Part 3

7.3K 729 27
                                    

ယုဒ္ဓဓနု နဖူးတွင်ချွေးစက်တို့တွဲခိုနေ၏။‌မှောင်ရိပ်သန်းလာပြီ ဖြစ်သော်ငြား ယုဒ္ဓဓနု လက်မလျှော့နိုင်ပေ။ယုဒ္ဓဓနု ကျောက်စွန်းတစ်ခုကို ကိုင်လိုက်ကာ တောင်စောင်းကိုကုပ်တွယ်တက်လိုက်သည်။ဒေဝဒါရုတောင်ကား တကယ်ပင်မြင့်မားလွန်းလှသည်။ယုဒ္ဓဓနု အောက်ကိုငုံ့ကြည့်လိုက်တော့ ချောက်နက်ကြီးကိုမြင်ရ၏။ယုဒ္ဓဓနု ရင်ထဲလှပ်ခနဲ အေးသွားသည်။ယုဒ္ဓဓနု အသက်ပြင်းပြင်းရှူကာ နောက်ကျောက်စွန်းတစ်ခုထံခြေတင်လိုက်သည်။ယုဒ္ဓဓနု လက်များသည်ကြိမ်ဖန်များစွာ ကုပ်တွယ်တက်ခဲ့ရသောကြောင့် နာကျင်နေသည်။တောက်တစ်ဝက်ပင်မရောက်သေး။ကျောက်တောင်ထူထပ်များပြားတာကြောင့် ယုဒ္ဓဓနုလက်ဖဝါးများမှာ ပေါက်ပြဲ၍သွေးစို့နေလေပြီ။

ယခုမှ ဝမ်းကဆာလောင်လာသည်။တစ်နေ့လုံး တောထဲတွင်အချိန်ကုန်ပြီး ပွဲတော်မတည်ခဲ့သည့်ယုဒ္ဓဓနုသည် အားအင်ကုန်ခမ်းလာချေပြီ။လက်များသည် တဖြည်းဖြည်းလေးလံလာသည်။တောင်ထက်တွင်အေးစိမ့်သည့်လေ တိုက်ခတ်နေသော်ငြား ယုဒ္ဓဓနု တစ်‌ကိုယ်လုံးကတော့ချွေးတို့ဖြင့်စိုစွတ်နေ၏။ခေါင်းပေါင်းပဝါစသည်လည်း တဖြည်းဖြည်းပြေလျော့လာသည်။ယုဒ္ဓဓနု ပဝါစကိုမသိမ်းအား။ကျောက်တောင်တစ်ခုထံတွင်သာ ခြေချလိုက်သည်။

လေပြင်းတစ်ချက်တိုက်ခတ်လာသည်။ယုဒ္ဓဓနု ခေါင်းမှပဝါကပြေလျော့ကျသွားသည်။ယုဒ္ဓဓနု မဖမ်းနိုင်လိုက်။အဝါရောင်ပဝါစသည် ‌တိုက်လေနှင့်အတူ ‌အဝေးကိုလွှင့်ပျံသွားသည်။ယုဒ္ဓဓနု ပဝါစလွှင့်သွားသည်ကို လှည့်ကြည့်သည်။တစ်စတစ်စမှောင်ရိပ်ခိုလာပြီဖြစ်သည့် တောင်ပေါ်တွင် မြင်ကွင်းအား ရှင်းရှင်းလင်းလင်းမမြင်ရ။ပြုတ်ကျလျှင် အရိုးအသားများ စိစိညက်ညက်ကြေသွားမည်ကိုသာ သိသည်။

ယုဒ္ဓဓနု ကေသာများ မျက်နှာပေါ်အုပ်ကျလာတော့ ယုဒ္ဓဓနု ခေါင်းကိုအတင်းခါယမ်းပစ်လိုက်သည်။ကေသာသည်ခါးထက်တွင်ဝဲပျံနေသည်။ယုဒ္ဓဓနု စိတ်ကိုတည်ငြိမ်အောင်ထားကာ တောင်ပေါ်ဖြည်းဖြည်းချင်းတက်သည်။ခရီးတွင်သည် မတွင်သည်ကို သေချာမသိရတော့။အထက်ကိုသာဆက်တက်နေသည်။သန်းခေါင်မရောက်ခင် တောင်ထိပ်ရောက်မှဖြစ်မည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now