Part 9

5.2K 518 10
                                    

ယုဒ္ဓဓနု သိင်္ခရဲ့ဇက်ကြိုးကိုအသာဖြေလျော့လိုက်သည်။သုံးရက်တိုင်တိုင်ခရီးဆက်ခဲ့ရ၍ ယုဒ္ဓဓနုတစ်ကိုယ်လုံးနွမ်း‌နယ်နေ၏။မျက်စိရှေ့တွင် မြင်နေရသောပင်လယ်ကား အဆုံးသတ်မရှိတော့သယောင် ကျယ်ပြောလှသည်။လှိုင်းဖြူဖြူလေးများမှာ ကမ်းစပ်ကို ပြေးတက်လာလိုက် ဆုတ်ပြေးသွားလိုက်ဖြင့် ကမ်းစပ်ကိုကလူကျီစယ်နေသည်။တိတ်ဆိတ်နေမှုကြောင့် လှိုင်းကလေးများ၏ခြေသံကိုပင်ကြားနေသည်။အဝေးမှ အရှိန်နှင့်ပြေးလာသည့် လှိုင်းလုံးတချို့က ကျောက်ဆောင်ကိုပြေးတိုက်ကာ အဖြူရောင်ပန်းဆုပ်များအလား ပြိုကွဲသွားသည်။ထို့နောက် နောက်တစ်ကြိမ်အင်အားစုကာ မလျှော့သောဇွဲဖြင့် ပြေးတိုက်ပြန်သည်။ကျောက်ဆောင်ကြီးကတော့ မလှုပ်မယှက်။

ပင်လယ်၏ထူးခြားသောအပြာရောင်၊ကောင်းကင်၏အပြာရောင်နှင့်ဖြူလွလွသဲသောင်။သိပ်ကိုလှပသည့် မြင်ကွင်းကြောင့် ယုဒ္ဓဓနု စိတ်ထဲ ကြည်လင်သွား၏။ပင်လယ်ပြင်ကိုဖြတ်၍ တိုက်ခတ်လာ‌သောလေထုကား ယုဒ္ဓဓနုတစ်ကိုယ်လုံးကိုလန်းဆန်းသွားစေသည်။

သုမဏိရှင် ယုဒ္ဓဓနုဘေးတွင် မြင်းချင်းယှဉ်ရပ်လာသည်။ယုဒ္ဓဓနု သုမဏိရှင်ကိုကြည့်ကာ သုမဏိရှင်သည်လည်း လှိုင်းလုံးတွေအလား ယုဒ္ဓဓနု နှလုံးသားကို ပြေးတိုက်နေကြောင်းတွေးမိသည်။ယုဒ္ဓဓနု နှလုံးသားက ကျောက်ဆောင်မဟုတ်တာ အခက်သားလား။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးခဲ့သည်။ယုဒ္ဓဓနုဘေးတွင် သုမဏိရှင် ရှိခဲ့သည်မှာ ခုနစ်နှစ်တိုင်ခဲ့ပြီ။သို့သော် သုမဏိရှင်က သူ့ကိုတစ်စုံတစ်ယောက်နှင့်ဆင်တူလွန်းတာကြောင့် ချစ်မြတ်နိုးနေသည့်အချက်က ယုဒ္ဓဓနုကိုလက်မခံနိုင်ဖြစ်စေသည်။ယုဒ္ဓဓနု မကြိုက်။သုမဏိရှင် ယုဒ္ဓဓနုကိုကြည့်လေသည့် လွမ်းမောဖွယ်မျက်ဝန်းများကို မနှစ်သက်။သူမဟုတ်သည့် တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေခြင်းမျိုး။

ယုဒ္ဓဓနု သုမဏိရှင်ကိုစကားစလိုက်သည်။

"အသင် ဒီကမ်းစပ်မှာ မြင်းစီးပြိုင်ကြလေမလား"

"ဟား ဟား အရှင့်သဘောပါ ဘယ်အချိန်ပြိုင်ကြမလဲ"

ယုဒ္ဓဓနု မြင်းဇက်ကြိုးကိုဆွဲပြီး မြင်းဝမ်းဗိုက်ကိုခြေဖြင့်တစ်ချက်ခတ်လိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now