Vol 3 : Chapter 14

3.7K 439 13
                                    

< Zawgyi >

ယုဇီကျွေး ၏ မသိမသာ ပြောင်းလဲသွားသည့် အမူအရာကို တွေ့လိုက်ရသောအခါ လင်းရှ သည် အလိုလို မေးကြည့်လိုက်မိ၏။

" ဘာဖြစ်လို့လဲ ? "

ယုဇီကျွေး သည် အေးအေးသက်သာနှင့်ပင် သူ၏ ချိပ်ပိတ်စာလွှာပို့ဆောင်သည့် စက်ကို ပြန်သိမ်းလိုက်ပြီးနောက် ပြောလာလေသည်။

" ဒီအတိုင်းပါပဲ ... "

သူပြော၍မဆုံးသေးမီမှာပင် မိုးကြိုးချိန်းသံပမာ အသံကျယ်ကြီးသည် ကောင်းကင်ထက်တွင် ပျံ့လွင့်လာလေ၏။ ကြည့်ရသည်မှာတော့ ဆုန်းရှောင်ဟူ ၏ အသံလိုပင်။ လင်းရှ ၏ နားများမှာ ထိုအသံကျယ်ကြောင့် တဝီဝီပင် မြည်သွားရချေ၏။

"  ငါနဲ့စကားလာပြောစမ်း ယုဇီကျွေး ! ငါ မင်းနဲ့တွေ့လို့မရတဲ့ နေရာတွေမှာ ပုန်းမနေစမ်းနဲ့ ! ငါ၊ ဆုန်းရှောင်ဟူ က သေချာပေါက် မှော်နက်ဂိုဏ်းထဲကို အခုချက်ချင်းပဲ ဖောက်ဝင်လာခဲ့မယ် ! မင်း ငါ တားမြစ်အစီအရင် ဆယ်ခုကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့အထိပဲ စောင့်နေလိုက်စမ်းပါ ! "

လင်းရှ ၏ နှုတ်ခမ်းထောင့်စွန်းများက တုန်ယင်သွားရ၏။ ဆုန်းရှောင်ဟူ သည် ဂိုဏ်းအတွင်းသို့ ဖောက်ဝင်လာခဲ့ပြီးပြီဖြစ်သည်မှာ သိသာလှပေသည်။ ဆုန်းရှောင်ဟူ ထံတွင် အဝေးမှနေ၍ အသံထုတ်လွှင့်နိုင်သည့် စက်ကိုပိုင်ဆိုင်သော ရှာင်ဟုန်ယု ဆိုသည့် ညီငယ်တစ်ယောက်ရှိလေရာ သူသည် ထိုစက်ကို သုံးနေခြင်းပင် ဖြစ်ရပေမည်။

လင်းရှ သည် လက်ကို အောက်ချလိုက်ပြီးနောက် ပျော်ရွှင်အံ့အားသင့်သွားရသည့် လေသံဖြင့် ဆိုလိုက်မိ၏။

" အားကျွေးရှာင်ဟူ က ဒီကိုလာနေတာလား ? "

ယုဇီကျွေး သည် မျက်ခုံးများကို မသိမသာ စုကျုံ့လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလာလေသည်။ သူသည် သဘာဝကျကျပင် လင်းရှ အား ထိုအကြောင်းကို မသိစေချင်ပေ။

ဆုန်းရှောင်ဟူ ဒီကိုလာရသည့်အကြောင်အရင်းကိုမူ …  သူခန့်မှန်းနိုင်ပေသည်။ ဆုန်းရှောင်ဟူ သည် သူ့အား သူတော်ကောင်းကျင့်ကြံရေးလမ်းသို့ ပြန်ရောက်စေရန် သူ၏ တုံးအပြီး အဓိပ္ပါယ်မရှိသည့် အတွးအခ်ါမျိုးဖြင့် ပြန်သိမ်းသွင်းလိုနေခြင်းသာဖြစ်၏။ သူယခင် ဆုန်းရှောင်ဟူ နှင့် ထိပ်တိုက်တွေ့ခဲ့ရစဉ်က နှစ်ဖက်စလုံး တိုက်ပွဲကြောင့် အထိနာခဲ့ရလေသည်။ ဆုန်းရှောင်ဟူ ၏ ထိုသို့ခေါင်းမာကာ အလွှတ်မပေးတတ်ပုံကို ပြန်တွေးကြည့်ရုံနှင့်ပင် သူ့စိတ်မှာမကြည်မသာ ဖြစ်လာရ၏။ သို့သော်လည်း အရေးအကြီးဆုံးမှာ သူ ယခင်နှစ်များအတွင်း လုပ်ခဲ့သည့် ကိစ္စများကို ဆုန်းရှောင်ဟူ မှ သူ့ကိုယ်ပိုင်ပါးစပ်ဖြင့် လင်းရှ အား ထုတ်ပြောလာမည်ကို မလိုချင်ပေ။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now