Part 12

5K 476 16
                                    

ဒီပါ သဝဏ်လွှာလေးကိုကိုင်ကာ ဧည့်နန်းဆောင်အတွင်းဝင်လာသည်။ဧည့်နန်းဆောင်အတွင်းရှိ ကိုးတောင်ခန့်ရှည်လျားသော ကျွန်းသလွန်ကြီးပေါ်တွင် အိမ်ရှေ့စံနှင့်သုမဏိရှင်က စစ်တုရင်ခုံလေး၏ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေပြီး စစ်တုရင်ကစားနေသည်။ဝက်ဝံဆီမီးတိုင်က ဧည့်ခန်းဆောင်တစ်ခုလုံးကို အလင်းပေးထားပြီး ဝါကြင်ကြင်မီးရောင်အောက်တွင် အိမ်ရှေ့စံနှင့်သုမဏိရှင်က ခံ့ညားထည်ဝါသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

အိမ်ရှေ့စံ၏မျက်ခုံးနှစ်ဖက်က တစ်ခုနှင့်တစ်ခု ထိကပ်တော့မယောင် နီးစပ်နေပြီး စစ်တုရင်ခုံလေးကိုသာ စူးစိုက်ကြည့်နေသည်။အိမ်‌ရှေ့စံက တင်ပလ္လင်ခွေထိုင်ထားပြီး ပိုးတောင်ရှည်ပုဆိုးခါးပုံစက သလွန်ပေါ်မှ ကျနေသည်။‌နံ့သာရောင်ပိုးကိုယ်ဝတ်က လျော့ရဲနေပြီး လည်တိုင်မှ ‌ပတ္တမြားဘယက်က မီးရောင်အောက်တွင် တလက်လက်တောက်ပနေသည်။အိမ်ရှေ့စံ မျက်နှာလေးက ရှင်းသန့်ချောမောနေကာ မြင့်မြတ်တော်ဝင်ဆန်သည့် အရှိန်အဝါက ပျံ့နှံ့နေသည်။

သုမဏိရှင်က သလွန်ပေါ်မှ ခြေထောက်တစ်ဖက်ချထားကာ ကျန်ခြေထောက်တစ်ဖက်ကတော့ ဒူးထောင်ထားသည်။သုမဏိရှင် ဒူးထောက်ထားသည့်ခြေတစ်‌ဖက်ပေါ်တွင် လက်ကိုပျင်းတိပျင်းရွဲတင်ထားပြီး လက်ထဲမှ ဓားမြှောင်ကို လှည့်ကာလှည့်ကာဆော့ကစားနေသည်။သုမဏိရှင် လက်ကောက်ဝတ်မှ ရွှေလက်စည်းက ပြိုးပြိုးပြက်ပြက်။

သုမဏိရှင်၏‌ဆံပင်တွေက နဖူးသင်းကျစ်ဝတ်ဆင်ထားသော်ငြား ပခုံးထက်သို့ အရိုင်းဆန်စွာ ပြန့်ကြဲကျနေသည်။ကြက်သွေးရောင်ပိုးကိုယ်ဝတ်က အိမ်ရှေ့စံ နည်းတူ လျော့‌ရဲနေပြီး သန်မာသည့်ရင်အုပ်ကြွက်သားများကို အင်အားအပြည့်ဖြင့် လှစ်ပြထားသည်။သုမဏိရှင်၏အကြည့်များက အိမ်ရှေ့စံရဲ့မျက်နှာပေါ်တွင်သာ မြဲမြံစွာတည်ရှိနေပြီး နှုတ်ခမ်းထောင့်များကတော့ အနည်းငယ်ကော့တက်နေသည်။

သည်ကမ္ဘာပေါ်ရှိ မည်သည့်အရေးအရာမျိုးကမှ အရေးမပါသလိုမျိုး အိမ်ရှေ့စံနှင့်သုမဏိရှင်၏ပတ်ဝန်းကျင်လေးက လိုက်လျောညီထွေဖြစ်စွာ နူးညံ့နွေးထွေးနေသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now