Part 7

6.1K 558 15
                                    

ဝေဠုဒီပေါတိုင်းပြည်မှ အသက်ပြည့်ပြီးသည့်ယောကျာ်းသားတွေမှန်သမျှ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရမည်ဟူသော အိမ်ရှေ့စံ၏အမိန့်ကား တိုင်းပြည်တခွင်ပျံ့နှံ့သွားပြီး ပုဏ္ဏားမျိုးနွယ်နှင့်သူဌေးသူကြွယ်မျိုးနွယ်များကြား အခြေအနေတင်းမာကုန်၏။ပုဏ္ဏားမျိုးနွယ်နှင့်သူဌေးမျိုးနွယ်များတွေ့ဆုံကြကာ အိမ်ရှေ့စံရဲ့အမိန့်ကိုရုတ်သိမ်းရန် ဘုရင်မင်းမြတ်အား ဖိအားပေးလာကြသည်။ဝေဠုဒီပေါတိုင်းပြည်တစ်ခုလုံး အိမ်ရှေ့စံ၏အင်အားတစ်ဖက် ပုဏ္ဏားမျိုးနွယ်များ၏အင်အားတစ်ဖက်ဖြင့် ဆူပူအုံကြွလာ၏။

ဝေဠုဒီပေါနန်းတွင်း နံနက်ခင်းညီလာခံ၏ လေထုကား ယခင်နေ့များနည်းတူတင်းမာနေသည်။အိမ်ရှေ့စံငယ်လေးရဲ့အမိန့်ကို ပုဏ္ဏားများ အမတ်များကဆန့်ကျင်ကြသည်။

"အရှင်မင်းကြီး မင်းသားငယ်ဟာ ငယ်ရွယ်လွန်းပြီး စစ်မက်ကို ရူးသွပ်လွန်းအားကြီးပါတယ် အိမ်ရှေ့စံဆယ်နှစ်အရွယ်ထဲက ယခုဆယ့်သုံးနှစ်အတွင်း စစ်သည်အင်အားစုစည်းနေတာက သိန်းချီနေပါပြီ ဒါကို ယခုလိုအမိန့်ထုတ်လိုက်တာက ပြည်သူတွေကြား ဆူပူအုံကြွမှုကိုဖြစ်စေနိုင်ပါတယ်"

ပုဏ္ဏားကြီးအသံကဟိန်းထွက်နေ၏။ဝေဠုဒီပေါဘုရင် ခေါင်းကိုက်လာမိသည်။

"ပုဏ္ဏားကြီး‌ လျှောက်တင်တာမှန်ပါတယ် သို့ပေမယ့် သားတော်ရဲ့သဘောထားကိုစောင့်ကြည့်ပါလေ သားတော်က သိပ်ကိုဉာဏ်အမျှော်အမြင်ကြီးတဲ့သူပါ"

"အရှင်မင်းကြီး အိမ်ရှေ့စံက စစ်နက္ခတ်နဲ့ယှဉ်ပြီး မွေးဖွားလာတာပါ အိမ်ရှေ့စံကဝေဠုဒီပေါတိုင်းပြည်ကို စစ်မီးလောင်ကျွမ်းစေမှာကို ယခုလုပ်ရက်တွေကသက်သေပြနေတာပဲမဟုတ်ပါလား သေချာစဉ်းစားဆုံးဖြတ်ပြီး အိမ်ရှေ့စံရဲ့အမိန့်ကိုတားမြစ်တော်မူပါ အရှင်မင်းကြီး"

သက်တော်ရှည်အမတ်ကြီးက ဆိုလာသည်။သက်တော်ရှည်အမတ်ကြီးထံတွင် ဆယ့်ငါးနှစ်ပြည့်ပြီဖြစ်သော မြေးလေး ဂါဝဏ္ဏရှိရာ အိမ်ရှေ့စံအမိန့်အရ စစ်ထဲဝင်ရမည်ကို လက်မခံနိုင်ပေ။အိမ်ရှေ့စံအမိန့်ထုတ်သည့်နေ့မှစ၍ ဝေဠုဒီပေါတိုင်းပြည်ရှိ သူဌေးသူကြွယ်များက အမတ်ကြီးများကိုလာရောက်တွေ့ဆုံပြီး သားများအား စစ်တပ်ထဲမပို့ရအရေးကြိုးပမ်းကြသည်။

အချစ်နှင့်ကိန္နရာ( Completed)Where stories live. Discover now