Part 8

5.8K 573 21
                                    

မိုးကြမ်း‌ လေကြမ်းသည် စစ်မြေပြင်ကို အပြင်းအထန်မွှေနှောက်နေသည်။ယုဒ္ဓဓနု ဟာနုစစ်သူကြီးရဲ့ခေါင်းပြတ်ကို ဆံပင်မှ‌ဆုပ်ကိုင်ထားသည်။ယုဒ္ဓဓနုရဲ့ရှေ့တွင် ဟာနုစစ်သည်အများအပြားကအသက်ပျောက်နေလေပြီ။ပြင်းထန်သည့်သွေးညှီနံ့များက မိုးသက်လေထန်သည့်ကြားထဲမှပင် လေထုထဲ စိမ့်ဝင်ပျံ့နှံ့နေသည်။ယုဒ္ဓဓနု ‌ခေါင်းမော့ကာ မျက်နှာပေါ်မိုးစက်များသက်ဆင်းစေလိုက်သည်။မိုးစက်များက ယုဒ္ဓဓနုမျက်နှာပေါ်တွင် ခုန်ပေါက်နေသည်။

ယုဒ္ဓဓနု စစ်မြေပြင်‌ကိုဝှေ့ဝှိုက်ကြည့်သည်။သုမဏိရှင်က ရန်သူ့အလောင်းတွင်စိုက်ဝင်နေသည့်ဓားကို ဆွဲထုတ်လိုက်သည်။မိုးစက်များက ထိုသူ့၏ဗလာကျင်းသည့်ခန္ဓာကိုယ်ကို ရွှဲရွှဲစိုစေရင်း သန်မာသည့်ကြွက်သားများကို ဆွဲဆောင်မှုရှိစေသည်။ယုဒ္ဓဓနုနှင့်ထိုသူ  အကြည့်ချင်းဆုံသွားတော့ ထိုသူက ဖြူဖွေးသောသွားများပေါ်အောင်ပြုံးပြလေသည်။ထိုသူ၏ ပတ္တမြားရောင်တောက်သောမျက်လုံးများက မိုးသည်းထန်သောစစ်မြေပြင်အလယ်တွင် မီးတောက်အလား။ယုဒ္ဓဓနု ထိုသူ့ထံမှ အကြည့်လွှဲကာ စစ်သူကြီးမာယုနှင့်တပ်မင်း မင်းမဏိကိုကြည့်လိုက်သည်။

သူတို့ထံတွင်လည်း ဒဏ်ရာဒဏ်ချက်များမရှိ။ရန်သူ့အ‌လောင်းများပေါ်တွင်မြဲမြံစွာ ရပ်တည်နေလျက်။ဟာနုတိုင်းပြည်ကိုသိမ်းရန် တစ်ညဉ့်သာကြာလိုက်သည်။

-----

ယုဒ္ဓဓနု ကြွေသေတကောင်းကို ကိုင်ကာ ခံတွင်းထဲလောင်းသွန်ချလိုက်သည်။စူးရှပူလောင်မှုကဝမ်းဗိုက်ထဲ ရစ်ခွေစီးဆင်းသွားပြီး ယုဒ္ဓ‌ဓနု မျက်လုံးများရဲရဲနီလာသည်။

စစ်အောင်ပွဲသဘင်ထဲ လူအများက မြူးကြွသက်ဝင်နေ၏။တပ်မင်း မင်းမဏိနှင့် စစ်သူကြီးမာယုတို့ သေရည်သောက်ပြိုင်နေကြသည်။စစ်သည်တချို့ကစစ်သူကြီးနှင့်တပ်မင်းနှစ်ယောက်ဘေးမှ ခြံရံကာ သေခွက်တွေကို အပြိုင်အဆိုင်ကမ်းနေကြသည်။

ကချေသည်များကလည်း သဘင်အလယ်ရှိကျောက်ပြားအဝိုင်းပေါ်တွင် အရိုင်းဆန်စွာ ကခုန်နေရင်း ဘေးမှစစ်သည်များကို ကလူ၏ မြှူ၏သို့ ကျီစယ်လေသည်။စစ်သည်များထံမှ တဟေးဟေး ဟစ်ကြွေးသံများညံနေပြီး တေးတူရိယာသံများလည်း မြူးကြွစွာသံစုံမြည်နေသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now