Part 19 (Unicode)

13.6K 868 68
                                    

လေပြင်းတို့ဟာ ဆံနွယ်လေးတွေ တလွင့်လွင့်ဖြစ်နေလောက်အောင်ထိ တိုက်ခတ်လို့နေသည်။ သစ်ရွက်ခြောက်ကလေးတွေဟာလည်း လေရဲ့ခေါ်ဆောင်ရာနောက် မညီးမငြူလိုက်ပါလျက်။ ရထားဘူတာတစ်ခုလုံးဟာလည်း လူသူကင်းမဲ့လို့
ခြောက်ကပ်လွန်းနေသည်။ ဒီနေရာမှာ ငါ ဘာကြောင့် ရပ်နေရသလဲ ဆိုတဲ့အတွေးက ဒေါ်ယုယသွေးကို ခေါင်းရှုပ်စေပါသည်။ ခရီးသွားရန်ရပ်စောင့်နေပါသည်ဟု တွေးလောက်အောင်လည်း
အထုတ်ကလေးရယ်လို့ တစ်ခုမှမပါ။ အဝတ်အစားကလည်း ညအိပ်ဝတ်စုံဖြင့်သာ။
ကိုယ့်ကိုကိုယ်ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး ဝေဖန်နေသည်။ ထိုစဥ်အတွေးထဲဝင်လာသည်က ယုယသွေးရဲ့ သခင်။ ဒေါ်ယုယသွေးရဲ့ အချစ်တွေကို ပိုင်စိုးထားတဲ့ သခင်။

"ရိုးရယ်...ရိုး...ဘယ်ရောက်နေတာလဲ"

လိုက်ခေါ်မိပါသည်။ အသံဟာ ရထားဘူတာရဲ့ တစ်ဖက်က တောင်ပေါ်ရိုက်ခတ်ကာ ပဲ့တင်ထပ်လို့နေသည်။တိုက်ခတ်သွားသော လေအေးတစ်ချက်ကြောင့် ကျောစိမ့်သွားရပြန်သည်။

"ရိုး....ရိုးရှင်းသွယ်ရယ်....
ဘယ်ရောက်နေတာလဲ
အန်တီ့ကိုမစနဲ့နော်
ထွက်လာခဲ့တော့ အန်တီကြောက်နေပြီ"

ဒုတိယအကြိမ် လှမ်းအော်မိပြန်တော့လည်း
ကိုယ့်အသံကိုသာ ကိုယ်ပြန်ကြားရသည်။ ပတ်ဝန်းကျင်ရဲ့တုံ့ပြန်သံတို့က ထွက်မလာ။
တစ်ယောက်တည်းဖြစ်နေတဲ့ပတ်ဝန်းကျင်မှာ
တုန်လှုပ်ချောက်ခြားမှုက အစပျိုးလို့လာသည်။
ရိုးကရော ဘယ်ပျောက်နေတာပါလိမ့်။ ဘေးနားမှာပဲ အမြဲတစေရှိနေတတ်တဲ့ ထိုကလေးအားလည်း စိတ်ပူလာရပြန်သည်။ 

ပြန်လှည့်ရမယ်။ ဒီနေရာကို ဘာကြောင့် ရောက်နေလဲဆိုတာ မသိပေမယ့် အိမ်ကိုပြန်သွားရမယ်။ ရိုးရှိတဲ့ အိမ်လေးကိုပြန်သွားရမယ်ဆိုတဲ့ အသိစိတ်ဝင်လာတော့ ဒေါ်ယုယသွေးရဲ့ ခြေလှမ်းတို့ကို လှည့်ဖို့ ကြံရွယ်လိုက်သည်။
မျက်စိထဲ ရိပ်ခနဲမြင်လိုက်ရတဲ့ တစ်ခုတစ်ရာကြောင့် လှည့်မလို့လုပ်တဲ့ခြေလှမ်းတို့ဟာ မူလနေရာဘက်သို့သာ ပြန်ရောက်လာသည်။ မလှမ်းမကမ်းက ဝိုးတိုးဝါးတားလေးမြင်ရတဲ့
မြင်ကွင်းတစ်ခုဆီကို အကြည့်က ဦးတည်သွားသည်။ ဒီနေရာမှာ ငါတစ်ယောက်တည်းမဟုတ်ပါလား။ တစ်ခြားသူတွေလည်း ရှိပါလား ဆိုတဲ့ အတွေးနဲ့အတူ လှိုက်ခနဲ ဝမ်းသာလာပြီး ခြေလှမ်းတို့ဟာ ရှေ့မှ မြင်ကွင်းဆီသို့ လျှောက်လှမ်းလို့နေသည်။ ခြေလှမ်းတို့ နီးလာလေလေ
ရှေ့မှမြင်ကွင်းဟာ ပိုပြီး ပီပြင်လာလေလေပါပဲ။

ဇနီးမယား(on going)Where stories live. Discover now