Part 23

3.7K 406 10
                                    

ယုဒ္ဓဓနု ခေါင်းကို ခပ်ကြမ်းကြမ်းခါကာ ကျောက်ခေါင်းတလားထဲမှ ရုပ်အလောင်းကို ပြန်ကြည့်သည်။ရုပ်အလောင်း၏မျက်ခုံး၊နှာခေါင်း၊နှုတ်ခမ်းများက ယုဒ္ဓဓနုနှင့်တစ်ထပ်ထဲ။ဖြူစွတ်စွတ်မျက်နှာက သွေးရောင်ကင်းမဲ့နေသည်။အသားအရည်ကလည်း ခြောက်သွေ့နေ‌သည်။ယုဒ္ဓဓနု အသိစိတ်တွေက လွတ်ထွက်သွားချေပြီ။ယုဒ္ဓဓနု ဘာကိုမှ မတွေးတောနိုင်တော့ပေ။

မဏိရု ထိုရုပ်အလောင်းရဲ့လက်ဖမိုးများကို အသာအယာပွတ်သပ်သည်။မဏိရု ဂရုတစိုက်ပွတ်သပ်လိုက်တော့ ရုပ်အလောင်းက အနည်းငယ်သွေးရောင်သန်းလာသည်။သွေးဆုတ်‌ဖြူရော်နေခဲ့သည့် မျက်နှာလေးက ဝင်းဝါလာသည်။

ယုဒ္ဓဓနု နားလည်လိုက်သည်။မဏိရုက ကိန္နရာတို့၏ဒဏ်ရာကုသနိုင်သည့်စွမ်းအင်ကို သုံးကာ ရုပ်အလောင်းမပုတ်မသိုးအောင် ပြုလုပ်နေခြင်း။

ယုဒ္ဓဓနု မဏိရုကို တောင့်တင်းစွာကြည့်လိုက်သည်။အနက်ရောင်မျက်နှာဖုံးကြောင့် မဏိရု မျက်နှာအနေအထားကို မမြင်ရသော်လည်း အလွန်ဂရုတစိုက်ထိတွေ့နေပုံက သိသာထင်ရှားသည်။မဏိရုက ထိုရုပ်အလောင်းကို ရတနာလေးအလား ယုယကြင်နာစွာ ထိတွေ့နေသည်။

ကျောက်ခေါင်း‌တလားထဲမှ အလောင်းကောင်ကို အသက်ရှိနေသည့်လူတစ်ယောက်က မက်မက်မောမော ယုယနေပုံက ယုဒ္ဓဓနုလို စစ်ပွဲများစွာ အနိုင်တိုက်ခဲ့သည့် စစ်ဘုရင်တစ်ပါးကိုပင် ကျောရိုးတစ်လျှောက်အေးစိမ့်သွားစေသည်။ယုဒ္ဓဓနု ပင့်သက်ရှိုက်လိုက်သည်။

"မဏိရု"

မဏိရုက ယုဒ္ဓဓနုကို လှည့်ကြည့်လာသည်။ပြီးမှ ရုပ်အလောင်းကို ပြန်ကြည့်သည်။

"အဲ့ဒီသူ သူက ဘယ်လောက်ကြာပြီလဲ"

ယုဒ္ဓဓနု ရုပ်အလောင်းကို ဘယ်လိုခေါ်ရမှန်းမသိ၍ သူလို့ သုံးနှုန်းလိုက်သည်။မဏိရုက ရုပ်အလောင်းထံ အကြည့်ရောက်သွားပြန်သည်။

"နှစ်ပေါင်း ရှစ်ရာ"

မဏိရုက ပြောပြီး ရုပ်အလောင်းကို စကားဆက်ပြောပြန်သည်။

"အချစ် ဒီကနေ့ ကျွန်ုပ်လာတာ နောက်ကျသွားတယ် အသားအရည်လေးက နည်းနည်းတောင်ခြောက်သွေ့နေပြီ"

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now