ခိုင်မာနှောင်ကြိုး အပိုင်း ၁၉"နင့် ပုံစံက ရိုးမှရိုးရဲ့လား ကြွေ။""ဘာလဲ ချိုတေး။နင့်စကားက အဆုံးမရှိ အစမရှိ။"ထည့်လာသည့် ထမင်းချိုင့်ဗူးထဲမှ လက်ဖက်သုပ်ကို ဇွန်းနှင့် ခပ်စားရင်း ပြောလေသည်။ကြွေရုပ်ကမ္ဘာနှင့် ချိုတေးသံသာ သည် သင်တန်းအတူ တက်ဖြစ်နေသော သူငယ်ချင်းတွေ ဖြစ်သည်။ခင်မင်တာကတော့ အခုမှ မဟုတ်ဘဲ ရှစ်တန်းကျောင်းသူဘဝ ကတည်းက ခင်မင်ရင်းနှီးစွာ ပေါင်းလာသည့် သူငယ်ချင်းတွေ ဖြစ်သည်။အရင်ကတော့ ရပ်ကွက်ချင်း သိပ်မဝေးစွာ နေကြသူများ ဖြစ်သည်။အခုတော့ ကြွေရုပ်ကမ္ဘာ တို့ မိသားစု အိမ်ပြောင်းလာတော့ ချိုတေးသံသာ ကလည်း သူ့အိမ်ကို ရံဖန်ရံခါ လာလည်တတ်သေးသည်။အိမ်လာမလည် လည်း ကျောင်းမှာကော၊သင်တန်းမှာပါ တွေ့နေကျ ဖြစ်သည်။သူတို့နှစ်ယောက်သည် ဆေးဝါးကျွမ်းကျင်မှုသင်တန်း တက်နေခြင်းပင် ဖြစ်သည်။ တနေ့မှာ ဆေးဆိုင်ဖွင့်လှစ်ဖို့ ရည်ရွယ်ချက်ရှိသူများလည်း ဖြစ်သည်။ ချိုတေးသံသာနှင့် သူ့မိဘတွေဟာ ငွေကြေးအားဖြင့် တက်နိုင်သူများ ဖြစ်သဖြင့် ဆေးဆိုင် ဖွင့်ပေးဖို့ လက်တွန့်ကြမည်သူများတော့ မဟုတ်ပေ။သူတို့ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည့် သူများ ဖြစ်လေသည်။ဒီနေ့ သင်တန်းမှာ ထမင်းစားချိန် ခဏနားစဉ် ချိုတေးမှ သူ့ကို ပြောသော စကားဖြစ်သည်။"ဟို စက်ချုပ်တဲ့ အကိုကြီးလေ။နင်ခေါ်တဲ့ အကို ဆိုတဲ့သူပေါ့။နင် သူ့ကို စိတ်ဝင်စားနေတာလား။"ချိုတေး က သူ့ကို တိုက်ရိုက်မေးလာတော့လည်း သူ့အနေနဲ့ ခေါင်းညိတ်ပြရုံသာ ရှိသည်။"ဘယ်လိုများ ဖြစ်ရတာလဲ ကြွေ။ကျောင်းမှာ နင့်နောက်က တန်းစီပြီး လိုက်နေတဲ့ သူတွေကိုတောင် နင်ခါချနေပြီးတော့။အခုလို ရပ်ကွက်ထဲ စက်ချုပ်တဲ့သူကိုမှ ဘယ်လိုဖြစ်လို့ စိတ်ဝင်စားသွားရတာလဲ။""အဲ့လို မပြောပါနဲ့ဟာ။သူက သူတတ်တဲ့ ပညာနဲ့ ရိုးရိုးသားသား စီးပွားရှာနေသူပါ။ဘာလို့ စိတ်ဝင်စားသွားရတာလဲ ပြောရင် အကို့ကို ငါ သနားသွားတာက စတာပဲ။""သနားသွားတယ်။""အင်း။အကို က အဲ့အိမ်က လူ မဟုတ်ဘူး။ရပ်ကွက်ထဲကို အတိတ်မေ့ပြီး ရောက်လာတဲ့သူ ။အဲ့အိမ်မှာ နေတဲ့ အိမ်ရှင်ကောင်လေးက အကို့ကို ခေါ်ထားတာပေါ့။အကို အတိတ်က သတိမရခင် အချိန်အထိ နေဆိုပြီး ပေးနေထားတာ။""ဒါဆို ဘယ်ကလာလို့၊ ဘယ်သူမှန်း ရပ်ကွက်ထဲက လူတွေ ဘယ်သူမှ မသိကြဘူးပေါ့။မသိဘဲ လက်ခံထားတာပေါ့။ဟုတ်လား ကြွေ။""ဟုတ်တယ်။""လက်ခံထားတဲ့ ကောင်လေးက တော်ရုံ စိတ်ထားတော့ မဟုတ်ဘူးပဲ။""အင်း....စိတ်ထားတော့ ကောင်းပါတယ်။ဒါပေမဲ့ နည်းနည်းတော့ ရင့်သီးတယ်ဟ။ပြီးတော့...."အဲ့ကောင်လေး ရွှေရင်အေး၊မုန့်လက်ဆောင်း ရောင်းတာကစလို့ အကို့ကိုဆို အမြဲကာကွယ်ပေးတတ်တာက အဆုံး။ကောင်လေး၏ အကို့အပေါ်ထားသည့် သဘောထားကိုပါ အစအဆုံး သူကြုံမိတာ ၊ ကြားသိတာတွေကိုပါ ပြောဖြစ်သည်။"ဟယ်...အဲ့ဒါဆို အဲ့ကောင်လေးနဲ့ နင့်အကို က အတွဲဆိုပြီး ရပ်ကွက်ထဲမှာ သတင်းကြီးခဲ့တာပေါ့။"ချိုတေးက နင့်အကို ဟု ပြောခဲ့တာကြောင့် သူ့ရင်ထဲ ကျေနပ်သွားကာ ပြုံးမိသွားသည်။အကို့ကို သူ့အပိုင်သာ ဖြစ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲလေ။"အင်း...ဟုတ်တယ်။ကောင်လေးကြောင့် သတင်းထွက်သွားတာ ထင်ပါတယ်။ငါ့အမြင် ပြောရရင် အကို ကတော့ အဲ့လို စိတ်မျိုး မရှိလောက်ဘူး။ကောင်လေး ကသာ အကို့ ထိရင် မခံနိုင် ဖြစ်နေတာ။ဟိုနေ့က ဘယ်လိုပုံစံမျိုးလဲ နင်မြင်တယ် မဟုတ်လား။အဲ့ကောင်လေးရဲ့ စိတ်က အကို့အပေါ် ပြောင်းလဲနေတာ ဖြစ်မှာပါ။အကို ကတော့ လိုက်လျောညီထွေ လိုက်လျောပေးနေရတဲ့ ပုံစံပါပဲ။အဲ့ကောင်လေးက သူ့အိမ်ရှင်ဆိုတော့လေ။အဲ့ကောင်လေး ဖြစ်ချင်တာကို အလိုလိုက်ပေးနေရတဲ့ သဘောမျိုးပါပဲ။""ကောင်လေးက နင့်အကို ကို အတော်လေး ထိန်းချုပ်ထားပုံရတယ်။နင့်အကို ဘဝကလည်း ကောင်လေးရဲ့ ထိန်းချုပ်မှုအောက်မှာ နေရတော့ သနားစရာပါလား။""ငါလည်း အကိုကို လွတ်မြောက်စေချင်ပြီဟာ။ဒါပေမဲ့ ငါလည်း ဘာမှမတတ်နိုင်သေးဘူး။""ပြောသာပြောတာ။နင့်အကိုက အတော်တော့ ချောတယ်နော်။အရပ်ကလည်း အရှည်ကြီး။အသားကလည်း ဖြူပြီးလှနေရော။ဟိုနေ့က ငါတို့လက်ထဲမှာ မေ့နေတာများ အရုပ်လေးလိုပဲ။ယောက်ျားလေး ဖြစ်ပြီး အတော်သန့်တယ်။ဟိုကောင်လေး သဲလည်းသဲချင်စရာလေး။ငါတောင် ကြည့်ရင်း ပြစ်မှားမိချင်သလိုလို။""ဟဲ့...ချိုတေး...ငါ့အကို ကိုနော်။နင် ဘာစကားပြောတာလဲ။""အမလေး ... နင့်ပိုင်ဆိုင်မှုကို ငါသိပါတယ်နော်။စကားအဖြစ် ပြောတာပါ။""နင်လိုချင်ရင် ဟိုကောင်လေးကို ယူလေ။""မလုပ်ပါနဲ့ဟာ။မျက်နှာထားက ထန်ထန်၊ခန္ဓာကိုယ်က ကြီးကြီးနဲ့ ကြောက်စရာကြီး။သူအကြည့်အောက်မှာ ပြာကျသွားနိုင်တယ်။ မလုပ်နဲ့။"သူငယ်ချင်းနှစ်ယောက် ရောက်တတ်ရာရာတွေ ပြောပြီး ထမင်းစားရင်း ရယ်မောနေမိကြသည်။ချိုတေး ပြောလိုက်သည့် စကားထဲမှာ သူရင်အနာဆုံးစကားကတော့"နင့်အကို ကို တကယ် စိတ်ဝင်စားလို့ ချစ်တယ် ဆိုရင် နင့်လူ ဖြစ်အောင် လုပ်ဟာ။အဲ့ကောင်လေး လက်ထဲကနေ ရအောင်ယူ။"သူသက်ပြင်းသာ ချလိုက်မိပါတော့သည်။အကို စိတ်ဆင်းရဲစေမယ့် ကိစ္စ သူဘယ်လိုအင်အားနဲ့ စွမ်းဆောင်နိုင်ပါ့မလဲ။အကို့ကို အမြဲရွင်လန်းပြီး စိတ်ချမ်းသာစေချင်တာ သူ့ရဲ့ တကယ့်စိတ်ရင်းပင် ဖြစ်လေသည်။**********"အကို""ဟင်..""ကျွန်တော် က ဆိုးတယ်မလား။"မီးဖိုချောင်တွင်း ဇင် ဟင်းချက်တာကို ကူညီလုပ်ကိုင်ပေးနေရင်းမှ သူ့ကို ဇင် က ပြောခြင်းပင်ဖြစ်သည်။ချဉ်ပေါင်ရွက် ခြွေရင်းနှင့် ဇင့် ကို ကြည့်လိုက်တော့ ဇင် က ယောင်းမကြီး ကိုင်ပြီး သူ့ဘက် လှည့်ကြည့်ကာ ပြောနေခြင်း ဖြစ်သည်။ဟင်းအိုး ဆီပြန်သံကတော့ သူတို့နှစ်ယောက် စကားပြောသံကြားမှာ သံစဉ် တခုလိုလို။တော်တော်နှင့် သူက အဖြေစကား မပြောသောကြောင့် ဇင့် မျက်လုံးများက သူ့စကားကို မျှော်လင့်နေဟန်။"ပြောလေ။ကျွန်တော် ဆိုးတယ်မလားလို့။"ဟင်းအိုးကို ရေထည့် အဖုံးအုပ်ပြီး ထပ်မေးပြန်သည်။ဟုတ်တယ်။ဆိုးလာသည်ထက် ချွဲလာသည်က ပို၍ မှန်ပေလိမ့်မည်။အရင်က မျက်နှာထန်ထန် သူ့ကို ခင်ဗျား ချင်း ထပ်နေအောင် ပြောတတ်သူ၊ သူ့ကို အော်ငေါက်တတ်သူ၊ အလိုမကျရင် မျက်နှာထားတင်းတင်းနှင့် ပြောဆိုတတ်သူက အခုတော့ သူ့ကို အကို ဟု ခေါ်ပြီး ကလေးတွေ ကွယ်ရာမှာ သူ့ကို ချွဲနွဲ့လာတတ်သည်။ဇင့်လိုလူမျိုးက ချွဲတတ်သည် ဆိုတာ လိုက်ပြောရင်တောင် ယုံကြပါ့မလား မသိ။ချွဲတတ်သည်။ပြီးတော့ ဇင် က သူလုပ်ချင်တာ၊ သူလိုချင်တာကိုလည်း မရရအောင် ယူတတ်ပြန်သေးသည်။ဟိုနေ့ကပဲ ကြည့်ပါလား။သူ့အိပ်ယာထဲကို အာရုံမတက်ခင် ရောက်လာပြီး ပိုင်စိုးပိုင်နင်းနဲ့ လူကို လုပ်ချင်ရာ လုပ်သွားသလို လိုချင်တာကိုလည်း ရအောင် ယူသွားသေးသည်။ဇင်နှင့်သူ အလွန်နီးစပ်သော အထိအတွေ့ကို ဇင် က ဖန်တီးသည်။သူကိုယ်တိုင်လည်း စီးမျောလိုက်မိသည်က သူ့အမှားများ ဖြစ်သွားသလားဟုတော့ သူ့ဘက်က တွေဝေခဲ့ဖူးပါသည်။ ဆယ်ကျော်သက် ကလေးတယောက်ကို သူက ထိန်းမပေးသည့်အပြင် ဇင်နှင့်အတူ သူကပါ လိုက်ပြီး မိုက်မဲမိသလိုလို။ဇင်နှင့်သူက ဇင်ဖန်တီးခဲ့သော အခြေအနေမျိုးထိ ရောက်လောက်အောင် ရင်းနှီးလောက်သည့် အနေအထား မဟုတ်ဟု သူသုံးသပ်မိလေသည်။ဇင့် စိတ်တွေ သူ့အပေါ် ပြောင်းလဲသွားသည်ဟု သူမြင်သည်။အဲ့ဒါကို သူအကြောက်ဆုံး ဖြစ်သည်။ဇင် က ကလေးသာသာ ရှိသေးသော ဆယ်ကျော်သက် လူငယ်တယောက်လေ။သူ့မှာ စိတ်ခံစားမှု ပြောင်းလဲချက်ဟာ များစွာ ရှိလိမ့်မည်။သူ့စိတ်၏ ခံစားချက်မှန်သမျှကို သူကိုယ်တိုင်တောင် ရေရေရာရာ မသိနိုင်သည့် အခြေအနေလည်း ရှိလိမ့်မည်။စိတ်ကစားသည့်အရွယ် ဖြစ်သွားသည့် အပြောင်းအလဲကို သူနားလည်ရမည်။လိုက်လျောညီထွေ နေပေးရပေလိမ့်မည်ဟု တွေးမိပြန်ပါသည်။အဓိက က ဇင် စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။အခုဆိုရင် ဇင့် မျက်နှာမှာ အပြုံးလေးတွေ အမြဲမြင်နေရပြီ။ဇင် ပျော်တော့လည်း သူ စိတ်ချမ်းသာပါသည်။"ရယ်နေတယ် ဆိုတော့ ကျွန်တော့်ကို လှောင်တာလား။""မဟုတ်ရပါဘူး။""ဒါဆို ကျွန်တော် မေးတာ မဖြေဘဲ ရယ်ပဲနေရတာလဲ။""ဪ...သဘောကျမိလို့ပါ။""ဘာကို သဘောကျတာလဲ။ကျွန်တော့်ကိုလား။"စကားကိုလည်း အဲ့လို မစဉ်းစား မဆင်ခြင် ပြောတတ်ပါသေးသည်။"ဟင်...ဇင်။"အိမ်ရှေ့မှာ ကလေးတွေ ရှိနေသည် ဆိုတာ ဇင် သတိမထားမိတာလား။ထိတ်လန့်စိတ်ဖြင့် ကလေးတွေကို လှမ်းကြည့်လိုက်တော့ အိတ်ထဲသို့ စာအုပ်တွေ ထည့်နေသည်ကို တွေ့ရသည်။သူတို့ စကားပြောနေတာကို သတိမထားမိလို့ တော်သေးသည်။ဇင် အခုရက်ပိုင်း လက်ရဲဇက်ရဲ ရှိလာသလို နှုတ်လည်းရဲလာသည်။ကလေးတွေ ရှိနေသည်ဆိုတာကို သိပ်ဂရုမစိုက်သလို ဖြစ်လာသည်။သူဖြစ်ချင်တာကို ရအောင်လုပ်သည်။"ဒါလေး ပြောတာများ ဘာလို့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ထိတ်လန့်နေရတာလဲ။""ကလေးတွေ ရှိတယ်လေ။"သူ ပြောမှ ဇင် က ကလေးတွေကို လှမ်းကြည့်လိုက်သည်။"သူတို့အာရုံနဲ့ သူတို့ပါ။ကျွန်တော်တို့ ပြောတာကို မကြားပါဘူး။""ကလေးတွေ ရှေ့မှာ စကားပြော ဆင်ခြင်ရမယ် မဟုတ်လား။ဟိုမှာ ဟင်းအိုးကပ်တော့မယ်။""ဟာ..အ..""ဂလုံ....ဂွမ်း။"မရှေးမနှောင်း ထွက်လာသည့် အသံများ။အလောတကြီးနှင့် အဝတ်စ မပါဘဲ ဟင်းအိုးအဖုံးကို ဖွင့်လိုက်သောကြောင့် လက်ပူသွားပြီး လက်ထဲမှ အိုးအဖုံးကို ဘေးသို့ လွင့်ပစ်လိုက်ပြီး ပူသွားသော လက်ဖျားကို နားရွက်နှင့် ပွတ်နေလေသည်။"သတိထားမှပေါ့။အရမ်းပူသွားလား။""နည်းနည်းပါ။ရတယ်။"ကိုင်ကြည့်မလို့ လက်လှမ်းတာတောင် ဇင် က လက်မခံ။သူ သတိထားမိသလောက် ဇင် ဟာ သူ့ကိုသာ ဂရုစိုက်တတ်ပေမယ့် ဇင် တခုခု ဖြစ်လို့ သူ စိုးရိမ်စိတ် ရှိတာမျိုးကိုတော့ ဇင်က လက်မခံပေ။ဇင် က သူ၏ အားနည်းချက်ကို ပြချင်ပုံမရ။အမြဲလို ကြံ့ခိုင်ကြောင်းကိုပဲ ဇင် က တွေ့မြင်စေချင်သည်။တခုခု ထိခိုက်မိရင်တောင် ဘာမှမဖြစ်ခဲ့သလို ပုံစံနှင့် နေသည်။ဒါဟာလည်း ဇင့် ၏ မာနများထဲက တခု ဖြစ်လိမ့်မည်။ဟင်းချက်နေရင်း ဇင့်၏ ဆံနွယ်တွေဟာ ခေါင်းစည်းသားရေကွင်း ပြတ်တောက်မှုကြောင့် အထိန်းအကွပ်မဲ့စွာ လည်ကုတ်ပေါ်သို့ ပြိုဆင်းကျလာသည်။လှပစွာ စီးဆင်းနေသည့် ရေတံခွန် တခုလို။ဖြောင့်ဆင်းကျနေသော ဆံနွယ်လေးတွေဟာ လှုပ်ခါလိုက်တိုင်း ယိမ်းနွဲ့ကာ လှပနေသော နုပျိုသော ယောက်ျားပျိုလေး တယောက်။"ဆံပင်တွေ ရှည်နေပြီနော်။အရှည်ထားမလို့လား။""အင်း။""ဇင် က ဆံပင်ရှည်ထားရတာ ကြိုက်တာလား။""အဲ့လိုလည်း မဟုတ်ဘူး။ကျွန်တော်က ဆံပင်ညှပ်ရတာကို မကြိုက်တာ။""ဆံပင်ညှပ်ရတာ မကြိုက်တာ ဆိုတာ ဘယ်လိုမျိုးလဲ။""ဆံပင်ညှပ်ပြီးလို့ ထွက်လာတဲ့ ဆံပင်ပုံစံကို မကြိုက်တာ။ညှပ်ပြီးလို့ရှိရင် နှမြောသလိုလို၊ ညှပ်ပြီး ပြုတ်ကျသွားတဲ့ ဆံပင်စတွေကိုပဲ ခေါင်းပေါ်ပြန်တပ်ချင်သလိုလို။အဲ့အချိန်မှာ ခံစားချက်က မျိုးစုံပါပဲ။အဲ့ခံစားချက်ကြီးကို မကြိုက်လို့ မညှပ်ဘဲ ဒီအတိုင်းထားတာ။"သူ့ကိုတော့ ဆံပင်အတင်းညှပ်ခိုင်းတဲ့ ဇင် က ဆံပင်ညှပ်ရမှာ မကြိုက်ဘူးတဲ့လေ။ကလေးဆန်သည်ဟု မပြောချင်ပါ။လူတယောက်နှင့် တယောက် စိတ်ခံစားချက်ချင်းတော့ ဘယ်တူပါမလဲလေ။"ဇင့် မျက်နှာက ဆံပင်အတိုနဲ့လည်း လိုက်မှာပါ။"ဇင် အကြည့်တွေနှင့် ဆုံလိုက်ရသည်။သူ ပြောတာကိုများ မကြိုက်သလားတော့ မသိပေ။"ဆံပင်အတိုနဲ့ ပဲဖြစ်ဖြစ်၊ ဆံပင်အရှည်နဲ့ ပဲဖြစ်ဖြစ် ကြည့်ကောင်းမှာပါ။""အင်း"ဇင် က သူ့ဆီမှ အကြည့်လွဲပြီး ဟင်းအိုးကို အာရုံပြန်စိုက်နေသည်။ခေါင်းစည်းကြိုး ပြန်လည်ကာ စည်းနှောင်ထားခြင်း မရှိသေးသော ဇင့် ဆံနွယ်တွေကတော့ လှုပ်ခါဝေ့ဝဲလျက်။ကလေးတွေ ကျောင်းသွားပြီး မရှေးမနှောင်းမှာပင် ဇင် ကလည်း ဈေးရောင်းထွက်သွားပါသည်။စက်မချုပ်သေးဘဲ ခေါင်းထဲမှာ အတွေးတွေ များစွာ ဝင်နေမိသည်။ကောင်မလေးတယောက် လက်မှာ ဝတ်ထားသော ရွှေလက်ကောက်ကွင်းများ၏ တခုနှင့်တခု ရိုက်ခတ်သံဟာ သူ့ကို တုန်လှုပ်ခြောက်ခြားစေလောက်ရအောင် သူ၏ အတိတ်မှာ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်တွေဟာ ဘာတွေများ ဖြစ်နိုင်မလဲ ဆိုတာ အနည်းငယ် ခန့်မှန်းကြည့်မိသည်။အိပ်မက်၏ တစိတ်တပိုင်းကို ပြန်ကောက်ကြည့်မည်ဆိုလျှင် ရှုပ်ထွေးမှုတွေ များပြားလွန်းလှသည်။သူ သိချင်တာ အဘွား။သူ မက်လိုက်သည့် အိပ်မက်တိုင်းမှာ အဘွားက ပါဝင်နေသည်။အဘွားကို တွေ့လိုက်တိုင်းလည်း သူဟာ ဝမ်းနည်းစိတ်က လွှမ်းမိုးလာသည်။"အိမ်ရှင်တို့.....အိမ်ရှင်တို့...။"အိမ်ရှေ့မှ ခေါ်သံကြောင့် ကလေးတွေ ကျောင်းပြန်လာရင် စားဖို့အတွက် ကန်စွန်းဥ ပြုတ်နေရင်းမှ လုပ်လက်စကို ရပ်ပြီး အိမ်ရှေ့သို့ ထွက်လာလိုက်သည်။သူစိမ်းယောက်ျားလေး နှစ်ယောက်ကို သူ မြင်လိုက်ရသည်။"ဘာကိစ္စရှိလို့လဲခင်ဗျ။""ဒီအိမ်က အဝတ်အစားတွေ ချုပ်တဲ့ အိမ်လား ခင်ဗျ။""ဟုတ်ပါတယ်ခင်ဗျ။""ကျွန်တော်တို့ အင်္ကျီအပ်ချင်လို့ လာတာပါ။""ဪ...ဟုတ်ကဲ့..ဟုတ်ကဲ့.."သူ့ဆီ အဝတ်အစား လာအပ်သူ ဆိုတော့လည်း အိမ်ပေါ်တက်ဖို့ ဖိတ်ခေါ်ကာ နေရာထိုင်ခင်း ပေးရသည်။ယောက်ျားလေးတွေ အဝတ်အစား လာချုပ်တာ နည်းသောကြောင့် သူလည်း ကြည့်ရင်း အနည်းငယ်တော့ အံ့ဩရသည်။တယောက်က သူ့ကို ဖော်ဖော်ရွေရွေ စကားပြောသည်။သူအပ်မည့် အင်္ကျီအတွက် ပိတ်စတွေကို ယူလာသည့် အိတ်ထဲမှ ထုတ်၍ ပြလေသည်။အရောင်သွေးစုံ ပိတ်စတွေဟာ မနည်းမနော။အဲ့ထဲကမှ ဘယ်အရောင် အဆင်ပြေမလဲဟု သူ့ကို ရွေးခိုင်းလေသည်။"အကိုကြီး တို့ ချုပ်ချင်တဲ့ အရောင်ကို အကိုကြီးတို့ စိတ်ကြိုက်ရွေးပါခင်ဗျ။""ညီလေးပဲ ရွေးပါ။ပိတ်စတွေက အတိုအစတွေ ဆွဲယူလာတာ ဆိုတော့ တချို့ဟာတွေက အင်္ကျီချုပ်ရလောက်တဲ့ အထိ ပိတ်စ မလုံလောက်ဘူး။""ဟုတ်ကဲ့"သူလည်း အင်္ကျီတထည် ချုပ်ရလောက်မည့် ပိတ်စမျိုးကို ရွေးချယ်လိုက်သည်။အားလုံးပေါင်း ပိတ်စငါးစ ထွက်လာသည်။ပိတ်စတွေက အတိုအစတွေကော အပြတ်အတောက်တွေကော စုံနေတော့ သူ ခန့်မှန်းမိသည်မှာ အထည်ချုပ်စက်ရုံ တခုမှ ဆွဲယူဆောင်လာသော ပိတ်စတွေ ဖြစ်နိုင်သည်။ဒီလူ နှစ်ယောက်က ရပ်ကွက်ထဲက လူတော့ မဖြစ်နိုင်။သူတခါမှ မမြင်ဘူးပါ။သူတို့နှစ်ယောက်၏ ပုံစံတွေက ထူးခြားသည်။ဝတ်ပုံစားပုံတွေက အစ သူတို့ ရပ်ကွက်ထဲမှာ ရှိသော လူတွေ၏ ဝတ်စားဆင်ယင်ပုံနှင့် မတူပေ။မျက်လုံးက အစ ထူးခြား လေသည်။အိမ်ပေါ်တက်လာကတည်းက ထူးဆန်းသလိုပင်။သူ့ကို ကြည့်တာ ခြေဆုံး၊ခေါင်းဆုံး စူးစိုက်ကြည့်တာ တချက်တချက် သူတောင် လန့်သည်။တအိမ်လုံးကိုလည်း ဝေ့ဝိုက်ကြည့်လွန်းသည်။"ညီလေး က အိမ်မှာ တယောက်တည်း နေတာလား။""မဟုတ်ဘူးခင်ဗျ။ကျွန်တော့် ညီလေးတွေနဲ့ နေတာပါ။""ညီလေးတွေက အခု အိမ်မှာ မရှိဘူးလား။""ဟုတ်ကဲ့။အင်္ကျီ ကိုယ်တိုင်း တိုင်းရအောင် ခင်ဗျ။"အင်္ကျီ ကိုယ်တိုင်း တိုင်းမည် ဆိုတော့လည်း နှစ်ယောက်ထဲက ဘယ်သူ့ကို တိုင်းရမှန်းမသိ။မင်းတိုင်း၊ငါတိုင်းနှင့် ငြင်းခုံနေကြသည်။ကြားထဲကနေ သူက ဘယ်သူ့ကို ကိုယ်တိုင်း တိုင်းရမှန်းမသိ။"ညီလေးတွေက ဘယ်အချိန် ပြန်လာမှာလဲ။""ဗျာ။"သူ အံ့ဩသွားသည်။"ဪ....မေးကြည့်ရုံလေးပါ။""အခုချိန်တော့ ပြန်မလာသေးပါဘူး။"ပြောင်းလဲသွားသော သူတို့ မျက်လုံးတွေကို မြင်လိုက်စဉ် ဘာတွေလဲ ဟု တွေးလိုက်မိသည်။ထိုစဉ် ...."ကိုဧည့်သည်ရေ...ကိုဧည့်သည်...""ဪ.....ဒေါ်ကြီးပုမ.....လာဗျ။အိမ်ပေါ်တက်ပါခင်ဗျ။"ဒေါ်ကြီးပုမနှင့် သူ၏ သမီးတယောက် ပါလာပြီး အိမ်ပေါ်သို့ တက်လာလေသည်။သူ့အနားသို့ ကပ်လွန်းနေသော လူနှစ်ယောက် အနည်းငယ်တော့ ယို့သွားသည်။"လာချုပ်တဲ့သူတွေ ရောက်နေတာလား။""ဟုတ်ကဲ့။အင်္ကျီ လာအပ်ကြတာပါ။"ဒေါ်ကြီးပုမ က ထူးဆန်းသော အဝတ်အစားများနှင့် လူနှစ်ယောက်ကို သေချာကြည့်နေလေသည်။ခြေဆုံး၊ခေါင်းဆုံးပေါ့။"မင်းတို့က ဒီရပ်ကွက်က မဟုတ်ဘူးထင်တယ်။ဘယ်မှာ နေတာလဲ။ဘယ်ရပ်ကွက်က လာတာလဲ။"သူ သိချင်နေသော မေးခွန်းကို ဒေါ်ကြီးပုမ က မေးလိုက်သောကြောင့် သူလည်း နားစွင့်နေမိသည်။ထူးဆန်းသော လူနှစ်ယောက်သည် တယောက်မျက်နှာ တယောက် ကြည့်နေကြသည်။မေးခွန်းကို ဖြေရခက်နေသော ပုံစံတွေနှင့်။"ဟေ့..ဖြေလေ။""ဟို...ကျွန်တော်တို့က တရပ်ကွက်ကျော်ကပါ။ငါတို့ တရပ်ကွက်ကျော်မှာ သူဌေးတွေပဲ နေတာပါ။မင်းတို့က သူဌေးတွေပေါ့။ငါတို့လို ဆင်းရဲသား ရပ်ကွက်ထဲကို ဘာကိစ္စ အဝတ်အစား လာအပ်တာလဲ။"ဒေါ်ကြီးပုမ အမေးကို သူတို့ ချက်ချင်းပြန်မဖြေနိုင်။တယောက်မျက်နှာ တယောက်ကြည့်ပြီး မျက်စိမျက်နှာ ပျက်နေသည်ကိုတော့ သူ သတိထားမိသွားသည်။"အဲ့ဒါက အဝတ်အစား ချုပ်တာ ကောင်းတယ်လို့ သတင်းရလို့ပါ။""ကိုဧည့်သည် သတင်းက သူဌေးရပ်ကွက်ထိ သိသွားတာလား။ဟုတ်ပါ့မလား။"ဒေါ်ကြီးပုမ ကတော့ မသင်္ကာမျက်လုံးများနှင့် ကြည့်ပြီး သံသယမျက်လုံးများနှင့် ပြောနေဆဲ။"မင်းတို့ မှန်မှန်ပြော။မင်းတို့ သူဌေးတွေ ဒီကို ဘာလာလုပ်တာလဲ။"ဒေါ်ကြီးပုမ အမေးကို မဖြေတော့ဘဲ ပြန်တော့မယ်ဟု နှုတ်ဆက်ကာ အထုပ်ဆွဲပြီး ခပ်သွက်သွက်လေး ထွက်သွားကြလေသည်။ ကိုယ်တိုင်းလည်း မတိုင်းလိုက်ရဘဲ ပိတ်စတွေက ကျန်ခဲ့လေသည်။အော်ခေါ်တော့လည်း မကြား။မြန်လိုက်သည့် ခြေလှမ်းတွေ။ဒေါ်ကြီးပုမ ကတော့ ပွစိပွစိ ပြောပြီး ကျန်ခဲ့လေသည်။"ဘယ်လို လူတွေလည်း မသိပါဘူး။သူဌေးတွေကများ ဆင်းရဲသားရပ်ကွက်ထဲ ခြေဆန့်လာကြတယ်လို့။ဝတ်ပုံစားပုံတွေ ကလည်း ဗွီဒီယို ဇာတ်ကားထဲက လူဆိုးဂုဏ်းက လူတွေ ဝတ်တဲ့ အဝတ်အစားတွေနဲ့။သူဌေးမှ ဟုတ်ရဲ့လား မသိ။ကိုဧည့်သည် သတိထားဦး။ငွေတွေ ဘာတွေ ခိုးချင်လို့များလား မသိဘူး။ငွေကို သေချာ သိမ်းထား။ငွေရှာရတာ လွယ်တာမဟုတ်ဘူး။လွယ်ရင် သူကြွယ်တောင် မခံနိုင်ဘူး ဆိုတဲ့ စကား ကြားဖူးတယ်။လွယ်လွယ် ငွေတွေ့ရင် လွယ်လွယ်ခိုးသွားမှဖြင့်။"ဒေါ်ကြီးပုမ စိုးရိမ်လည်း စိုးရိမ်ချင်စရာ။ပုံစံမမှန်သော လူများဟု သူလည်း မြင်မိသည်။ဇင် ပြန်လာရင်တော့ ပြောပြဦးမှပါ။"ေဒၚႀကီးပုမ အက်ႌလာအပ္တာပဲလား။""ဟုတ်တယ်။အမ ဝမ်းကွဲ အလှူသွားမလို့။သူတို့က ငွေနည်းနည်း ရှိကြတယ်။အိမ်မှာ ရှိတဲ့ အဝတ်အစား အဟောင်းတွေ ဝတ်မသွားချင်တာနဲ့ အသစ်လာချုပ်တာ။ကိုဧည့်သည် စားဖို့ အာလူးတွေလည်း ယူလာပေးတယ်။ဟဲ့..သမီး...ကိုဧည့်သည်ကို အာလူးတွေ ပေးလိုက်လေ။"မလှမ်းမကမ်းမှာ ဘာမှမပြောဘဲ ထိုင်နေသော သူ့သမီးကို လှမ်းငေါက်ကာ ပြောလိုက်လေသည်။ဒေါ်ကြီးပုမ က သွက်သလောက် သူ့သမီး နှစ်ယောက်ကတော့ အေးလေသည်။အာလူးထုပ်ကို သူ့ထံ ကမ်းပေးသည်။ဆိုင်မှာ ရောင်းတဲ့ဟာတွေ ယူလာသည် ထင်ပါရဲ့လေ။"ဘာဖြစ်လို့ ယူလာတာလဲ အားနာစရာ ဒေါ်ကြီးပုမရယ်။""အမလေး..... အားမနာပါနဲ့ ကိုဧည့်သည်။ဒေါ်ကြီးက သားအရင်းလို ချစ်လို့ ပေးတာ။သမီးပေးမှ သားရတာ ဆိုပေမယ့် ကိုဧည့်သည် ကို သားမက်လို မဟုတ်ဘဲ သားအရင်းလို ချစ်တာ။""ဗျာ.."ဒေါ်ကြီးပုမ စကားက ဘာကြီးလဲ။သူ့ကို မျက်စိကျနေတာ သိပေမယ့် တိုက်ရိုက်ကြီး ပြောလာတော့ သူ့မျက်နှာ ဘယ်နားသွားထားရမှန်း မသိ။ဒေါ်ကြီးပုမ သမီးကလည်း သူ့လိုပင် မျက်နှာကြီး အောက်ငုံထားပြီး ရှက်နေလေသည်။ထိုအချိန်မှာပင် ဒေါ်ကြီးပုမ က သူ့လက်ဖျားတွေကို ဆွဲယူလေသည်။"ကိုဧည့်သည်....ဒေါ်ကြီး ကို ယောက္ခမ တော်ပါလား။ဒေါ်ကြီးက အေးအေးလေး နေတတ်တဲ့ ကိုဧည့်သည် ကို သိပ်သဘောကျတာ။ ဒေါ်ကြီး သမီးတွေမှာ အားနည်းချက် ရှိပေမယ့် မိန်းမကောင်းလေးတွေပါ။ ကိုဧည့်သည် သာ လက်ခံရင် ဒေါ်ကြီး ပိုင်ဆိုင်တာတွေ တဝက် လက်ဖွဲ့မှာပါ။ဒေါ်ကြီး သမီးကို လက်ခံပေးနော်။"ဒေါ်ကြီးပုမ ကတော့ သူ့ကို ပြဿနာ ရှာနေပါပြီ။အိမ်ကို လာပြီး အင်္ကျီလာအပ်သည် ဆိုသူက အင်္ကျီ ဘယ်လိုပုံစံ ချုပ်မည်ကို မပြောဘဲ သားရေးသမီးရေး လမ်းကြောင်းခင်းနေလေသည်။ရှက်နေသော ဒေါ်ကြီးပုမ သမီးကိုလည်း အားနာလာသောကြောင့် ရုန်းထွက်နိုင်ဖို့ ကြိုးစားရလေသည်။"ဒေါ်ကြီးပုမ စိတ်မလောနဲ့နော်။နောက်မှ ပြောကြတာပေါ့။အခု ဘယ်ပိတ်စနဲ့ ချုပ်မှာလဲသာ ကျွန်တော့် ကို ပြနော်။"အလိမ္မာနှင့် စကားပြောင်းရလေသည်။ဒေါ်ကြီးပုမ က လက်မခံပြန်။"ဟို....ကျွန်တော် နောက်ဖေးမှာ ကန်စွန်းဥပြုတ်ထားတာ သွားကြည့်လိုက်ဦးမယ်။"ဒေါ်ကြီးပုမ လက်ထဲမှ ရုန်းထွက်ပြီး နောက်ဖေးသို့ ထွက်လာလိုက်ရသည်။"အမလေး...ကြည့်ပါဦး....ကိုဧည့်သည် လမ်းလျှောက်ပုံလေးကအစ သိမ့်မွေ့လိုက်တာ။ဟဲ့...သမီး ကြည့်ထား။အဲ့လို ယောက်ျားမျိုးကို ယူရတယ် သိလား။"နောက်ဖေးချောင်သို့ ဝင်သွားရင်း နောက်ကနေ လှမ်းပြောနေသည့် ဒေါ်ကြီးပုမ၏ စကားကြောင့် သွားလက်စ ခြေလှမ်းတွေတောင် မှားချင်ချင် ဖြစ်သွားလေသည်။**************ညဦးပိုင်းရောက်တော့ ဇင် လည်း အလုပ်တွေ ပြီးစီးသွားလို့ စာအုပ်တအုပ်ကို ဖတ်ရင်း အနားယူနေလေသည်။သူကတော့ ကလေးတွေကို စာပြရင်း ဇင့် ကို တချက်တချက် စောင်းငဲ့ကြည့် ဖြစ်သည်။စာအုပ်ကိုသာ သဲကြီးမဲကြီး ဖတ်နေလေသည်။သူ ဇင့် ကို သတိထားမိသလောက် ဇင် ဟာ တခုခုကို စိတ်ဝင်တစား လုပ်ပြီဆိုလျှင် လုပ်နေတာကိုပဲ အာရုံစိုက်တတ်လေသည်။စာဖတ်ခြင်းကိုလည်း အလွန် မြတ်နိုးပုံရသည်။ဇင် စာမဖတ်တဲ့နေ့ ဆိုတာ သူမမြင်သလောက်ပါပဲ။ဇင် ဖတ်တတ်သော စာအုပ်လေးတွေ လက်ဆောင်ပေး ဖို့တောင် အမသီတာနှင့် တိုင်ပင်ထားသေးသည်။လတ်တလော သူရှာလို့ ရသမျှ ပိုက်ဆံတွေကိုလည်း အမသီတာကို ပေးထားသည်။ ဇင့် ကို ဖုန်းဝယ်ပေးဖို့နှင့် စာအုပ်ဝယ်ပေးဖို့ ဖြစ်သည်။ဖုန်းဝယ်ဖို့ ပိုက်ဆံက အနည်းငယ် လိုနေသောကြောင့် အမသီတာက စိုက်ပေးမည် ပြောမည်။ဖုန်းဝယ်ဖို့ ပိုက်ဆံက အများကြီးလည်း မလိုအပ်သောကြောင့် အမသီတာ က လကုန်ရက် သူလစာထုတ်တာနှင့် လိုတဲ့ပိုက်ဆံ စိုက်ဝယ်ပေးမည်ဟု ပြောလေသည်။သူလည်း လကုန်ရောက်မည့်ရက်ကို မျှော်လင့်ရင်း ဇင့် လက်ထဲ ဖုန်းရောက်မည့် နေ့ကို တွေးကာ သူလည်း ပျော်နေမိပါတော့သည်။ကလေးတွေကို စာကျက်ဖို့ ပေးထားပြီး ဇင့်အနားသို့ သွားလိုက်သည်။ဇင် နှင့် မလှမ်းမကမ်းမှာ သူထိုင်သည့်တိုင် ဇင် က သူ လာသည်ကို သတိမပြုမိဘဲ စာအုပ်ကိုသာ အာရုံစိုက် ဖတ်နေလေသည်။ဆံနွယ်တွေကို ခေါင်းစည်းကြိုးနှင့် စည်းနှောင်ထားပေမယ့် ခေါင်းငုံထားသောကြောင့် နားထင်နံဘေးကနေ ကျနေသည့် ဆံပင်အတိုအစလေးတွေဟာ ဘေးတစောင်း အနေအထားကြောင့် အမြောင်းလိုက်လေးတွေ ကျပြီး အလွန် ကြည့်ကောင်းသည်။စာအုပ်ထဲမှာ စိတ်ဝင်စားနေသောကြောင့် သူကြည့်နေသည်ကိုလည်း သတိထားမိပုံမရသည့်အတွက် သူလည်း ရဲတင်းစွာပင် ကြည့်နေမိလေသည်။ဆောင်းကုန်ခါနီး အချိန် ဖြစ်ပေမယ့် အအေးဓာတ်က ကျန်နေသေးသောကြောင့် အပေါ်ထပ် အင်္ကျီလက်ရှည်ကို ဝတ်ထားသည်။ထုံးစံအတိုင်း ပုဆိုးဝတ်လျက်ပေါ့။အိမ်တိုင်ကို ခန္ဓာကိုယ် ဘေးတစောင်း မှီထားသေးသည်။ ဆံနွယ်တွေကို စည်းထားသောကြောင့် ဇင့် နားရွက်ကို မြင်ရသည်။ခပ်ကားကား ပုံစံရှိသောကြောင့် ဇင် ဟာ ဉာဏ်ကောင်းသူ တယောက်ဖြစ်လိမ့်မည်။ကျောင်းနေစဉ် ကျောင်းစာတော်သူမှန်း သိသောကြောင့် ဇင့် ကို ကျောင်းပြန်တက်စေချင်စိတ် ဖြစ်မိသည်။ သူငေးကြည့်နေစဉ် ခဏမှာပဲ ဇင် က သူ့ဘက်ကို ရုတ်တရက် လှည့်ကြည့်လာသောကြောင့် အယောင်ယောင်အမှားမှား ဖြစ်ပြီး ထဖို့ ပြင်လိုက်သည်။ဇင် က မြင်တော့..."ဘယ်သွားမလို့လဲ။""ကလေးတွေဆီ ပြန်သွားမလို့။""ဆောရီး အကို။ကျွန်တော် စာအုပ်ထဲ စိတ်ဝင်စားနေတာနဲ့ အကို အနားရောက်လာတာ မသိလိုက်ဘူး။အကို ကျွန်တော့်ကို ပြောစရာ ရှိလို့လား။""ပြောစရာ ရယ်လို့တော့ မဟုတ်ပါဘူး။ပြောပြတာပါ။"ဇင်နှင့် မလှမ်းမကမ်းမှာ ပြန်ထိုင်ရပြန်ပါသည်။"အင်း...ပြောပြလေ။အကို ပြောပြမယ့် အကြောင်းကို ကျွန်တော်လည်း သိချင်တယ်။"ဇင် က ဖတ်လက်စ စာအုပ်ကို စက္ကူပြားလေးတခုနှင့် ဖတ်လက်စနေရာ စာမျက်နှာကို မှတ်ထားပြီး စာအုပ်ကို ဘေးချထား၍ သူနှင့် မျက်နှာချင်းဆိုင်မှာ ပြောင်းထိုင်လေသည်။အခုဆိုရင် ဇင်နှင့်သူ စကားပြောရတာ အတော်လေး အဆင်ပြေလာပြီ။ဇင် ကလည်း အခုဆိုရင် သူ့ကို အကိုကြီး တယောက်လို ရိုရိုသေသေ ဆက်ဆံလာသည်။သူ ပြောသည့် စကားများကိုလည်း ဂရုတစိုက် သေချာနားထောင်ပေးလာသည်။တယောက်နှင့်တယောက် နားလည်မှု ရှိပြီး ပွင့်လင်းသော အနေအထားကို ရောက်လာကြပါပြီ။"ဒီနေ့လေ လူနှစ်ယောက် အင်္ကျီလာအပ်တယ်။ဒီရပ်ကွက်ကတော့ မဟုတ်ဘူး။ကျွန်တော် အဝတ်ချုပ်တာ အဆင်ပြေတယ်။ပုံကျတယ် ဆိုပြီး သတင်းကြားလို့တဲ့ အဲ့ဒါ တဆင့်စကား တဆင့်နဲ့ ကြားပြီး လာအပ်တာလို့ ပြောတယ်။""ဟုတ်လား။ဒါဆို အကိုက ရပ်ကွက်ထဲမှာတင် မဟုတ်ဘဲ အခြားရပ်ကွက် တွေမှာတောင် နာမည်ကြီးနေပြီပဲ။စက်ချုပ်ရင်း အကို သူဌေးကြီး ဖြစ်တော့မယ်။"ဇင် က သူ့ကို နောက်နေပြန်ပါသည်။သူစကားတခွန်း စပြောလိုက်တိုင်း ဇင် က နောက်ချည်းပဲ နေတော့ စကားက လိုရင်းကို မရောက်ဘဲ စကားစ ပြတ်သွားလေသည်။ဇင် ဟာ စကားပြောရင် နောက်ပြောင်ပြောတတ်လာသည်ကို သူ သတိထားမိလာပြန်သည်။ စကားပြောရင်းနှင့် သူပြောချင်သော လိုရင်းကို မရောက်ဘဲ အခြားစကား ရောက်သွားပြန်ပါသည်။"ဇင် က စာဖတ်ဝါသနာ ပါတယ်နော်။""အင်း..ဟုတ်တယ်။ကျွန်တော်က စာအုပ်နဲ့မျက်နှာ ထိတွေ့နေရချိန်ဆို ကျွန်တော့်အတွက် အားတခုရသလို ခွန်အားသစ်တွေ မွေးဖွားလာစေတယ်။""ဇင် က အတန်းပညာ ကိုးတန်း အောင်ပြီးပြီနော်။"ဇင် က သူ့ကို မျက်လုံးလှန်ကြည့်သည်။ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ဘာအထာနှင့် ပြောသလဲ ဆိုသော ပုံစံမျိုး။"ဪ...ကျွန်တော် မေးတာက ဇင် ကို ဒီနှစ် လာမယ့် ပညာသင်နှစ်မှာ တက္ကသိုလ်ဝန်ထမ်း ဝင်ဖြေစေချင်လို့ပါ။""အကို ကလည်း ကျွန်တော့် အခြေအနေကို သိရက်နဲ့။"ဇင် က ခပ်မဲ့မဲ့လေး ပြုံးကာ ပြောလေသည်။"ဇင် က ဉာဏ်ကောင်းတာပဲ။အလုပ်နဲ့စာကို အချိန်ခွဲပြီး လုပ်ရင် အဆင်ပြေမှာပါ။ကျွန်တော်လည်း ရှိတာပဲ။ကျွန်တော် အိမ်စရိတ် ဝိုင်းရှာပေးပါ့မယ်။၁၀တန်းတော့ အောင်အောင်ဖြေနော်။""အကို က ကျွန်တော်တို့နဲ့ ဘယ်လောက်အချိန်ထိ နေမှာမလို့ အဲ့လို စကားတွေ ပြောနေတာလဲ။အကို က အတိတ်ကို ပြန်သတိရသွားရင် ကျွန်တော်တို့နဲ့ ခွဲသွားမှာပဲ မဟုတ်လား။"ဇင် နှုတ်ဖျားမှ ထွက်လာသော လေသံဟာ တိုးလျပြီး အဖျားခတ်နေသည်။ဇင် ဝမ်းနည်းနေလေသလား။ဇင် ပြောသော စကားမှာ အမှား တခုမှ မပါသဖြင့် သူလည်း ခေတ္တမျှ ငြိမ်သွားရလေသည်။"ကျွန်တော် လုပ်ပေးနိုင်တဲ့ အချိန်တခုအထိ လုပ်ပေးမှာပါ။ကျွန်တော် ဇင့် ကို တကယ် ဘွဲ့ရပညာတတ် တယောက် ဖြစ်စေချင်လို့ပါ။""ဟင်း...ဟင်း..အကို က မထင်ရဘူး။အရမ်းကို စိတ်ကူးယဉ်တတ်သူပဲနော်။ စိတ်ကူးယဉ်တယ်ဆိုတာ အတွေးထဲမှာပဲ ကောင်းတယ် အကို။ လက်တွေ့ဘဝမှာ အရာမထင်ဘူး။""လုပ်ချင်စိတ် ဆန္ဒပြင်းပြရင် မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူး ဆိုတဲ့ စကားလည်း ရှိတာပဲ မဟုတ်လား။""အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး ဖြစ်ပျက်မှုတွေ ပြောင်းလဲသွားတတ်တယ် ဆိုတာလည်း ရှိတယ် မဟုတ်လား။""လူလုပ်ရင် ဘာမဆို ဖြစ်တာပဲ မဟုတ်လား။""မနိုင်ဝန်မထမ်းနဲ့ ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။""ဘာလုပ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ စကားလည်း ရှိတာပဲလေ။"သူတို့နှစ်ယောက် ငြင်းခုံလာလိုက်ကြတာ ကလေးနှစ်ယောက် အနားရောက်လာမှပဲ စကားစ ပြတ်သွားလေသည်။အရင်ကဆို ဇင့် ကို ခွန်းတုံ့ပြန်ဖို့ နေနေသာသာ ရဲရဲတောင် မကြည့်ရဲ။စကားဆိုလည်း ဇင့် အကြည့်တချက် အောက်မှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်လို့။ အခုတော့ ဆန့်ကျင်ဘက် ဇင့် ကို စကားတခွန်း အတင်မခံဘဲ ခွန်းကြီး၊ခွန်းငယ် ပြောတတ်နေပြီ။သူ့ကိုယ်သူတောင် အံ့ဩမိသည်။ဇင်နှင့်သူ အတော်လေး ရင်းနှီးနေပြီပဲ။သူဖြစ်ချင်တဲ့ ဆန္ဒလေးကို ဇင် သာ လက်ခံမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ဇင့် ကို ဘွဲ့ရပညာတတ် ဖြစ်စေချင်တာ သူ့ရဲ့ တကယ့် စိတ်ရင်းအမှန်ပါ။ဇင် က ဆေးပညာစာအုပ်လေးတွေ ဖတ်နေတာလည်း သူ သတိထားမိသည်။ဇင့်၏ ဝါသနာနှင့် ရည်မှန်းချက်ဟာ ဆရာဝန်တယောက် ဖြစ်ဖို့ ဆိုတာလည်း သူသိထားပါသည်။အခြေအနေ မပေးလို့ ပညာရေး ရပ်ဆိုင်းရသည် ဆိုပေမယ့် အသက်အရွယ်ရှိတုန်း အခွင့်အရေးလေးတော့ ရယူစေချင်သည်။သူ့ခေါင်းထဲဝင်လာသည်မှာ အမသီတာ လက်ထဲမှာ ဖုန်းဝယ်ဖို့ရန် သူပေးထားသော ပိုက်ဆံ ။ထိုပိုက်ဆံကို ဖုန်းဝယ်မပေးတော့ဘဲ စာအုပ်အချို့ ဝယ်ပေးပြီးတာနှင့် လက်ကျန်ပိုက်ဆံကို ဇင် ကျောင်းစရိတ်အတွက် ပေးလိုက်ရင် ဇင့်အတွက် အဆင်ပြေလိမ့်မည်။နောက်ပိုင်း လတွေ သူရှာလို့ ရသည့် ပိုက်ဆံတွေကိုလည်း ဇင့် ကျောင်းစရိတ်အတွက်ပဲ သတ်မှတ်ထားရင် တနှစ်ပတ်လုံး ဇင် ကျောင်းတက်ရ အဆင်ပြေလိမ့်မည်။အတွေးနှင့်ပင် သူပျော်သွားသည်။"ကိုကြီးဧည့်သည် သားတို့ကျောင်းက ပြန်လာတော့ ဒေါ်ကြီးပုမ ဆိုင်ရှေ့က ဖြတ်တော့ ဒေါ်ကြီးပုမ ဒီဟင်းဗူး ပေးလိုက်တာ။ကိုဧည့်သည် ပေးတဲ့ ကန်စွန်းဥပြုတ် ကောင်းတယ်လို့ ပြောပေးပါလို့ ပြောလိုက်တယ်။"နေ့လယ်က ဒေါ်ကြီးပုမ ကို ကန်စွန်းဥပြုတ် ထည့်ပေးလိုက်သော ကော်ဗူးလေးကို ဧပရယ် က သူ့လက်ထဲသို့ လာထည့်ရင်း ပြောလေသည်။"ဪ....အေး""နေ့လယ်က ဒေါ်ကြီးပုမ လာသွားသေးလို့လား။"ဇင် က မေးခြင်းပင် ဖြစ်လေသည်?"ဟုတ်တယ်။အက်ႌလာအပ္တာ။ဒေါ်ကြီးပုမ အမဝမ်းကွဲ အလှူသွားမလို့တဲ့။အင်္ကျီအသစ် ဝတ်ချင်လို့ လာအပ်တာ။""အက်ႌလာအပ္တာပဲလား။တယောက်တည်း လာတာလား။ဒေါ်ကြီးပုမ သမီးကော ပါလာသေးလား။""ပါလာတယ်။တယောက်။အကြီးလား၊အငယ်လားတော့ သေချာမသိဘူး။""အကို့ ကို ဘာတွေပြောသေးလဲ။""ဒေါ်ကြီးပုမသမီးကလား။""မဟုတ်ဘူး။ဒေါ်ကြီးပုမ က။""အင်း...ပြောတာတော့ အစုံပဲ။"ဒေါ်ကြီးပုမ ပြောသမျှကို မချွင်းမချန် အကုန်ပြန်ပြောရသည်။ဒေါ်ကြီးပုမ စကားတွေသာ ကြားလျှင် ဇင် စိတ်တိုမည် ဆိုတာ သိပေမယ့် သူမပြောဘဲ ဒေါ်ကြီးပုမ ထံမှ ပြန်သိရလျှင် ပိုပြီး ဒေါသဖြစ်လိမ့်မည် ဆိုတာ သူသိနေ၍ မချွင်းမချန် ပြန်ပြောပြရခြင်းပင် ဖြစ်သည်။"ဘာ..ဒေါ်ကြီးပုမ က အဲ့လိုပဲ ပြောလား။"ဇင် ဒေါသထွက်သွားမှန်း သူသိသည်။"ဒေါ်ကြီးပုမ အကြောင်းလည်း သိရက်နဲ့။သူ့သမီး ကတော့ စိတ်မပါတဲ့ ပုံစံပါ။ဒါကလည်း ကာယကံရှင် ဆန္ဒမပါဘဲ လုပ်လို့ရတာမှ မဟုတ်ဘဲ။ဒေါ်ကြီးပုမ စိတ်ချမ်းသာသလို ပြောပါစေ ဆိုပြီး လွှတ်ထားလိုက်တာ။""ဒေါ်ကြီးပုမ သမီးက စိတ်မပါဘူးဆိုတော့ အကို က စိတ်ပါနေသလား။""ဟာ...မဟုတ်တာ။ပေါက်ပေါက်ရှာရှာ ဇင်ရာ။"ဇင် က ကြံကြံဖန်ဖန် ပြောပြီးရစ်ပါသည်။"အကို့ကို ကျွန်တော် ကြိုပြောထားမယ်နော်။အကို က လွတ်လပ်တဲ့သူ မဟုတ်ဘူး။တံဆိပ်ခတ်ပြီးသား။ဒေါ်ကြီးပုမ ပြောတိုင်း အားနာနာနဲ့ ခေါင်းလိုက်ညိတ်ဖို့ မစဉ်းစားနဲ့။မဟုတ်လို့ကတော့ ကျွန်တော့် အဆိုးမဆိုနဲ့။"ဇင် က သူ့ကို ပြောဆိုပြီးတာနှင့် ထိုင်နေရာမှ ထသွားသည်။ကလေးတွေကတော့ ဇင် ဘာပြောလိုက်သလဲ သေချာနားလည်မည် မထင်။ဇင် က ဖတ်ပြီးသော စာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင်ပြီး အိမ်ရှေ့ ရေကပြင်သို့ ထွက်သွားလေသည်။သူလည်း ဇင့်၏ ကျောပြင်ကိုသာ လိုက်ကြည့်ရင်း ဇင်ပြောလိုက်သော စကားကို အတွေးများချဲ့မိလေသည်။ဇင် က သူ့ကို တံဆိပ်ခတ်ပြီးသား ဟု ပြောသွားလေသည်။တံဆိပ်ခတ်ပြီးသားဆိုတော့ သူက နွားသတ်ရုံ ပို့မည့် နွားများလား။ဇင် ကတော့လေ စကားကို ပြောလိုက်မှဖြင့်...။21.4.2022 Thursday.6:00 pm.***********မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ။ဖတ်ရှုပေးသူ ချစ်မိတ်ဆွေ တဦး၊တယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက်ပါရှင့်။
أنت تقرأ
"ခိုင်မာနှောင်ကြိုး"
عاطفيةအားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိုင်မာနှောင်ကြိုး" လို့ အမည်ပေးထားပါတယ်။ ကိုယ်တိုင်ရေးသားထားသော own creation ဖြစ်ပါတယ်။Boy Love Fiction ဖြစ်ပါတယ်။ ဖတ်ရှု၊ဝေဖန်၊သုံးသပ် ပေးပါ...