Part 22

3.5K 382 5
                                    

လပြည့်နေ့ ဆည်းဆာတွင်။

မဏိရု  ဖြူစွတ်စွတ်ပိုးကိုယ်ဝန်နှင့်ဖြူလွှလွှတောင်ရှည်ပုဆိုးကိုယူကာ ရွှေလှောင်အိမ်အတွင်းဝင်လာခဲ့သည်။ယုဒ္ဓဓနု မဏိရုကို အေးစက်စက်ကြည့်သည်။မဏိရုက အနက်ရောင်ကိုယ်ဝတ်ကို ဝတ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးကို တပ်ဆင်ထားတာကြောင့် မျက်နှာအနေအထားကို ခန့်မှန်း၍မရပေ။မျက်နှာဖုံးအောက်မှ မျက်ဝန်းတွေကတော့ လေးနက်နေသည်။မဏိရု ဆံပင်များက ယုဒ္ဓဓနုကဲ့သို့ ထုံးဖွဲ့မထားဘဲ မြင်နေကျအတိုင်း ခပ်ပြေပြေ ချထားသည်။

"အိမ်ရှေ့စံ ဒါကို လဲဝတ်လိုက်ပါ"

ယုဒ္ဓဓနု ခေါင်းညိတ်သည်။မဏိရု ရွှေလှောင်အိမ်အပြင်ထွက်သွားသည်။ယုဒ္ဓဓနု ပိုးကိုယ်ဝတ်ကို လဲလည်ဝတ်ဆင်သည်။အဖြူရောင်ပိုးကိုယ်ဝတ်က သိပ်ကို နူးညံ့သည်။ယုဒ္ဓဓနု ခန္ဓာကိုယ်နှင့်တစ်ထပ်ထဲဖြစ်ပြီး သက်တောင့်သက်သာရှိသည်။

မဏိရုက ပြန်ဝတ်လာပြီး ‌ရွှေကြိုးနှင့်ယုဒ္ဓဓနု လက်များကို ခတ်သည်။မဏိရု  ယုဒ္ဓဓနု၏ဦးခေါင်းထံ လက်လှမ်းကာ ခေါင်းပေါင်းပဝါစကို ဆွဲဖြည်လိုက်သည်။‌ ယုဒ္ဓဓနု၏ကေသာများမှာ ပခုံးထက်သို့ ပြေကျလာသည်။ယုဒ္ဓဓနု မျက်လုံးကမီးဝင်းဝင်းတောက်သွားသည်။

"သင် ဒါဘာလုပ်တာလဲ"

"ဆံပင်ချထားတာ ပိုသင့်တော်တယ်"

ထို့နောက် မဏိရု ရွှေလှောင်အိမ်တံခါးကို ဖွင့်ပြီး ယုဒ္ဓဓနုကို သူ့နောက်မှ လိုက်စေသည်။ယုဒ္ဓဓနု အံတင်းတင်းကြိတ်ကာ မဏိရုနောက်မှ လိုက်သွားသည်။ညနေဆည်းဆာချိန်တွင် တိမ်လိပ်ကလေးများမှာ လိမ္မော်ရောင်သန်းနေပြီး ယုဒ္ဓဓနုနောက်မှ တကောက်ကောက်လိုက်နေသည်။

မဏိရုက နန်းတော်အနောက်ကို ဦးတည်သည်။ယုဒ္ဓဓနု နန်းတော်တွင်းကို ဝေ့ဝဲကြည့်သည်။နန်းတော် အနောက်ပိုင်းတွင် လူတစ်ဦးတစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်နေ၏။ယုဒ္ဓဓနု အနည်းငယ် အံ့အားသင့်သွားသည်။

မဏိရု ခြေလှမ်းများရပ်တန့်လိုက်သည်။ယုဒ္ဓဓနု ရှေ့တွင် ကြီးမားသည့်မျှော်စင်ကြီးရှိသည်။မျှော်စင်အခြေတွင် အနီ‌စွေးစွေးအရောင်များသုတ်လိမ်းထားပြီး မျှော်စင်ထုထည်က ကြီးမားခံ့ထည်သည်။မျှော်စင်ဝင်ပေါက်တံခါးမှာ သံတံခါးဖြစ်ပြီး တံ‌ခါးစောင့်သည့်စစ်သည်များမရှိပေ။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now