Part 13

4.7K 466 10
                                    

အေးစိမ့်သောတောမြိုင်အတွင်း မြင်းခွာသံသဲ့သဲ့ လွှင့်ပျံလာသည်။ကျေးငှက်ကလေးများမှာ မြင်းခွာသံကြောင့် ကြောက်လန့်တကြားပျံပြေးသွားကြသည်။နှင်းစက်ကလေးများက သစ်ရွက်များပေါ်မှ ခုန်ဆင်းလာပြီး ယုဒ္ဓဓနုတို့ဝတ်ရုံများကို စိုရွှဲသွားစေသည်။နှင်းမြူစတို့ဖြင့် မှိုင်းညို့နေပြီး မှုန်မှိုင်းသောဝန်းကျင်ကိုဖန်တီးထားသည်။တောသစ်ခွများမှာ သစ်ပင်ကြီးများပေါ်တွင်မှီခိုလျက် ငွားငွားစွင့်စွင့် ပွင့်အာနေသည်။

ယုဒ္ဓဓနု မြင်းဇက်ကြိုးကို ခပ်တင်းတင်းဆွဲလိုက်သည်။သိင်္ခ၏ခြေလှမ်းများက တုန့်ခနဲရပ်သွားပြီး ကျန်သည့်မြင်းလေးစီးသည်လည်း ရပ်တန့်သွားသည်။ယုဒ္ဓဓနု၏ညာဘက်တွင် သုမဏိရှင် ရှိပြီး နောက်တွင်တော့ ဒီပိ၊ဒီပါညီနောင်နှင့် သျှင်မိယွန်းတို့က ကပ်လျက်လိုက်ပါ‌နေသည်။စိုစွတ်အေးမြသည့် ဆောင်းလေကြမ်းကြောင့် ယုဒ္ဓဓနု နားရွက်ဖျားလေးများကနီရဲသွားသည်။

သုမဏိရှင် ခြုံထည်တစ်ခုကိုယူ၍ ယုဒ္ဓဓနု ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။ဖြူစွတ်စွတ်သိုးမွေးထည်ဝတ်ရုံကြောင့် ယုဒ္ဓဓနု ခန္ဓာကိုယ်လေးကနွေးထွေးသွားသည်။

"အရှင် သုံးရက်ဆက်တိုက် ခရီးနှင်လာတာ ပင်ပန်းလှပါပြီ အနားယူပါတော့"

သုမဏိရှင်က ယုဒ္ဓဓနု ကိုကြည့်ပြီး ပြောသည်။သုမဏိရှင် စကားကြောင့် သျှင်မိယွန်း ပျော်သွားသည်။မုတ္တာဝလတိုင်းပြည်မှ မိဂေါနဒီတိုင်းပြည်ကို ခရီးနှင်ခဲ့သည်မှာ သုံးရက်တိုင်ခဲ့ပြီ။လျှိုမြောင်‌ တောတောင်များစွာကို ဖြတ်သန်းပြီးသည့်နောက်တွင် မိန်းမသားဖြစ်သည့်သျှင်မိယွန်း ပင်ပန်းနေပြီ။ထို့အပြင် မိဂေါနဒီနှင့်နီးကပ်လာသည်နှင့်အမျှ ရာသီဥတုက တဖြည်းဖြည်းအေးလာသည်။နွေးထွေးပူပြင်းသော မုတ္တာဝလတိုင်းပြည်နှင့်မတူဘဲ မိဂေါနဒီတိုင်းပြည်က အေးချမ်းသောရာသီဥတုရှိသည်။ထူထဲသည့်ဝတ်ရုံများကို ဝတ်ဆင်ထားရသောကြောင့် သျှင်မိယွန်း မွန်းကြပ်လှသည်။

ယုဒ္ဓဓနု ခေါင်းယမ်းရင်း မြင်းဇက်ကြိုးကိုဆွဲလိုက်သည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now