Part 1

16K 1K 27
                                    

ကောင်းကင်တစ်ခွင် မိုးကြိုးလျှပ်စီးများဖြင့် လင်းလက်နေသည်။ကောင်းကင်သည် ဒေါသူပုန်ထသည့်နှယ် ဟိန်းဟောက်နေ၏။လျှပ်စီးတစ်ချက်လက်သွားတိုင်း ဝေဠုဒီပေါတိုင်းပြည်တစ်ခွင် ကြောက်မက်ဖွယ်လင်းလက်သွားသည်။မိုးထစ်ချုန်းသံက မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။လေပြင်းကအစချီနေပြီး သစ်ပင်ကြီးများကယိမ်းနွဲ့နေသည်။ဝါးတောကြီးများသည် လေပြင်းကြောင့်ဖရိုဖရဲလဲကျကုန်သည်။မြစ်ကမ်းစပ်မှ ‌လှေကြီးများသည် တိုက်လေကြောင့် အချင်းချင်းတွန်းတိုက်ကုန်သည်။မြစ်‌ရေပြင်ကား‌ ဘောင်ဘင်ခတ်လျက် ကမ်းစပ်ကိုတဝုန်းဝုန်းရိုက်ခတ်နေသည်။မိုးစက်မိုးပေါက်များကတစ်ပေါက်ချင်း ကျလာ၏။မြေပြင်က တစ်ခဏတွင်းစိုစွတ်သွားသည်။

သုမဏိရှင် ကျောမှတောင်ပံများကိုဖြန့်ကားလိုက်သည်။သုမဏိရှင်ရဲ့တောင်ပံများက ပုံမှန်ဒေဝကိန္နရာများနှင့် ခြားနားစွာ ‌ဆွတ်ဆွတ်ဖြူနေသည်။သုမဏိရဲ့ဆံနွယ်များသည် တိုက်လေနှင့်အတူ ရှုပ်ထွေးစွာလွင့်ဝဲနေသည်။သုမဏိရှင် ရွှေနဖူးသင်းကျစ်နှင့် ဆံနွယ်များကိုထုံးဖွဲ့လိုက်သည်။သုမဏိရှင် ခေါင်းမှရွှေနဖူးသင်းကျစ်က တဖျပ်ဖျပ်တောက်ပနေ၏။နားမှ ပတ္တမြားနားတောင်းကမီးတောက်သဖွယ်။

ကောင်းကင်မှ လျှပ်စီးတစ်ချက်လင်းလက်သွားသည်။သုမဏိရှင်၏‌ပတ္တမြားရောင်အေးစက်စက်မျက်လုံးများက လျှပ်စီးရောင်အောက်တွင် မီးတောက်သဖွယ် ရဲရဲနီနေ၏။သုမဏိရှင်၏မျက်လုံးများသည် နှစ်ပေါင်းခုနစ်ရာအတွင်း ပထမဆုံးအကြိမ်အဖြစ်အသက်ဝင်လာသည်။သုမဏိရှင် မိုးနံ့သင်းသောလေကို တစ်ဝကြီးရှိုက်သွင်းလိုက်သည်။

သုမဏိရှင် တောင်ပံကိုဖြန့်ကျက်ရင်း ဒေဝဒါရုတောင်ထိပ်မှ ကောင်းကင်ရှိတိမ်တိုက်များထဲသို့ ပျံသန်းသွားသည်။လေအဟုန်ကိုခွင်းပြီး တောင်ပံခတ်သံက အရှိန်အဟုန်အပြည့်။လျှပ်စီးလက်လိုက်တိုင်း သုမဏိရှင် ကိုယ်ခန္ဓာပေါ်မှ ရွှေစလွယ်၊ဒွါဒရာများက တလက်လက်။မိုးစက်များက သုမဏိရှင် တောင်ပံများကို စိုစွတ်လေးလံစေသည်။အေးစိမ့်သောမိုးစက်များသက်ဆင်းနေသည့်ကြားမှ သုမဏိရှင် နဖူးစပ်တွင် ချွေးစက်များတွဲခိုနေသည်။သို့သော် သုမဏိရှင် မမှု။တောင်ပံကိုအားမာန်အပြည့်ခတ်ကာ ဝေဠုဒီပေါ နန်းတော်အတွင်းသို့ သက်ဆင်းသွားသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now