Part 5

6.6K 627 6
                                    

ယုဒ္ဓဓနု ကိန္နရာကိုမျက်ခုံးတစ်ဖက်ပင့်ကာကြည့်ပြီး တောင်အောက်ဆင်း၏။ကိန္နရာက ယုဒ္ဓဓနုကိုဆွေ့ခနဲပွေ့လိုက်သည်။ယုဒ္ဓဓနု လန့်ဖျတ်သွားပြီး ကိန္နရာကိုခပ်တင်းတင်းဖက်လိုက်သည်။ယုဒ္ဓဓနု နားထဲလေတိုးသံသာကြားရပြီး မျက်လုံးမှိတ်ကာ ကိန္နရာရဲ့ရင်ပြင်ကျယ်ထဲတိုးဝှေ့လိုက်သည်။

သုမဏိရှင် ပြုံးကာတောင်ပံကိုအားထည့်ခတ်သည်။ချစ်ရသူလေးကရင်ခွင်ကိုတိုးဝှေ့နေတော့ သုမဏိရှင် နှုတ်ခမ်းထောင့်တို့ကကော့တက်လာသည်။သည်လို ရင်ခွင်ထဲတိုးဝှေ့နေသည့်အချစ်ကလေးရှိတာ ဘယ်လောက်ကံကောင်းလိုက်သလဲ။

တောင်အောက်ကိုခဏလေးအတွင်းရောက်သွားသည်။သုမဏိရှင် ယုဒ္ဓဓနုကိုမြေပြင်ပေါ်ချပေးတော့ ယုဒ္ဓဓနုက ချက်ချင်းလေချွန်သည်။သိင်္ခပြေးလာသည်ကို မြင်လိုက်ရသည်။ယုဒ္ဓဓနု မြင်းဇက်ကြိုးကိုဆွဲကာ သိင်္ခပေါ်လွှားခနဲခုန်တက်ပြီးဇက်ကြိုးကိုဆောင့်ဆွဲသည်။သိင်္ခကအရှိန်နှင့်ပြေးသည်။ကိန္နရာကတောင်ပံဖြူကြီးကိုတဖျတ်ဖျတ် ခတ်ကာ ယုဒ္ဓဓနုနှင့်မနီးမဝေးမှ ပျံသန်းလိုက်ပါလာသည်။

နေကားစူးရှတောက်ပလာသည်။‌ဒေဝဒါရုတောင်မှ ဝေဠု‌ဒီပေါတောအုပ်ကို သွားရာလမ်းတစ်လျှောက်တွင်ကား အပင်ကြီးများမရှိ။သုမဏိရှင် တောင်ပံကိုဖြန့်ကားကာ အထက်မှလေဟုန်စီးရင်း မင်းသားငယ်ကိုနေရောင်မကျရောက်အောင် ကာကွယ်ထားသည်။မင်းသားငယ်လေးကိုယ်ပေါ်ကျရောက်နေသည့် သူ့အရိပ်ကို ကြည့်ပြီး သုမဏိရှင် ရင်ထဲကြည်နူးရသည်။ဝေဠုဒီပေါတောအုပ်ကိုဖြတ်သန်းကာ မြို့ရိုးကိုမြင်ရသည်။ယုဒ္ဓဓနု မြင်းဇက်ကိုဆွဲကာ ရပ်လိုက်၏။သိင်္ခက ရှေ့ခြေ‌နှစ်ချောင်းကိုမြှောက်ကာ ဟီလိုက်ရင်း ရပ်လိုက်သည်။ယုဒ္ဓဓနု မြင်းကိုခပ်သော့သော့လေးစီးကာ မြို့ရိုးမုခ်ဝကိုသွားလိုက်သည်။

မုခ်ဝမှ စစ်သည်များက ယုဒ္ဓဓနုကိုမြင်တော့ အနားကိုရောက်လာ၏။ယုဒ္ဓဓနု မြင်းပေါ်မှခုန်ဆင်းကာ စစ်သည်လက်ထဲ  ဇက်ကြိုးထည့်ပေးသည်။သာမာန်ထက်အစောင့်အကြပ်များပြားနေတာကြောင့် ယုဒ္ဓဓနု စစ်သည်ကိုမျက်ခုံးပင့်၍ကြည့်လိုက်သည်။
စစ်သည်က ယုဒ္ဓဓနု အကြည့်ကိုနားလည်သည့်အလား ဦးညွှတ်၍ဖြေသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now