Part 27

3.8K 402 40
                                    


မိုးစက်မိုးပေါက်များ မြေပြင်ပေါ်သို့ တရကြမ်းဆင်းသက်လာသည်။မြေပြင်အနှံ့ တစ်မဟုတ်ချင်း စိုစွတ်သွားပြီး မိုးသံများဖြင့် ဆူညံနေသည်။သုမဏိရှင် တောင်ပံတစ်စုံကို ဖြန့်ကားကာ ယုဒ္ဓဓနုအား မိုးရေမထိစေရန် ကာကွယ်ထားသည်။

သုမဏိရှင် မျက်လုံးများက မိုးကြမ်းလေးကြမ်းကြားထဲတွင် ရဲတောက်နေကာ လျှပ်တစ်ချက် ပြိုးပြက်သွားတိုင်း သွေးဆာဟန် ကြောက်မက်ဖွယ်ကောင်းနေ၏။သုမဏိရှင်က မကြာခင် မုန်တိုင်းထန်တော့မည့် ပင်လယ်ပြင်ကြီးလို တိတ်ဆိတ်နေသည်။အန္တရာယ်ကြီးမားသည့် အရှိန်အဝါများက သုမဏိရှင် တစ်ကိုယ်လုံးမှ စိမ့်ထွက်နေသည်။

သုမဏိရှင် ဓားမြှောင်ကို ကိုင်လိုက်သည်။သုမဏိရှင်က အလွန်လေးနက် ခက်ထန်သည့် မျက်နှာထားဖြင့် ယုဒ္ဓဓနု ဘယ်လက်ကလေးကို ဆွဲယူသည်။

ယုဒ္ဓဓနု သုမဏိရှင်၏အကြည့်ကြောင့် ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။

သုမဏိရှင် ယုဒ္ဓဓနု၏ဘယ်လက်ဖဝါးပေါ်ရှိ လက်မကို ဝှိုက်ထားသည့်အသက်လမ်းကြောင်းမျဉ်းအဆုံးမှစပြီး လက်ကောက်ဝတ်အထိ ဓားမြှောင်ထိပ်ဖျားဖြင့် လှီးလိုက်သည်။

ယုဒ္ဓဓနု လက်ဖဝါးတွင် စူးခနဲတစ်ချက်နာကျင်သွားပြီး သွေးရနံ့က လေထုထဲပျံ့နှံ့လာသည်။ယုဒ္ဓဓနု ဘယ်လက်ဖဝါးတွင် နှစ်လက်မခန့်ရှည်သော ဓားရှဒဏ်ရာရှိသွားပြီး ဒဏ်ရာမှ သွေးများယိုစီးကျလာသည်။ယုဒ္ဓဓနု ကြောင်အသွားကာ မျက်လုံးများ ပြူးကျယ်လာသည်။

သုမဏိရှင် ယုဒ္ဓဓနု လက်ကိုကိုင်ကာ ဒဏ်ရာအား လျှာဖြင့်လျက်သည်။ကြောင်ကလေးတစ်ကောင်က သူ့လက်ဖဝါးကို လျက်သလို နူးညံ့ညင်သာသည်။

"အသင် သင်...ဘာလုပ်...."

ယုဒ္ဓဓနု စကားလုံးများက ထစ်ငေါ့စွာထွက်ပေါ်လာသည်။သုမဏိရှင် ယုဒ္ဓဓနုကို စကားတုံ့ပြန်မပြောဘဲ ပါးပြင်လေးကိုသာ တယုတယနမ်းရှိုက်သည်။

သုမဏိရှင် ဓားမြှောင်ကို နောက်တစ်ကြိမ်ထပ်ကိုင်လိုက်ပြီး သူ့ဘယ်လက်ဖဝါးပေါ်ရှိ အသက်လမ်းကြောင်းမျဉ်းအဆုံးကို အကြိမ်ကြိမ် အခါခါ ဓားမြှောင်နှင့် မွန်းသည်။သုမဏိရှင်ကမျက်တောင်တစ်ချက်မခတ်ပေ။နာကျင်မှုကို လုံးဝမခံစားရသည့်အလား လက်ဖဝါးကိုသာ ဓားဖြင့် ထပ်ခါထပ်ခါ မွန်းနေသည်။သွေးများက မိုးရေများနှင့်ရောနှောသွားပြီး အသက်လမ်းကြောင်းမျဉ်းအဆုံးမှာ ပုံပန်းသဏ္ဌာန် ပျက်စီးသွားရသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now