Vol 1: Chapter 12

4.2K 887 21
                                    

<Zawgyi>

ယုဇီကျွေး သည် ထောင့်နားလေးတွင်ပင် ငြိမ်သက်စွာ ကုပ်ကုပ်ကလေး ဆောင့်ကြောင့်ထိုင်နေသော်ငြား လက်သီးနှစ်ဖက်ကိုမူ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲဖြစ်ကာ သူ၏ ရှည်လျားနက်မှောင်လှသည့် ဆံပင်များကလည်း အစောက သတ်ပုတ်မှုကြောင့် ပြေသွားခဲ့ပြီး ရေတစ်စက်စိုလျှက် မျက်နှာတွင် ကပ်ငြိနေပေ၏။ သူသည် လင်းရှ ကို သတိထားမိသွားသော အခါတွင်မူ ထိတ်လန့်သွားသည့် ဝံပုလွေပေါက်လေးတစ်ကောင်အလား မိမိကိုယ်ကို ဘောလုံးတစ်လုံးပမာ ပို၍ ကျုံ့လိုက်သည်။ သူ၏ ရှုပ်ပွကပ်ငြိနေသည့် ဆံပင်များနောက်မှ မျက်လုံးအစုံမှာလည်း မသင်္ကာမှု နှင့် သတိအပြည့်ဖြင့် လင်းရှ ကို စူးစိုက် ကြည့်လာပေသည်။ ယုဇီကျွေး ၏ အသက်ရှုသံများမှာ မကျယ်လောင်လှသော်လည်း အသက်ကို ခက်ခက်ခဲခဲ ရှုနေရသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ကြီးမားလှသည့် အကြောက်တရားမှ ယခုထိ ရုန်းမထွက်နိုင်သေးကြောင်းကို ခန့်မှန်းမိနိုင်သည်။

လင်းရှ သည် ထိုမြင်ကွင်းကို မြင်ရသောအခါ သူ၏ နှလုံးသားပင် အနည်းငယ် တင်းကျပ်သွားသယောင် ခံစားလိုက်မိ၏။ သူသည် ပါးစပ်မှ လေသံဖျော့ဖျော့ဖြင့် နှစ်သိမ့်ရင်း ဂရုတစိုက်နှင့် ယုဇီကျွေး အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

" အားကျွေး၊ အရမ်းမကြောက်ပါနဲ့။ မင်းလုပ်ခဲ့တာက မမှားပါဘူး။ မင်းက အကိုနဲ့ ဆုန်းရှောင်ဟူ ကို ကယ်ခဲ့တာပဲလေ။ "

သူသည် ထိုစကားလုံးများကို ထပ်ကာထပ်ကာ ပြောရင်း ယုဇီကျွေး အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ငြိမ်သက်အေးဆေးသည့် မျက်နှာအမူအရာဖြင့် ထိုကလေးကို မျက်နှာချင်းဆိုင်လိုက်၏။

ယုဇီကျွေး သည် ခပ်အက်အက် အသံနှင့် ပြန်ဖြေလာသည်။

" တကယ်လား ? ဒါပေမယ့် သူသေသွားတာက ... ... "

ထိုအခိုက်အတန့်မှာပင် ယုဇီကျွေး သည် သူ့လက်ကို ဓားနှင့် ထိုးခံရစဉ်က ခံစားခဲ့ရသည့် ကြောက်စရာကောင်းလှသော နာကျင်မှုကို ပြန်တွေးမိသွားရာ သူ၏ လက်ဖဝါးမှ နှလုံးသွေးတဒုတ်ဒုတ် ခုန်နေသည်ကိုပင် အလိုအလျောက် ခံစားမိလိုက်ရသည်။ သူသည် ထိုခံစားချက်ကို ကြောက်ရွံ့မှု၊ သို့မဟုတ် နာကျင်မှု ဟု အမည်တပ်ရမည်လား မသဲကွဲသော်လည်း သေချာသည်မှာ ထို ခံစားချက်သည် ကျန်အရာများအားလုံးထက် ရွံရှာဖွယ် ကောင်းသည် ဆိုသည်ကိုပင်။ ထို အော့နှလုံးနာစရာကောင်းလှသည့် ခံစားချက်ကြီးမှာ သူ၏စိတ်အတွင်းတွင် တစ်ခေါက်ပြီး တစ်ခေါက်၊ တစ်ခေါက်ပြီးတစ်ခေါက် အသစ်ပြန်လည်ဖြစ်'ဖြစ်နေကာ အဆုံးမရှိ ထပ်ပြန်ကျော့နေသည့် အိပ်မက်ဆိုးတစ်ခုအလား သူ့ကို ခြောက်လှန့်နေပေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now