားတာကို ကြည့်ပြီး ခပ်ပြုံးပြုံးနှင့်။"စားလို့ကောင်းကြရဲ့လား။ဘာစားချင်သေးလဲ။ထပ်မှာလေ။""တော်ပြီ ကိုကြီး။သားတို့ ဗိုက်တွေကားနေပြီ။အာ....ပြောရင်းတောင် ဗိုက်က နာလာသလိုပဲ။ငါ အိမ်သာ ခဏသွားလိုက်ဦးမယ်။""မင်းကတော့ ဖြစ်ပြီ။အမြဲတမ်း အဲ့လိုပဲ။မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်။""အေးပါ။"အာနီ ထွက်သွားတော့ သူနှင့်ကိုကြီးဧည့်သည် နှစ်ယောက်တည်း ကျန်ခဲ့လေသည်။"ကိုကြီး""ဟင်....""ဟိုရက်က ကိုကြီး နေမကောင်းဘူးဆို။""အင်း...ဟုတ်တယ် ကလေး။အလုပ်ပင်ပန်းတာနဲ့ စိတ်ဖိစီးစရာလေးတွေ ရှိတာနဲ့ပဲ ပန်းဖျားဖျားသွားတာ။အခုတော့ သက်သာသွားပါပြီ။""အလုပ်လည်း များတာပေါ့ ကိုကြီးရယ်။ကျန်းမာရေးလည်း ဂရုစိုက်။""ဒါနဲ့ ကိုကြီး နေမကောင်းတာ ဘယ်လိုသိလဲ။ကိုကြီးတို့ ဒီကြားထဲ မတွေ့ဖြစ်ကြဘူးလေနော်။"သူ စကားပြောမှားသွားလေပြီ။ဆင်ခြေတခု ပေးဖို့ရန် ဦးဏှောက်ကို အလုပ်ပေးလိုက်ရသည်။"ဟိုလေ သားက ကိုကြီးကို အိပ်မက်မက်လို့ပါ။အိပ်မက်ထဲမှာလေ ကိုကြီးက အဝတ်အစားသစ်တွေ ဝတ်ထားပြီး သားဆီ ရောက်လာတယ်။သားကြားဖူးတာကလေ။အဝတ်အစားသစ်တွေနဲ့ အိပ်မက်မက်ရင် ဖျားနာတတ်တယ်တဲ့။အဲ့ဒါကြောင့် ကိုကြီး ဖျားနေတယ် ထင်လို့။""အင်း ကိုကြီး ဖျားနေတာကတော့ အမှန်ပါပဲ။ကိုကြီးကို သတိတရ ရှိလို့ ကျေးဇူးတင်ပါတယ်။"ကိုကြီးဧည့်သည် က သူ့ကို ပြုံးရယ်ပြလေသည်။ဒီလို အပြုံးမျိုး ကိုကြီး ဆွဲမက်နေတာ။ကိုကြီး ရှေ့မှာ အဲ့လို အပြုံးမျိုး မလုပ်နဲ့လို့ အော်ဟစ်ပြောလိုက်ချင်မိသည်။"သား ကိုကြီးကို ပြောပြဦးမယ်။သားရဲ့ကိုကြီးကလေ။""ကလေးရဲ့ ကိုကြီးက....""ဟုတ်...သားပြောဖူးတယ်လေ။သားကိုကြီးက ....""ဪ..သိပြီ။အခု ဘာဖြစ်လို့လဲဟင်။""ကိုကြီးကလေ အခုအရင်ထက် အခြေအနေ ပိုဆိုးနေပြီ။""ဘယ်လို...ဘယ်လို ဖြစ်လို့လဲ။ကျန်းမာရေးများ မကောင်းလို့လား။တခုခု ဖြစ်လို့လား။"ကိုကြီးဧည့်သည်၏ ထိတ်ထိတ်ပြာပြာ ဖြစ်မှုတွေကို ကြည့်ပြီး ကိုကြီး ကိုများ သိနေရော့သလားဟုတောင် သံသယဝင်မိလေသည်။"မဟုတ်ပါဘူး။သားကိုကြီးက အခုလေ ယောက်ျားလေး တယောက်နဲ့ တော်တော်လေး...."သူ့စကား ရပ်လိုက်သည်နှင့် ကိုကြီးဧည့်သည်၏ အမူအယာတွေ စိုးထိတ်မှုတွေ အထင်းသား မြင်နေရပါသည်။စိတ်ဝင်စားမှုလည်း အပြည့် ရှိနေလေသည်။ဒါဟာ သူ့အတွက် အခွင့်အရေးပဲ။"ဘယ်လိုမျိုးလဲ။""တော်တော်လေးကို ဆိုးဝါးနေပြီ။အဲ့ဒီ့ ယောက်ျားကြောင့် တမှိုင်မှိုင် တထွေထွေနဲ့။အလုပ်လည်း ကောင်းကောင်း မလုပ်ဘူး။သားလည်း အတော် စိတ်ညစ်တယ်။ယောက်ျားချင်း ကြိုက်တယ်ဆိုတာ ပတ်ဝန်းကျင်မှာလည်း ဘယ်လောက်တောင် ကဲ့ရဲ့ခံရသလဲ ဆိုတာလည်း ထည့်မတွက်ဘူး။ပြီးတော့လေ သားတို့ အငယ်တွေကိုလည်း မငဲ့ဘူး။သား စိတ်ညစ်တယ် ကိုကြီး။"ပြောရင်းဖြင့် သူ့မျက်နှာကို လက်ဖဝါးဖြင့် အုပ်လိုက်သည်။အလွန်တရာ ဝမ်းနည်းဟန် ပြုလိုက်သောကြောင့် ကိုကြီးဧည့်သည် သူ့အနားသို့ ရောက်လာပြီး သူ့ကို လာနှစ်သိမ့်လေသည်။"ကိုကြီးကော သားတို့ကိုကြီးကို ဘယ်လိုမြင်လဲဟင်။"""ဒါကတော့ ...""ကိုကြီးက အဲ့လိုမျိုးကို အချစ်လို့ ယူဆသလား။ဘယ်လို မြင်လဲဟင်။"တွေဝေသွားသည့် ကိုကြီးဧည့်သည်၏ မျက်နှာကို မြင်ရသည်။"ကိုကြီး မပြောတတ်ဘူး ဧပရယ်။တဖက်သားကို ဝေဖန်ပြောဆိုဖို့လည်း ကိုကြီး မရဲပါဘူး။ဧပရယ် စိတ်ညစ်နေတယ် ဆိုရင် စိတ်ညစ်တော့ မခံပါနဲ့။ကျောင်းတဖက်နဲ့ မဟုတ်လား။ဧပရယ့်ကိုကြီးနဲ့ နားလည်မှု ရအောင် ယူစေချင်တယ်။ညီအကိုချင်း စကားပြောကြည့်စေချင်တယ်။"ကိုကြီးဟာ အေးဆေးတည်ငြိမ်သူ တယောက်ပီပီ စကားကိုလည်း အေးဆေးပင် ပြောလေသည်။ကိုကြီးဧည့်သည်၏ သဘောထားကို သေချာမသိလိုက်ပေမယ့် ကိုကြီးကိုတော့ အထင်သေးသွားတာမျိုး သူဖြစ်စေချင်သည် မဟုတ်လား။ဒါမှလည်း သူဖြစ်စေချင်တာ အောင်မြင်မည်လေ။"တကယ်လို့ ကိုကြီးမှာသာ အဲ့လို ညီအကိုမျိုး ရှိရင် ကိုကြီး ဘယ်လို ဆုံးဖြတ်မလဲဟင်။"သူ့ကိုနှစ်သိမ့်ပေးနေသူ ကိုကြီးဧည့်သည်ဟာ သူ့အနားမှ ထွက်သွားပြီး သူ့နေရာသူ ပြန်ထိုင်လိုက်ပါသည်။သူလိုချင်သော အဖြေကိုတော့ မရသေးပေ။ကိုကြီးဧည့်သည်က သူ့ရှေ့မှာ ရှိနေသော အအေးခွက်ကို ယူကာ တငုံသောက်ပြီး ခွက်ကို ပြန်ချထားလိုက်လေသည်။"ကိုကြီး သားမေးတာ ဖြေဦးလေ။"သူ့ကို မျက်လုံးပင့်ကြည့်ပေမယ့် အဖြေစကား ထွက်မလာသေးပေ။ထိုအချိန်မှာပဲ အာနီ က သူတို့နားသို့ ပြန်ရောက်လာလေသည်။သူတို့ နှစ်ယောက်လည်း စကားစပြတ်သွားသည်။ကိုကြီးဧည့်သည် ဆီမှ အဖြေလည်း မရခဲ့ပါ။အိမ်ပြန်တော့ ကိုကြီးဧည့်သည်က အိမ်အတွက်ပါ အစားအစာတွေ အများကြီး ထည့်ပေးလိုက်ပါသေးသည်။ကိုကြီးဧည့်သည် ထည့်ပေးလိုက်သော အစားအစာ များကို အိမ်သို့ မယူသွားဘဲ အာနီ့အိမ်အတွက် ထားခဲ့လိုက်ပါသည်။ကိုကြီးဧည့်သည် ဝယ်ကျွေးသော မုန့်တွေသည် ကိုကြီး အတွက် မဖြစ်စေချင်၍ ဖြစ်သည်။ ကိုကြီးနှင့် ပတ်သတ်ရင် သူထားသည့် အတ္တတွေသည် လုံလောက်သည်ဟု မတွေးသောကြောင့်ပင် ဖြစ်ပါသည်။ပြန်တော့ ကားပေါ်မှာ ကိုကြီးက သူတို့ကို ပြောသွားလေသည်။မကြာခင် စေ့စပ်တော့မည်တဲ့လေ။ပျော်လွန်းလို့ ထခုန်မိမတတ် ဖြစ်သွားသည်။သူ ဖြစ်ချင်တာတွေ ဖြစ်လာရတော့မည်ပေါ့။

2.12.2022 friday.

10:00 pm.

***************

မဆုံဖြစ်ကြတာလည်း ကြာသွားပြီ။အားလုံး အဆင်ပြေကြပါစေနော်။ကျန်းမာရေး ဂရုစိုက်ကြပါရှင့်။

"ခိုင်မာနှောင်ကြိုး"Hikayelerin yaşadığı yer. Şimdi keşfedin